Friday, 15 July 2011
မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက ဂျာနယ်နှင့် မဂ္ဂဇင်းအမျိုးအစား တချို့ စိစစ်ရေး ကြိုတင်စရာ မလိုဘဲ ထုတ်ဝေခွင့် ပေးကာ မူဝါဒ ဖြေလျှော့ပြီးနောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သော သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ စာအုပ်များကိုလည်း ပြန်လည် ထုတ်ဝေနိုင်ရန် ထုတ်ဝေသူတချို့က ကြိုးပမ်း ခဲ့ကြသည်။ ဦးဝင်းတင် ရေးသားခဲ့သော ကွိ၊ ဥတ္တရအလင်း၊ ကမ္ဘာနီတွင် တဒင်္ဂ၊ အလှရှာပုံတော်၊ ခြေမှာ စကား လက်ဖျား ကဗျာ မျက်နှာ ဇာတ်လမ်းနှင့် စနေစာပေဝိုင်း စာတမ်းများကို ပြန်လည် ထုတ်ဝေခွင့် ရထားသည်။ ၁၉၅၀ ဝန်းကျင်မှစ၍ စာနယ်ဇင်းလောကသို့ ဝင်ရောက်ခဲ့သော ဦးဝင်းတင်သည် မောင်ဝန်ဇင်း၊ ပေါ်သစ်၊ ပြည်စိုး၊ ဝင်းထင်၊ ပုည၊ ဝင်းဆွေ၊ သုတေသီ၊ အယ်ဒီတာတဦး ဟူ၍ ကလောင်ခွဲများဖြင့် စာပေများ ရေးသားခဲ့သည်။
၁၉၇၈ တွင် ဦးဝင်းတင် ဦးဆောင်သော စနေစာပေဝိုင်းက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို ဝေဖန်သောကြောင့် ဟံသာဝတီ သတင်းစာတိုက် အပိတ်ခံရပြီး ဦးဝင်းတင်လည်း အယ်ဒီတာချုပ် ရာထူးမှ ဖယ်ရှား ခံရသည်။ ၂၀၀၈ ခုနှစ် စက်တင်ဘာတွင် ထောင်မှ လွှတ်ပေးပြီးနောက် “ဘာလဲဟဲ့ လူ့ငရဲ” စာအုပ်ကို နောက်ဆုံး ရေးသား ထုတ်ဝေ ထားသည်။ ပြန်လည် ထုတ်ဝေမည့် စာအုပ်များနှင့် ပတ်သက်၍ ဦးဝင်းတင်၏ သဘောထား၊ စာပေစိစစ်ရေးနှင့် လက်ရှိ ထုတ်ဝေခွင့် ရမှုအပေါ် အမြင်၊ လွန်ခဲ့သော ဆယ်စုနှစ်များက ထုတ်ဝေခဲ့သည့် စာအုပ်များ ဆန်းသစ်မှုနှင့် ယနေ့ခေတ် လူငယ် စသည်တို့ကို ဧရာဝတီ သတင်းထောက် ခက်ထန်က ဦးဝင်းတင်နှင့် ဆက်သွယ် မေးမြန်း ထားပါသည်။
မေး ။ ။ ဆရာကြီးရေးခဲ့တဲ့ စာအုပ်တွေ ပြန်ထုတ်မယ်လို့ သိရပါတယ်။ ဘယ်စာအုပ်တွေ ပြန်ထုတ်ဖြစ်မယ်ဆိုတာ သိပြီလားခင်ဗျ။ ထုတ်ဝေသူတွေကရော။
ဖြေ ။ ။ သိပါတယ်။ ကျနော်လည်း စာအုပ် များများ မရေးဖူးပါဘူး။ ရေးဖူးသလောက်ပေါ့ဗျာ၊ “ကမ္ဘာနီတွင် တဒင်္ဂ” တို့၊ “အလှရှာပုံတော်” တို့၊ “ကွိ” တို့၊ “ဥတ္တရအလင်း” တို့ အဲလိုစာအုပ်တွေပေါ့ဗျာ။ ထုတ်ဝေသူတွေက ပုဂံတို့၊ နေရီရီတို့ ပါပဲ။
မေး ။ ။ ဆရာကြီးရဲ့ မြန်မာဇာတ်သဘင် ဥရောပခရီးစာအုပ်ဖြစ်တဲ့ “ခြေတွင် စကား၊ လက်ဖျား ကဗျာ၊ မျက်နှာ ဇာတ်လမ်း” ရော ပြန်ထုတ်မယ့်အထဲ ပါမလား။
ဖြေ ။ ။ အဲဒါလည်း ပြန်ထုတ်မယ်ဗျ။
မေး။ ။ စာအုပ်တွေ ပြန်ထုတ်မယ်ဆိုတော့ စာပေစိစစ်ရေးကို တင်ရမယ်လို့ ထင်ပါတယ်။
ဖြေ ။ ။ ဟုတ်ကဲ့ တင်ရမယ်လို့ ထင်ပါတယ်။ သူတို့ ထုတ်ဝေသူတွေ လုပ်ကြတာပဲဗျ။ ကျနော်တော့ ဘာမှ မလုပ်ဘူး။ ကလေးတွေက လာပြီးတော့ ဒီစာအုပ်တွေ ထုတ်ချင်တယ်ပြောတယ်၊ အဲဒီတော့ ထုတ်ပေါ့လို့၊ ကျနော်ကတော့ စာရေးတဲ့လူပေါ့ဗျာ၊ လူဟောင်းအနေနဲ့ ထုတ်လည်း ကောင်းတာပေါ့ဗျာ။ ကျနော် နှစ်ပေါင်း ၅၀ လောက်က ရေးထားတဲ့ ဟာတွေကို ပြန်ထုတ်ချင်တယ် ဆိုတော့ ကျနော်ကတော့ ဝမ်းသာတယ် ခေါ်ရမှာပေါ့။ ဒီစာအုပ်တွေက မဟုတ်ရင် ပျောက်ပြယ်သွားတော့မှာ။ ထုတ်တဲ့လူရှိတော့ ဖတ်တယ်လူ ရှိတယ်ပေါ့ဗျာ။
မေး ။ ။ စာအုပ်တွေ ပြန်ထုတ်မယ်ဆိုတော့ ပြန်တည်းဖြတ်ချင်တာများ ရှိသလား၊ ဒီအတိုင်းပဲ ပြန်ထုတ်ချင်သလားခင်ဗျ။
ဖြေ ။ ။ ကျနော်တော့ ဘာမှ မလုပ်တော့ဘူးဗျ။ တည်းဖြတ်တာတွေ ဘာတွေ မလုပ်တော့ဘူး။ ကလေးတွေကိုပဲ ပေးလိုက်တာပဲဗျ။ ကလေးတွေကပဲ သူတို့ဟာသူတို့ စီစဉ်ပြီး ထုတ်မှာပေါ့။ ကျနော်တော့ တည်းဖြတ်တာတွေ မလုပ်တော့ပါဘူး။
မေး ။ ။ အကယ်၍ စာပေစိစစ်ရေးက ဖြတ်တောက်ခိုင်းတယ်ဆိုရင်ရော ဆရာကြီးအနေနဲ့ ထုတ်ဝေသူတွေကို ဘယ်လို ပြောချင်တာ ရှိလဲ။
ဖြေ ။ ။ ဖြတ်တောက်ခိုင်းတာတော့ သိပ်တော့ လုပ်လိမ့်မယ် မထင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒါ အဟောင်းတွေကိုး။ အဟောင်းတွေဆိုတော့ ဖြတ်တောက်တာ လုပ်လိမ့်မယ်လို့ ကျနော်တော့ သိပ်မထင်ဘူး။
မေး ။ ။ တချို့စာအုပ်တွေဆို ဒီခေတ်လူငယ်တွေ မမွေးခင်တုန်းက စာအုပ်တွေပေါ့။ ဒီစာအုပ်တွေကို ပြန်ထုတ်မယ်ဆိုတော့ လူငယ်တွေ စိတ်ဝင်စားနိုင်မယ်၊ ဒီစာအုပ်တွေထဲကနေ လူငယ်တွေကို ပေးချင်တဲ့ မက်ဆေ့ခ်ျတွေ ရှိတယ်လို့ ထင်သလားခင်ဗျ။
ဖြေ ။ ။ ကျနော်ကတော့ လူငယ်တွေ စိတ်ဝင်စားခြင်း မဝင်စားခြင်း ဆိုတာထက် လူငယ်တွေ ဖတ်ဖြစ်သွားစေချင်တာပေါ့။
မေး ။ ။ လူငယ်တွေ အသိများနေတာက “ကွိ” ပေါ့။ ဂျာနယ်လစ် ဖြစ်ချင်တဲ့ လူငယ်တွေလည်း ရှာဖတ်ကြတယ်။ အခုဒီစာအုပ်ကို ပြန်ထုတ်ပြီလို့ သိရတယ်။ မျိုးဆက်သစ် ဂျာနယ်လစ်တွေကို “ကွိ” နဲ့ ပတ်သက်လို့ ဘာပြောချင်တာ ရှိပါသလဲ။
ဖြေ ။ ။ “ကွိ” နဲ့ ပတ်သက်လို့ ပြောချင်တာက ဒီလိုဗျ၊ အမှန်အတိုင်း ပြောရရင် “ကွိ” နဲ့ ပတ်သက်လို့ ချီးကျူးပြီးတော့ မပြောချင်ပါဘူး။ “ကွိ” က ဟိုတုန်းကတော့ ၂ ကြိမ်ထုတ်ခဲ့ဖူးတယ်ပေါ့ဗျာ။ ဂျာနယ်ကျော် မမလေးကလည်း အကောင်းရေးထားတဲ့ စာအုပ်ပေါ့။ ဒီစာအုပ်နဲ့ ပတ်သက်လို့ သိပ်အများ ပြောစရာရှိလှမယ်တော့ မထင်ပါဘူး။ သို့သော် ဒီစာအုပ်က နှစ်ကြိမ်လောက် ထွက်ထားတဲ့ အထဲမှာ လူတွေလည်း တော်တော်ဖတ်ဖူးကြတယ်။ အခုထုတ်မယ့် စာအုပ်တိုက်ကလည်း ပုဂံတိုက်ဆိုတော့ ကောင်းကောင်းမွန်မွန် ထွက်လာပါမယ်။
မေး ။ ။ ဆရာကြီးရေးထားတဲ့ ဆောင်းပါးတွေလည်း ရှိသေးတယ်။ “ပေါ်သစ်” ကလောင်အမည်နဲ့လည်း ရေးထားတာတွေ ရှိတယ်၊ အဲဒီဆောင်းပါးတွေ စုပြီး ပြန်ထုတ်ဖို့ ရှိလား။
ဖြေ ။ ။ လိုက်စုပြီးတော့ ထုတ်ဖို့ လုပ်နေတယ်။ ဆိုပါတော့ … ခရီးသွားစာပေလို ဟာမျိုးကို ကဗျာဆရာ နီလုံဦးက ထုတ်လိမ့်မယ်။ နောက်တခါ ကျနော့်ရဲ့ တချို့ဆောင်းပါးတွေကို စုပေါင်းပြီး ထုတ်ဖို့ပဲ နီလုံဦးက လုပ်နေတယ်။
မေး ။ ။ အသက်အရွယ်နဲ့ ကျန်းမာရေးအရ စာတွေ ဆက်ရေးဖို့ စိတ်ကူးရှိသေးလား။
ဖြေ ။ ။ ကျနော်ကတော့ စာရေးနိုင်ရင်တော့ ရေးချင်တယ်ဗျ။ သို့သော် ကျန်းမာရေးအခြေအနေက သိပ်မပေးတော့ဘူး။ ခုတောင် ခပ်ယိုင်ယိုင်ပဲ၊ အိပ်ယာထဲ လှဲနေရတဲ့ အနေအထား ရောက်နေပြီ။ ကျန်းမာရေး မကောင်းလို့ ပါတီက ခွင့်ယူပြီးနေတာကို ၂ လလောက် ရှိသွားပြီ။
မေး ။ ။ စာပေစိစစ်ရေး မူဝါဒနဲ့ ပတ်သက်လို့ အစိုးရက မူဝါဒ နည်းနည်းဖြေလျှော့ပြီး သတင်းဂျာနယ်တွေက လွဲရင် ကျန်စာစောင်တွေကို စိစစ်ရေးတင်စရာမလိုဘဲ ထုတ်ပြီးမှ တင်ပြတဲ့ (ထုတ်တင်) စနစ်ကို လုပ်ခဲ့တယ်။ အဲဒီအပေါ်ရော ဘယ်လို မြင်ပါသလဲ။
ဖြေ ။ ။ ကျနော့်အမြင်ကတော့ ထုတ်တင်တွေ၊ တင်ထုတ်တွေ လုပ်နေမယ့်အစား စာပေစိစစ်ရေး ဖျက်သိမ်းပစ်လိုက်တာ အကောင်းဆုံးပဲလို့ ထင်တယ်။ ဘာလို့လဲဆိုတော့ ဒီမိုကရေစီလိုလားတဲ့ ကျနော်တို့ဘက်က ကြည့်ရင် စာပေစိစစ်ရေးဆိုတာ ဖျက်သိမ်းပစ်တာ အကောင်းဆုံးပဲလို့ ထင်တယ်။ ဒီမိုကရေစီ အစိုးရလို့ ပြောချင်ရင် သူတို့လည်း စာပေစိစစ်ရေးလိုဟာမျိုးကို ဖျက်သိမ်းပစ်ဖို့ ကောင်းတယ်လို့ အဲလိုပဲ ကျနော် ပြောချင်ပါတယ်။
မေး ။ ။ ၁၉၇၇-၇၈ လောက်တုန်းက ဆရာကြီးတို့ မန္တလေးမှာ ဟံသာဝတီ စနေ စာပေဝိုင်းတွေ လုပ်ခဲ့တယ်။ စာတမ်းတွေ ဖတ်တယ်၊ ထုတ်ဝေတယ်။ အဲဒီမှာရော ဆရာကြီး ဖတ်ဖြစ်တဲ့ စာတမ်းတွေ ရှိပါသေးသလား။
ဖြေ ။ ။ ခရီးသွားစာတမ်းဆိုပြီးတော့ စာတမ်းတစောင် ပါပါတယ်။ အဲဒါကို ပြန်ထုတ်ဖို့ လုပ်နေပါတယ်။
မေး ။ ။ ၁၉၇၈ မှာ စနေ စာပေဝိုင်းကနေ မဆလကို ဝေဖန်တဲ့ စာတမ်းဖတ်ကြလို့ ဆရာကြီးလည်း ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ်ကနေ အလုပ်ပြုတ်ခဲ့တယ်နော်။ အဲဒီတုန်းက ဖတ်တဲ့ စာတမ်းအကြောင်း ပြောပါဦး။
ဖြေ ။ ။ ဒီလိုဗျ။ ကျနော် ပြုတ်သွားတဲ့ ကိစ္စက ဒီလို။ သိန်းဖေမြင့်က အဲဒီအချိန်မှာ သေတယ်ဗျာ။ သိန်းဖေမြင့်သေတော့ ကျနော်က သဘာပတိ လုပ်ပြီးတော့ သိန်းဖေမြင့်-သတင်းစာဆရာ ဆိုတာကို သဘာပတိအနေနဲ့ စာတမ်း ဖတ်တယ်ပေါ့ဗျာ။ နောက်ပြီးတော့ သခင်ကျော်စိန်က သိန်းဖေမြင့်-နိုင်ငံရေးသမား ဆိုပြီးတော့ စာတမ်းဖတ်တယ်။ နောက်တယောက်က သိန်းဖေမြင့်-စာရေးဆရာဆိုပြီး စာတမ်းဖတ်တယ်။ အဲဒီစာတမ်း ၃ စောင်က ရှာတော့ရှာတုန်းပဲဗျ။ လိုက်ရှာနေတယ်။ အခုထိတော့ မတွေ့သေးဘူး ဖြစ်နေတယ်။ ဒီစာတမ်းလည်း ကျနော်က ထုတ်ချင်တယ်လေ။
မေး ။ ။ စာအုပ်တွေ ပြန်ထုတ်မယ်၊ စာပေစိစစ်ရေးကလည်း ခွင့်ပြုတယ်ဆိုတော့ စာနယ်ဇင်း အလားအလာကို ဘယ်လို မြင်သလဲခင်ဗျ။
ဖြေ ။ ။ ကျနော်တို့လည်း လူကြီးတွေ၊ အဖိုးကြီးတွေ ဖြစ်နေပြီပေါ့ဗျာ။ ကျနော်တို့ စာတမ်းတွေကလည်း ပြောသာပြောတယ်၊ သိပ်ပြီး ထက်ထက်မြက်မြက်ကြီး မဟုတ်ပါဘူး။ ရေးကြသားကြ လုပ်ကြကိုင်ကြ အဲဒီခေတ်တုန်းက လုပ်တာပါပဲ။ သူတို့ကလည်း အဲဒါတွေကို တွက်မိပုံရပါတယ်။ ကျနော်တို့ပြောတဲ့ စာတမ်းတွေထဲမှာ သိပ်ပြီး ထူးထူးခြားခြားလည်း မရှိလှဘူးလို့ သူတို့ကတွက်လို့ပဲ ဖြစ်မှာပါ။ သူတို့လုပ်တာ လွန်ကဲတာ တခုက သူတို့က လူအနေနဲ့ လုပ်တာမဟုတ်ဘူး၊ နာမည်အနေနဲ့ လုပ်ပြီးတော့ အကုန်လုံး ဖြတ်တောက်ပြီးတော့ ပိတ်ဆို့လုပ်တာ။ ဒါပါပဲ။
မေး ။ ။ ကဗျာဆရာကြီး ဦးတင်မိုးဆိုရင်လည်း သူကွယ်လွန်မှ သူ့စာတွေ ပြည်တွင်းမှာ ပြန်ဖော်ပြခွင့်ရတယ်။ ဒီလိုအပေါ်ကိုရော အပြုသဘော မြင်ပါသလား။
ဖြေ ။ ။ မြင်ပါတယ်။ ကိုတင်ကိုမိုးကိုလည်း ခုန ကျနော် ပြောခဲ့သလိုပဲ နာမည်နဲ့ ပိတ်တာပါပဲ။ ကိုတင်မိုး ရေးတာမှာလည်း ထူးခြားတဲ့ အချက်တွေ ပါတယ်၊ ထူးခြားတဲ့ ကဗျာတွေ ပါတယ်။ ဒါပေမယ့် သူ့တို့ကို သိပ်ပြီးတော့ ထိခိုက်တယ်လို့ မထင်တဲ့ဟာမျိုးကို ခွင့်ပြုလိုက်တာပါပဲ။ သူတို့ကို ထိခိုက်တဲ့ စာမျိုးကျတော့ မလွှတ်နိုင်ဘူး ထင်ပါတယ်။
မေး ။ ။ စာအုပ်တွေက ထုတ်ခဲ့တာ ကြာပြီ၊ ဆယ်စုနှစ် ချီနေပြီ၊ ဆိုတော့ ဒီအတောအတွင်းမှာ ကိုယ့်စာအုပ်တွေ ကိုယ်ပြန်ဖတ်ဖြစ်သေးပါသလား။
ဖြေ ။ ။ မဖတ်ဖြစ်ဘူးဗျ။ ထောင်ထဲမှာ နေတုန်းမှာ လုံးဝ ပိတ်ထားတာဆိုတော့ မဖတ်ဖြစ်ဘူး။ အခုလည်း ကျနော်က ကျနော့်စာအုပ်တွေကို ထုတ်မယ်ဆိုပြီးတော့ လူတွေက အူယားဖားလျားနဲ့ လာပြီးတော့ ပြောဆိုနေတာကိုး။ ကျနော့်အနေနဲ့ ထူးထူးခြားခြား မဖတ်ဖြစ်ဘူး။ အဲဒီစာအုပ် ထုတ်ချင်တယ်ဆို ရှာလာရင် လက်မှတ်ထိုးပေးလိုက်တာပါပဲ။ အခုနှစ်ပေါင်းအတော် ကြာပြီးတဲ့ အခါကျမှပဲ ကျနော့်စာအုပ်တွေကို ကျနော် ပြန်ပြီးဖတ်ရတော့မှာပဲလို့ ကျနော် ထင်တယ်ခင်ဗျ။
မေး ။ ။ နောက်ဆုံးအနေနဲ့ မေးချင်တာကတော့ အရင်က ပေါ်သစ်၊ မောင်ဝန်ဇင်း၊ ပုည၊ ဝင်းဆွေ ကလောင်အမည်တွေနဲ့ ရေးခဲ့တာတွေကိုလည်း အရင်ကလောင်အတိုင်း ပြန်ထုတ်ဖြစ်မလား၊ ဦးဝင်းတင် အမည်နဲ့ ပြောင်းထုတ်ဖြစ်မလား။
ဖြေ ။ ။ အရင်အတိုင်းပဲ ထုတ်မှာပါ။ နာမည် မပြောင်းပါဘူးခင်ဗျ။
Ref: ဧရာဝတီ်
Friday, July 29, 2011
ဆရာကြီး ဦးဝင်းတင်နှင့် စာပေရေးရာ ခဏတဖြုတ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment