July 26, 2011
နေသွင်
မြန်မာဒီမိုက ရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ တွေ့ဆုံမှုနဲ့ပတ်သက်လို့ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေက မျှော်လင့်ချက်နဲ့ အကောင်းမြင်တာတွေရော၊ သတိနဲ့စောင့်ကြည့်တာတွေရော ရှိနေပါတယ်။
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရကိုယ်စားလှယ် ဦးအောင်ကြည်တို့ရဲ့ တွေ့ဆုံမှုဟာ နောက်ပြန် ဆုတ်လို့ မရတော့တဲ့ အခြေအနေဖြစ်ပြီး အစိုးရဘက်က အရင်လို ဖိအားတွေရှောင်ဖို့ ဟန်ပြသဘောမျိုးလုပ်ဖို့ မဖြစ်နိုင်တော့ဘူးလို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီရဲ့ ခေါင်းဆောင် ဦးခင်မောင်ဆွေက အခုလိုပြောပါတယ်။
“အခုဟာက နှစ်ဖက်စလုံးကတော့ တိုင်းပြည်နဲ့ လူမျိုးအတွက် အကျိုးရှိမယ့် ဟာတွေအတွက်ကို လမ်းဖွင့်ထားတယ်။ ဆက်ဆောင်ရွက်မယ်။ ပူးပေါင်းဆောင်ရွက်ရေး လမ်းကြောင်းကို သွားမယ်ဆိုပြီး အတိအလင်းပြောဆိုတဲ့တော့ ဒီကိစ္စက နောက် ပြန်ဆုတ်လို့ မရတော့ဘူး။ နောက်ပြန်ဆုတ်ရင်လည်း ထောက်ပြစရာ အကြောင်းရှိတယ်။ လွှတ်တော်ထဲမှာ ကျနော်တို့ ပါတီ ထဲကလည်း မေးမှာပေါ့။ တိုင်းပြည်နဲ့လူမျိုးအတွက်ကို ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့တဲ့အခါမှာ ပထမဦးစွာ တွေ့ခဲ့တယ်။ ဒုတိယအကြိမ် ဆက်တွေ့တဲ့အခါမှာ ဒီလောက်ပဲ ရှေ့ဆက်မတိုးနိုင်ဘူးဆိုရင် အစိုးရဘက်က ဘာကြောင့် မတိုးရတာလဲ၊ ဘယ်အခြေခံတွေကြောင့် မတိုးသလဲ။ တိုင်းပြည်နဲ့လူမျိုး အကျိုးကို မဆောင်ရွက်ချင်ဘူးလား။ ဆောင်ရွက်ချင်တာလား။ သိလို ပါတယ်လို့ ကျနော်တို့ မေးရမှာပေါ့။ ကျနော်တို့ ပါးစပ်ပေါက်တွေ တိုးလာပြီလေ။ လွှတ်တော်ထဲမှာ အားလုံးရှိနေတဲ့ ပါးစပ်ပေါက်တွေ တိုးလာသလို၊ နိုင်ငံရေးပါတီတွေလည်း ရှိလာပြီဆိုတော့ ဒီကိစ္စကြီးကို ရပ်ထားပြီး ဟန်ပြလောက် ဖိအားတွေများလာလို့ ထိန်းထားတယ်ဆိုရင်တော့ လုပ်တဲ့လူတွေ မှားမှာပဲ။ ပြည်သူလူထုရဲ့ ဆန္ဒက ပါလာပြီ။ ဟိုတုန်းက ပြည်သူလူထုရဲ့ ဆန္ဒမပါဘူးလေ။ တဗိုလ်တမင်း အုပ်ချုပ်တဲ့ခေတ်။ ခေတ်ချင်းက ကွာသွားပြီ။”
အမျိုးသား ဒီမိုကရေစီအင်အားစုပါတီရဲ့ ပါတီရဲ့ ဥက္ကဋ္ဌ ဒေါက်တာ သန်းငြိမ်းကလည်း တွေ့ဆုံးဆွေးနွေးရေးကနေ ရှေ့မှာ အလားအလာ ကောင်းတွေဖြစ်လာမယ်လို့ မျှော်လင့်နေပါတယ်။
“တွေ့ ဆုံတယ်ဆိုတာလည်း ကောင်းပါတယ်။ နောက်ပြီးတော့ တွေ့ဆုံပြီးတော့ သူတို့ နှစ်ယောက်လုံးပြောတဲ့ စကားမှာလည်း အလားအလာ သိပ်မဆိုးပါဘူး။ ရှေ့မှာ အလားအလာ ကောင်းလာတဲ့ သဘောမျိုး မြင်လာရတယ်လေ။ ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသားပြန်လည်သင့်မြတ်ရေး အခြေခံနဲ့ ကြည့်မယ်ဆိုရင်တော့ ဒီလိုပြောတာဆိုတာ ကျနော်တို့က ကြိုဆိုရမှာပေါ့။ အားပေးရမှာ
ပေါ့။”
မနေ့တုန်းက တနာရီကျော်ကြာတွေ့ဆုံမှုနဲ့ပတ်သက်လို့ ဆွေးနွေးပွဲအပြီး ပူးတွဲကြေညာချက်မှာ တရားဥပဒေ စိုးမိုးရေး၊ စိတ်ဝမ်း ကွဲပြားမူ ပပျောက်ရေး၊ အများပြည်သူ အကျိုးဖြစ်ထွန်းရေးအတွက် ဆွေးနွေးခဲ့ကြပြီး နှစ်ဖက်စလုံးက ကျေနပ်မှုရှိကြတယ်လို့ ဆိုထားပါတယ်။
ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေကတော့ ဆွေးနွေးတဲ့ အကြောင်းအရာတွေကိုကြည့်ပြီး အကောင်းဘက်ကို ဦးတည်သွားမယ်လို့ မျှော်လင့်ထားနေပါတယ်။
“နံပါတ်တစ်က တော့ တွေ့တာကောင်းတာပေါ့။ နောက်ပြီး ကြားရတဲ့သတင်းကတော့ သူတို့ဆွေးနွေးတဲ့ ခေါင်းစဉ်သုံးရပ်ပေါ့။
အဲဒီခေါင်းစဉ်တွေကလည်း အင်မတန်ကောင်းတဲ့ ခေါင်းစဉ်တွေပါပဲ။ ဒါပေမယ့် ဘယ်လောက်ထိအောင် ပြေပြေလည်လည်
ဆွေးနွေးသွားနိုင်သလဲ ဆိုတာတော့ ကျနော်တို့လည်း မသိသေးဘူးပေါ့။ အဲဒီခေါင်းစဉ်တွေအရ နှစ်ဖက် နားလည်မှုရသွားပြီး
ပြေပြေလည်လည် ဖြစ်သွားမယ်ဆိုရင်တော့ အင်မတန်ကောင်းတာပေါ့။”
ရခိုင်တိုင်း ရင်းသားများ တိုးတက်ရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစောသန်းမြင့် ကတော့ ဆွေးနွေးပွဲမှာ ကောင်းတဲ့ လက္ခဏာ လို့ ပြောပါတယ်။
“မနေ့ကတော့ ကောင်းတဲ့လက္ခဏာလို့ သုံးသပ်တယ်။ အရင်အစိုးရ လက်ထက်တုန်းက တွေ့ခဲ့တဲ့ အချိန်တုန်းကတော့ အဆင်မပြေဘူးလို့ ကြားတယ်။ မနေ့ကတော့ ပူးတွဲသတင်းထုတ်ပြန် ကြေညာတယ်။ ပြည်တွင်းပြည်ပ သတင်းထောက်တွေလည်း တွေ့ရ တယ်ဆိုတော့ ကောင်းတဲ့လက္ခဏာလို့ စပြီးတော့ မြင်လာတာပါ။”
တချိန်တည်း မှာ မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းဆီးထားတာ၊ တိုင်းရင်းသားဒေသမှာ လောလောဆယ် အစိုးရက စစ်ပွဲတွေကို ဆင်နွှဲနေတာတွေကို ထောက်ပြပြီး၊ ဦးသိန်းစိန် အစိုးရမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး လိုလားတဲ့ နိုင်ငံရေးဆန္ဒရှိပါ့မလားဆိုတဲ့အပေါ် သံသယနဲ့ စောင့်ကြည့် နေတာတွေလည်း ရှိနေပါတယ်။
ရခိုင်တိုင်း ရင်းသားများတိုးတက်ရေးပါတီရဲ့ ဒုဥက္ကဋ္ဌ ဦးအုန်းတင်က ဆွေးနွေးပွဲအပေါ် အကောင်းမြင်သလို၊ တဘက်မှာလည်း ချိန်ဆရမှာတွေရှိနေတယ်လို့ ဆိုပါတယ်။
“ကျနော်တို့ က နည်းနည်းချိန်ဆနေတဲ့ သဘောထားလေးတွေ ရှိတယ်။ မတ်လ ၃၁ ရက်နေ့က သမ္မတကြီး ဦးသိန်းစိန် ပြောသွားသလိုပေါ့။ သူက သူ့ပါတီ၊ သူ့အစိုးရအဖွဲ့ လုပ်ရမယ့် လုပ်ငန်းစဉ်၊ Good Government၊ Clear Government စသည်ဖြင့် ပြောသွားတာတွေ ရှိတာပေါ့လေ။ ဒါပေမယ့် ဒီနေ့အချိန်ထိ ပြောရုံလောက်နဲ့ အကောင်အထည် မပေါ်လာတဲ့အခါကျတော့ ဒါတွေက ဘယ်လောက်ထိ အချိန်ကြာမလည်းဆိုတာတော့ ပြောလို့မရသေးဘူး။ အလားတူပဲ အခုဒေါ်အောင်ဆန်းစုကြည်နဲ့ ဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံတဲ့နေရာမှာ သူတို့ရဲ့ ပြောဆိုတဲ့ စကားတွေအပေါ်မှာ အားရကျေနပ်မှု ရှိပါတယ်။ ဒါပေမယ့် ဒီဟာတွေကို အကောင်အထည်ဖော်ရမယ့် အချိန်ကာလကို စောင့်ကြည့်ရမယ် ဖြစ်ပါတယ်။”
ပြည်ပမှာ အခြေစိုက်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပြောခွင့်ရသူ ရဲဘော်ဖိုးသံချောင်းကတော့ နိုင်ငံတကာကို လှည့်စားဖို့ လုပ်ရပ် လားဆိုတာကို စောင့်ကြည့်ရမယ်လို့ အခုလိုပြောပါတယ်။
“ကျနော်တို့ အမြင်ကတော့ စောင့်ကြည့်ဖို့လိုသေးတယ်လို့ ထင်ပါတယ်။ အရင်က အတွေ့အကြုံအရဆိုရင်တော့ စစ်အစိုးရက သူတို့လိုချင်တဲ့ ကိစ္စတခုအတွက် ပြည်တွင်းမှာ မျက်လှည့်တွေပြလေ့ရှိပါတယ်။ အရင်တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည် တွေ့ဆုံတယ်ဆိုတာက မပြီးနိုင် မဆုံးနိုင် ဇာတ်မျောကြီး တခုလို ဖန်တီးထားပြီး နောက်က သူတို့ရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွေတို့၊ ရွေးကောက်ပွဲတို့ကို အဲဒါတွေကို တွန်းလုပ်သွားတဲ့ဟာမျိုး ရှိပါတယ်။ အခုလည်း အဲဒီလို ရည်မှန်းချက်တခုအတွက် ဒီဟာကို သူများတွေရဲ့ အာရုံကို စွဲဆောင်နိုင်အောင်၊ အထူးသဖြင့် နိုင်ငံတကာရဲ့ အာရုံကို စွဲထားနိုင်အောင် လုပ်တဲ့ဟာလား၊ စောင့်ကြည့်ရမယ်လို့ထင်ပါတယ်။ ပြောရမှာ စောပါသေးတယ်။ ကျနော်တို့ကတော့ ဝမ်းသာမစောစေချင်ဘူး။ လက်တွေ့ထဲကပဲ အဖြေရှာချင်တယ်။”
တနင်္လာနေ့က တနာရီကျော်ကြာ တွေ့ဆုံဆွေးနွေးမှုနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းကြည်နဲ့ ဦးအောင်ကြည်တို့က နှစ်ဖက်စလုံးက ကျေနပ်မှုရှိတဲ့ ပူးတွဲကြေညာခဲ့သလို၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ကလည်း ဒီတွေ့ဆုံမှုကနေတဆင့် အပြန် အလှန်နားလည်မှုတွေဖြစ်ထွန်းဖို့ မျှော်လင့်တဲ့ အကြောင်း ကြေညာချက် ထုတ်ပြန်ကြိုဆိုထားပါတယ်။
Ref: ဒီဗွီဘီ
Wednesday, July 27, 2011
တွေ့ဆုံနွေးဆွေးရေးအပေါ် ပါတီများ အမြင်ကွဲပြား
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment