ရဲဘော်ဖိုးသံချောင်း
အင်္ဂါနေ့၊ စက်တင်ဘာလ ၀၆ ရက် ၂၀၁၁
ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ရက်နေ့က ပြောခဲ့တဲ့ ကြံ့ဖွံ့အစိုးရ ဦး/ဗိုလ်ချုပ် သိန်းစိန်ရဲ့ မိန့်ခွန်းကို မှတ်မိကြ လိမ့်မယ်လို့ ထင်ပါတယ်။ “သဘောထား အမြင်ချင်း မတူကြတဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေ မတူကွဲပြား တာတွေကို ဘေးဖယ်၊ တိုင်းပြည် အတွက် အမှန် အကျိုးရှိစေမယ့် ဘုံအကျိုးစီးပွား တွေမှာ ပူးပေါင်းဆောင်ရွက်ရန် အမြဲဖိတ်ခေါ်ပါတယ်” ဆိုတဲ့စကားလို ရွှန်းရွှန်းဝေနေတဲ့ အပြောတွေလည်း အများအပြား ပါရှိတဲ့ မိန့်ခွန်း ဖြစ်ပါတယ်။
ကြံ့ဖွံ့အစိုးရက ပြည်ပရောက်နေသူတွေအပေါ် သဘောထားကြီးကြောင်း ပြတဲ့အနေနဲ့ “ပြည်ပကို အကြောင်း အမျိုးမျိုးနှင့် ထွက်ခွာ သွားသူများ ပြန်လာနိုင်ကြောင်း” လို့တောင် မိန့်ခွန်းမှာ ပါခဲ့ပါတယ်။
အမျိုးသား ရင်ကြားစေ့ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးစတဲ့ အသုံးအနှုန်းတွေကို တမင် ရှောင်ကွင်းပြီး ပြောထားတဲ့ သမ္မတသစ် ရဲ့ မိန့်ခွန်း ရှည်ကြီးမှာ ထုတ်မပြော သော်လည်း ထင်ရှားစွာ မြင်နေရတဲ့ အချက်သုံးချက် ပါရှိပါတယ်။
(၁) အာဆီယံဥက္ကဋ္ဌဖြစ်ရေးနဲ့ အနောက်နိုင်ငံတွေက သူတို့အပေါ် ကျပ်ထားတဲ့မူလီ တွေကို လျှော့ပေးစေရေး။
(၂) ပြည်ပရောက်တွေထဲမှာ သပ်လျှိုသွေးခွဲရေး။
(၃) သူတို့ကို ဆန့်ကျင်နေသူတွေကို အသက်သာဆုံးနည်းနဲ့ ဖမ်းဆီးနိုင်ပြီး နိုင်ငံရေး အရ အသေ သတ်ပစ်ရေး။
နံပါတ်တစ်ကိုတော့ အထူးပြောနေစရာမလိုပါဘူး။ ထုံးစံအတိုင်း ပြည်တွင်းပြည်ပ နိုင်ငံရေး နားလည်သူ အားလုံးက ဒီစစ်ဗိုလ်တွေ ပါးစပ်ဟလိုက်တာနဲ့ အူဘယ်နှစ်ခွေ ရှိတယ်ဆိုတာကို မြင်ရတယ်ဆိုတဲ့ ကိစ္စမျိုး ဖြစ်ပါတယ်။
နံပါတ်နှစ် အချက်ကတော့ သတိထားသင့်တဲ့ ကိစ္စဖြစ်ပါတယ်။
အတိုက်အခံ အင်အားစုတွေ အကြားမှာ ၂ဝဝ၈ ဖွဲ့စည်း ပုံဥပဒေ ဆန္ဒခံယူပွဲမှာ Vote No - No Vote ကွဲခဲ့တာ၊ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲဝင်ရေး၊ မဝင်ရေး ကွဲခဲ့တာတွေကို ပြန်ကြည့်ရင် နအဖ လုပ်ခဲ့တာတွေဟာ တစုံတရာ ထိရောက်မှုရှိတယ်ဆိုတာ တွေ့ရပါမယ်။ အနည်းဆုံး ရှုပ်ထွေးမှုကို ဖန်တီးနိုင်ခဲ့ပါတယ်။
အခုအခါမှာလည်း သမ္မတရဲ့ မိန့်ခွန်း ထွက်လာတာနဲ့ ပြည်တွင်းပြည်ပက နိုင်ငံရေး လောကမှာ မတူတဲ့ ပြောကြား နည်းတွေ ကြားခဲ့ကြရပါတယ်။
ဒါပေမဲ့ ရှစ်လေးလုံး အရေးတော်ပုံကနေ စတွက်လိုက်ရင် အနှစ်နှစ်ဆယ်ကျော် နိုင်ငံရေး လုပ်လာသူတွေ အနေနဲ့ အခု ဒီမြှူဆွယ်ချက်လေးကျမှ မျက်စိလည်တာ၊ နားယောင်တာဆိုရင်တော့ ညံ့လွန်းရာကျပါတယ်။ ဗိုလ်သိန်းစိန်ရဲ့ မိန့်ခွန်းမှာ “ပြစ်မှုတစုံတရာ ကျူးလွန်သွားတာမရှိရင် အချိန်မရွေး ပြန်လာနိုင်ဖို့ ကျနော်တို့ စဉ်းစားပေးမှာ ဖြစ်ပါတယ်”လို့ဆိုပါတယ်။ အပြစ်ကျူးလွန်တာ မရှိခဲ့မှပါတဲ့။ အပြစ်ဆိုတာဘာလဲ ပြောမထားပါဘူး။
နောက်ပြီး စဉ်းစားပေးမှာပါတဲ့။ ပြည်ပကနေလက်နက် ချကြောင်း နှုတ်နဲ့၊ စာနဲ့ဖော်ပြ ရမှာလား။ တကယ်ကတော့ ကိုယ့်ယောင်ကို ဆွဲပြီး နန်းထဲဝင်တာ။ ကိုယ့်ကိုယ်ကို လက်ထိပ်ခတ်ပြီး ရဲစခန်း ပို့တာပဲ ဖြစ်မှာပါ။ မမေ့သင့်တာက ဗိုလ်သိန်းစိန်တို့ရဲ့ “ဒီတံခါးဖွင့်”ပေးမှုဟာ သဗ္ဗေသတ္တာဝေနေ ယျာအားလုံးကို ရည်ရွယ်ပြီး ဖွင့်လိုက်တာ မဟုတ်ပါဘူး။ ဒီလို ကမ်းလှမ်းတဲ့အတွက် ဘယ်လိုလူကလာပြီး ဘယ်လိုလူက မလာဘူးဆိုတာ သူတို့လည်း သူတို့ရဲ့ အတွေ့အကြုံ အရ သိပါတယ်။ တချို့သော ပြည်ပမှာမြှပ်ထားတဲ့ သူတို့ရဲ့လူတွေ အိမ်ပြန် ကောင်းအောင် လုပ်တာလားလည်း စဉ်းစားစရာ ဖြစ်နေပါတယ်။
အခုအထိတော့ “စာတမ်းဖတ်သူ”တွေက လမ်းဖောက်လိုက်ပါပြီ။ တချိန်တည်းမှာ ဘယ်သူ တွေတော့ ပြန်လာလို့ ဗမာပြည် ပြန်ရောက်နေပြီ စတဲ့ ကောလာဟာလ တွေကိုလည်း လွှင့်ပေးနေပါတယ်။ ဒါ့အပြင် သမ္မတ ဆိုသူက
ပြောပြီးလို့မှ ဘာမှမကြာဘူး ပြည်ထဲရေး ဝန်ကြီးဆိုသူက “မည်သည့် တရားမဝင် သွားရောက်မှုမျိုးကို မဆို တရား ဥပဒေအရ အရေးယူ အပြစ်ပေး နိုင်ပါကြောင်း၊ သက်ဆိုင်ရာ ဌာနများကလည်း အာဆီယံ ရဲတပ်ဖွဲ့၊ နိုင်ငံတကာ ရဲတပ်ဖွဲ့ စသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဥပဒေဖောက်ဖျက် ကျူးလွန်ပြီး နိုင်ငံခြား တိုင်းပြည်သို့ ရောက်ရှိနေသူများကို ဖမ်းဆီးနိုင်ရေး အတွက် ဆောင်ရွက်လျက် ရှိပါကြောင်း” ပြောလာပါတယ်။ ငါးစာပါမက ငါးမျှားချိတ်ကိုပါ မြင်ရတယ်လို့ ဆိုနိုင်ပါတယ်။
ရုပ်ရှင်ကားတကားလို ဆိုရင် ဒီဟာတွေက ဇာတ်လမ်းရဲ့ အစပိုင်းမှာ တွေ့ရတာတွေပါ။ အခုတော့ ဇာတ်လယ်ပိုင်းလို့ ဆိုရမယ့်ကိစ္စတွေကို ကြပ်ပြေး လွှတ်တော်ကြီးမှာ စတွေ့လာ ရပါပြီ။ ဒီအထဲက တခုကတော့ တနေ့ကမှ ဆုံးဖြတ်လိုက်တဲ့ ပုဒ်မ (၅)ဥပဒေ ဖျက်သိမ်းရေး ကိစ္စပါ။ အဆိုတင်တဲ့ လူက ဒီ “လွှတ်တော်ကြီး” ထဲကနေ ဒီမိုကရေစီတွေ ပေါက်ဖွား လာမယ်လို့ ဖော်ထုတ် ပြသရင်း ဦး/ဗိုလ်ချုပ် သိန်းစိန်တို့ အပေါ် ထားရှိတဲ့ သူ့စေတနာကို အကောင်အထည် ဖော်ခဲ့တာ ဖြစ်ပါတယ်။
သူကမြန်မာပြည်မှာ ဒီပုဒ်မ (၅) ကြီး ပေါ်ပေါက်ခဲ့တာဟာ တရားမှန်ကန်တယ်လို့ ပြောသွားတာကို သတိထား မိလိုက်ကြမှာပါ။ ဖဆပလ ခေတ်ကစလို့ ဗိုလ်သန်းရွှေ လက်ထက်အထိ ခေတ်အဆက်ဆက် ပုဒ်မ(၅)နဲ့ ဖမ်းခဲ့ တာတွေဟာ တရားတယ်၊ ဖမ်းသင့်တယ်လို့ ပြောတာပါပဲ။ ဒါပေမယ့် သူ့စေတနာကို သူ့သမ္မတကြီးက လက်တွေ့ တုန့်ပြန်လိုက်ပုံက လျှို့ဝှက် မဲပေးခွင့် မပြုတာနဲ့ အစချီပါတယ်။
နောက်ပြီး စစ်အုပ်စုရဲ့ အမာခံအင်အားစုအဖြစ် စစ်ဗိုလ် ကိုယ်စားလှယ်တွေနဲ့ ကြံ့ဖွံ့ ကိုယ်စားလှယ် တွေက “အရေးကြီးရင်းဖြင့် သူတို့ သွေးနည်းသူတွေဟာ” တသားတည်း ဖြစ်ကြောင်း မားမား ရပ်ပြ လိုက်ပါတယ်။ ဒီအထဲမှာ မတ်တပ် ရပ်ပြရမယ်ဆိုတော့ နောက်တွန့် သွားကြတဲ့၊ ထမရပ်ရဲကြတဲ့ လူထု ကိုယ်စားတော် ကြီးများလည်း ရှိတယ် လို့ ပြောသံတွေ ထွက်လာပါတယ်။ ဒီကိစ္စမှာ ကြုံလိုက်ရတဲ့ ထောက်ခံမဲ ၈ မဲ။ ကြားနေမဲ ၄၁ မဲ၊ ကန့်ကွက်မဲ ၃၃၆ မဲ ဆိုတာဟာ နောင်အရေးကြီးတဲ့ ကိစ္စတွေကို ဆုံးဖြတ်တိုင်း၊ စစ်အုပ်စုက မလိုက်လျော ချင်တဲ့ ကိစ္စတွေကို မဲခွဲ ဆုံးဖြတ်တိုင်း တွေ့ရမယ့် မဲအရေအတွက် ဆိုရင် မမှားဘူး ထင်ပါတယ်။
အဲဒီနောက် သြဂုတ်လ ထပ်တွေ့ရတာကတော့ “ပြည်ထောင်စု အစိုးရနှင့် တိုင်းနှင့် ပြည်နယ် များ၏ ရက် ၁ဝဝ ကာလ အတွင်း ဆောင်ရွက်ချက်များကို ချီးကျူးကြောင်း မှတ်တမ်းတင်” တယ် ဆိုတဲ့ အဆို ကိစ္စပဲ။ အဲဒီ အဆိုမှာလည်း အထက်က လိုပဲ အများစုနဲ့ အနိုင်ကျင့် အတည်ပြု လိုက်တယ်လို့ သိရပါတယ်။
တကယ်ကျတော့ ဒါတွေဟာအောက်ရုံးမှာ ဖြစ်နေတာပါ။ အထက်ရုံးနဲ့ သမ္မတရုံးတွေ ကျန်ပါ သေးတယ်။ ဒါ့အပြင် ၁၉၅ဝ အရေးပ်ါစီမံမှု အက်ဥပဒေဆိုတာ မျိုးနဲ့ အချိန်မရွေး အာဏာသိမ်းခွင့် ပေးထားတဲ့ ၂ဝဝ၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုတာကြီးလည်း ရှိပါသေးတယ်။ ဒီတော့ ဘာမှမရှိတာနဲ့ စာရင် ဒါမျိုးတွေ ရှိတာက တော်သေးတယ် လို့ ပြောလေ့ ရှိသူတွေကို မေးဖို့ကောင်းတာက
- ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ဒီလွှတ်တော်ကြောင့်မို့ နိုင်ငံ့ဓနတွေဟာ အခု ဗိုလ်ချုပ် မျိုးစုံနဲ့ လက်ဝေခံ မျိုးစုံ လက်ဝါးကြီး အုပ်ထားတဲ့ အောက်ကနေ ပြည်သူတွေရဲ့ လက်ကို ရောက်လာမှာ တဲ့လား။
- နိုင်ငံရဲ့ အရေးကြီးကိစ္စတွေကို ဆုံးဖြတ်ရာမှာ ဗိုလ်ချုပ်တွေ သဘောထားနဲ့ ဆန့်ကျင်ပြီး ဆုံးဖြတ်လို့ ရမှာတဲ့လား။
အထက်မှာပြောခဲ့တာကို ပြန်ကောက်ရရင် ဇာတ်လမ်းကအခုမှ အလယ်ပိုင်းတောင် ကောင်းကောင်း မရောက်
သေးပါဘူး။ ရက် ၁ဝဝ ကျော်ရုံလေးပဲ ရှိပါသေးတယ်။ တင်းပုတ်နဲ့ ထုတာ ခံနေရပါပြီ။
Ref: မဇ္ဈိမ
Tuesday, September 20, 2011
ခေါ်တိုင်းသွား နှင်တိုင်း ထွက်ရမှာလား
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment