Monday, September 19, 2011

'Save The Irrawaddy' ဟောပြောပွဲ ရန်ကုန်မြို့၌ ကျင်းပ

Saturday, 10 September 2011

ဧရာဝတီမြစ်ကို ကယ်တင်ထိန်းသိမ်းရန် ရည်ရွယ်ပြုလုပ်ခဲ့သည့် 'Save the Irrawaddy' ဟေ ပြောပွဲကို ရန်ကုန်မြို့၌ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့က ကျင်းပခဲ့ပါသည်။

အဆိုပါဟောပြောပွဲကို မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံ ဥယျာဉ်အိမ်ရာ မဟာဂန္ဓာရုံ ကျောင်းတိုက် အောင်မင်္ဂလာ မဟာ သိမ်တော်ကြီး တွင် ဇမ္ဗူသိရီ (Safety Net) ပရဟိတ လူငယ်အဖွဲ့က ဦးစီး ကျင်းပခဲ့ကာ စာရေးဆရာ မောင်စိန်ဝင်း (ပုတီးကုန်း)၊ ကိုတာ၊ ဒေါက်တာထွန်းလွင်၊ ကိုမြင့်ဇော်တို့က ဟောပြော ဆွေးနွေး ခဲ့ကြသည်။

ဟောပြောပွဲသို့ ဧရာဝတီမြစ်နှင့် ပတ်သက်၍ စိတ်ဝင်စားလေ့လာ လိုသူများ လူဦးရေ ၅၀၀ ၀န်းကျင် လာရောက်ခဲ့ပြီး အထူးသဖြင့် လူငယ်ဦးရေမှာ ပိုမို များပြားခဲ့သည်။ အခြေခံ ပညာကျောင်း အချို့မှ ကလေးငယ်များလည်း တက်ရောက် ခဲ့ကြသည်။

Save the Irrawaddy ဟောပြောပွဲကို စာရေးဆရာမ သန်းမြင့်အောင်က အဖွင့် မိတ်ဆက် စကား ပြောကြား၍ ညနေ ၃ နာရီ ၀န်းကျင်တွင် စတင် ဖွင့်လှစ်ခဲ့ပါသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူ ကိုမြင့်ဇော်က ဧရာဝတီ မြစ်ပေါ်တွင် ဆည် တည်ဆောက်ခြင်းနှင့် ပတ်သက်၍ EIA ထဲတွင်ပင် ပါရှိသော ဆည် တည်ဆောက်ရန် မလိုသည့် ဖော်ပြချက် အပေါ် သုံးသပ်မှု၊ မြစ်ဝကျွန်းပေါ်တွင် ပိုမို ဖွံ့ဖြိုးလာမည်၊ မိုးရေချိန် များပြားသည့် အတွက် မြစ်ရေ၊ ဆည်ရေ ရှိနေမည်ဆိုသည့် ထုတ်ပြန်ချက်ကို လေ့လာမှုများနှင့် ချိန်ထိုးပြမှု၊ ဒေသခံများ အပေါ် ပြောင်းရွှေ့မှု၏ သက်ရောက် နိုင်ခြေများ၊ မြစ်ရေကို မှီခိုနေသည့် စိုက်ပျိုးရေး လုပ်ငန်းများအပေါ် သက်ရောက် နိုင်မှုများ စသည်တို့ကို စတင် ဆွေးနွေးခဲ့သည်။

ထို့နောက် စာရေးဆရာမောင်စိန်ဝင်း(ပုတီးကုန်း)က 'ကျွန်တော်နှင့်မြစ်များ' အမည်ဖြင့် ဟောပြောမှုတွင် ဧရာဝတီ မြစ်ဆုံကို ယခင်က ရောက်ရှိခဲ့သည့် မြင်ကွင်းနှင့် ယခု မြင်ကွင်း ကွာခြားပုံများ၊ ပြည်ပ နိုင်ငံများရှိ မြစ်ကောမှုများကို သုံးသပ်မှုများ၊ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်တို့ အကြောင်း ရေးသားဖြစ်ခဲ့သော ကဗျာ၊ စာများကို တင်ပြမှုများ ပါဝင်ခဲ့သည်။

မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က နာဂစ်မုန်တိုင်းကြောင့် သေကြေ ပျက်စီးမှုများ အပါအ၀င် ရာသီဥတု အပြောင်းအလဲကို ကြုံလာရမှုများ၊ ရေကာတာ တည်ဆောက်မှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံက နိုင်ငံတွင်း တည်ဆောက်ရန် မဖြစ်နိုင်သည့် အခါ မြန်မာနိုင်ငံကို ရွေးချယ်လာပုံ၊ မြန်မာနိုင်ငံ မြောက်ပိုင်းသည် နောင်တွင် မိုးနည်းနိုင်ခြေ ရှိသည့်အတွက် ဆည် တည်ဆောက်ပါက မြစ်ရေအပေါ် သက်ရောက်နိုင်မှုများကို ဟောပြော တင်ပြခဲ့သည်။

အစီအစဉ်၏ နောက်ဆုံးတွင် ဟောပြောသူ စာရေးဆရာ ကိုတာက တရုတ်နိုင်ငံက မြန်မာနိုင်ငံ အပေါ် သယံဇာတ နှင့် ပတ်သက်၍ ထားရှိသည့် အမြင်များ၊ စီးပွားရေး အခွင့်အလမ်း ဆိုင်ရာ လုပ်ဆောင်နေမှုများ အစရှိသည် တို့ကို စာအုပ် စာတမ်းများ၊ လေ့လာမှု များပေါ် အခြေခံလျက် ဆွေးနွေးပြခဲ့သည်။

ဧရာဝတီမြစ်ဆုံဆည်နှင့် ဆက်စပ်သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ည ၈ နာရီ ခန့်တွင် ရုပ်သိမ်းခဲ့သည်။

“Save the Irrawaddy” ဟောပြောပွဲမှ ပြောကြားချက်အချို့

ကိုမြင့်ဇော်

အခုတလော ကြားနေရတာ စေတနာဆိုတဲ့ စကားပေါ့။ ဧရာဝတီမြစ်နဲ့ ပတ်သက်တာ၊ မြစ်ဆုံမှာ ဆည်ဆောက်တဲ့ ကိစ္စတွေမှာ လျှပ်စစ်မီး တွေရဖို့၊ နိုင်ငံ ဖွံ့ဖြိုး တိုးတက်ဖို့ စေတနာနဲ့ လုပ်တာပါ ဆိုတဲ့ စကားတွေ ကြားနေရတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ သမိုင်း အတွေ့အကြုံ၊ ကမ္ဘာ့သမိုင်း အတွေ့အကြုံအရ စေတနာရဲ့နောက်မှာ အတတ်ပညာ၊ အသိပညာ၊ ဆင်ခြင် တုံတရား၊ တခြားသော နည်းစနစ်မှန်တွေ မရှိရင် အလကားပဲ ဆိုတာ ဒီနေရာမှာ ထပ်ပြောချင်ပါတယ်။ ဆည်ဆောက်တာ နဲ့ပတ်သက်ပြီး ကောင်းသည်၊ ဆိုးသည်ကို ဒီအထဲမှာ တစ်စုံတစ်ရာေ၀၀ါးနေတဲ့ သူတွေ ရှိရင် ကျွန်တော်အခု ဖတ်ပြချင်ပါတယ်။ အဲဒါကတော့ ဧရာဝတီဆည်နဲ့ ပတ်သက်တဲ့ သဘာဝ ပတ်ဝန်းကျင် အကျိုးဆက်တွေ ကို လေ့လာထားတဲ့၊ ဧရာဝတီမြစ် အထက်ပိုင်းမှာ ဆည်တွေ ဆောက်လိုက်တဲ့ အခါ ဘာအကျိုးဆက်တွေ ဖြစ်လာမလဲ ဆိုတာကို မြန်မာနိုင်ငံ အစိုးရရဲ့ ခွင့်ပြုချက်နဲ့ မြန်မာပညာရှင်၊ တရုတ် ပညာရှင်တွေလည်း ပါတယ်။ စာမျက်နှာ ၉၀၀ ကျော်ရှိတဲ့ လေ့လာချက် စာတမ်း ၁ စောင် ထွက်ခဲ့ပါ တယ်။ ၂၀၀၉ အောက်တိုဘာ လမှာ ထွက်ခဲ့ပါတယ်။ အဲဒီက စာလေး တစ်ပိုဒ်ကို ဖတ်ပြချင်တယ်။ ‘မြန်မာ နှင့် တရုတ်နိုင်ငံတို့မှ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာများကို အမှန်တကယ် ပူပန်၍ ရေရှည် တည်တံ့သော ဖွံ့ဖြိုးမှုများကို ရည်ရွယ်ပါလျှင် ဧရာဝတီမြစ်ဆုံတွင် သည်မျှ ပမာဏ ကြီးသော ရေလှောင်ကန်ကို တည်ဆောက်ရန် မလိုချေ’ တဲ့။ ဒါသည် ပညာရှင်တွေရဲ့ ထုတ်ဖော်ချက်ပါ။ တခြားတခြားသော ပညာရှင်တွေရဲ့ အဆိုအရလည်း ဒီဆည် မရှိသင့်ဘူး ဆိုပါတယ်။ ဒါတွေ ကျွန်တော်တို့ ချပြဖို့ လိုပါတယ်။ ဒါတွေ မရှိသင့်ဘူး ဆိုတဲ့ ရဲရဲရင့်ရင့် လှုပ်ရှားမှု၊ ပြောဆိုမှုတွေ ကျွန်တော်တို့ လုပ်ကြဖို့ လိုပါတယ်။ ဒါ EIA ထဲက တစ်ချက်ကို အခြေခံပြီး ပြောတာပါ။

အခြေအနေမှန်တွေကိုတော့ လိမ်ညာခွင့် မရှိဘူး။ ပုံဖျက်ခွင့် မရှိဘူး။ အခြေအနေမှန်ကို လစ်လျူရှုပြီး ပြောတယ်လို့ ယူဆလို့ ရတဲ့ ထုတ်ပြန်ချက်တွေ တွေ့နေရပါတယ်။ တစ်ခုက မြစ်ကြီးငါးသွယ်၊ မြစ်ငယ်ငါးရာ၊ ချောင်းတွေ မြောင်းတွေကနေ စီးဆင်းလာတဲ့ နုန်းတွေ၊ အနည် အနှစ်တွေကြောင့် ဧရာဝတီ မြစ်ဝကျွန်း ပေါ်ဟာ တိုးတက်တဲ့၊ မြေသြဇာ ကြွယ်ဝပြီး စိုက်ပျိုးရေး ဖြစ်ထွန်း လာမယ်ပြောတာ ရှိပါတယ်။ ၂၀၀၈ ခုနှစ်က ထုတ်ခဲ့တဲ့ သိပ္ပံပညာရှင်တွေ ရဲ့ လေ့လာချက်စာတမ်း ’နစ်မြုပ်လာ နေသော မြစ်ဝကျွန်းပေါ်များ’ အရ ရာသီဥတု ပြောင်းလဲခြင်းကြောင့် ပင်လယ် ရေမျက်နှာပြင်တွေ မြင့်တက်လာမယ်။ ကမ္ဘာ တစ်ဝှမ်းလုံးမှာ ရှိတဲ့ မြစ်ဝကျွန်းပေါ် တွေသည် အခြေခံ အားဖြင့် နိမ့်လာမယ်လို့ ပြောလို့ရပါတယ်။ နိမ့်ကျတဲ့အခါ ဘာတွေ ဖြစ်သလဲဆိုတော့ မြေအောက်ရေကြော ထိခိုက်တယ်။ အခုလိုမျိုး သိပ္ပံပညာရှင်တွေ ဖော်ထုတ် ထားပြီးသားကို လစ်လျူရှုပြီးတော့ မြစ်ဝကျွန်းပေါ်သည် ဘာမှ မဖြစ်ပါဘူးဆိုတာ လိုရာ ဆွဲတာဖြစ်တယ်လို့ ပြောချင်ပါတယ်။

နောက်တစ်ခု မိုးရေချိန်နဲ့ ပတ်သက်လို့ ပြောတာ။ မိုးရေချိန် သိပ်များတဲ့ အတွက် မြစ်ရေ ပမာဏသည်လည်း ကျမသွား ဘူးလို့ ပြောပါတယ်။ တကယ့် လေ့လာချက်တွေ အရ ၁၉၇၈ နောက်ပိုင်းမှာ မြန်မာ နိုင်ငံဟာ မိုးခေါင်မှုတွေ ပိုမိုကြုံတွေ့လာ ရတယ်လို့ သိရပါတယ်။

ကော်လိုရာဒိုမြစ်ကို စပြီးတော့ ပိတ်ဆို့တုန်းက မိုးရေချိန်အရ ဒီ ဆည်ထဲမှာ ရေဘယ်လောက်၊ မြစ်ထဲမှာ ဘယ်လောက် ဆိုတာ တွက်ခဲ့တာ။ သို့သော် ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှုကြောင့် မိုးရေချိန်တွေ လျော့ကျတဲ့ အခါမှာ ကော်လိုရာဒို မြစ်ကြီးထဲမှာ ရှိသင့်တဲ့ ရေမရှိတော့ဘူး။ ဆည်ထဲမှာလည်း ရောက်သင့် ရောက်ထိုက်တဲ့ ရေမရောက်တော့ဘူး။

နောက်တစ်ခုပြောကြတယ်။ ဆည်ဆောက်တဲ့အတွက် ရပ်သူရွာသွားတွေ အတွက် လမ်းတွေ၊ တံတားတွေ အများကြီး တိုးတက် လာမယ် ပြောပါတယ်။ ဒီလို ဆည်လုပ်တဲ့ အခါမှာ ရပ်ရွာတွေ ရွှေ့ပြောင်း ရတယ်၊ လူတွေသည် ဆင်းရဲတာ၊ ချမ်းသာတာ ခဏထားလိုက်၊ ကိုယ့်ရပ်ရွာ၊ ကိုယ့်ဒေသကိုတော့ ခင်တွယ် ကြတာပဲ။ မပြောင်းချင်ကြဘူး။ မဖြစ်မနေ ပြောင်းပေးရမယ် ပြောတဲ့ အခါ သူတို့ နေရာသစ် ပြောင်းရတဲ့အခါ ကျွန်တော်တို့တွေဆို ဘယ်လို ခံစားရမလဲ။ နောက်တစ်ခုက စီမံကိန်းတွေ လုပ်တဲ့အခါ လူသစ်တွေ အများကြီး ၀င်လာတယ်။ သူတို့တွေ က ၀ယ်နိုင်တော့ ၀ယ်ကြတော့ စီမံကိန်း လုပ်တဲ့နေရာတွေမှာ ကုန်ဈေး နှုန်းတွေ မြင့်တက် သွားပြီးတော့ ဒေသခံတွေမှာ ထိခိုက်တယ်။ ရွှေ့ပြောင်းလာသူတွေမှာ ရောဂါဘယ တွေ ပါလာတတ်တယ်။ ဟိုတုန်းက စိုက်ပျိုးစားပြီး နေခဲ့တဲ့သူတွေမှာ သူများလက်ဝေခံ ရောက်ကြရတယ်။ ဒေသခံတွေ အတွက် ရွှေ့ပြောင်းမှုနဲ့ ပတ်သက်လို့ စိတ်ပူပန်ရမှုတွေ၊ နစ်နာရမှုတွေ၊ နောက် စားဝတ်နေရေး ရွှေ့ပြောင်းရတဲ့အတွက် ပြဿနာတွေ ကြုံတွေ့ ရတတ်ပါတယ်။

လမ်းတွေ၊ တံတားတွေ ဆောက်ပေးလိုက်လို့ ရွာသူရွာသားတွေ အတွက် ပိုကောင်းတာပေါ့ ဆိုတာနဲ့ ပတ်သက်လို့ နီဂရိုး တွေရဲ့ ကဗျာလေး တစ်ပုဒ် အပြည့်အစုံတော့ မမှတ်မိပါဘူး။ ကားလမ်းလေး ဖောက်ပေးတယ်၊ ကားလမ်း ပြီးသွားရင်တော့ ငါတို့တော့ ကားအသစ် လေးတွေ မြင်ဖူးမှာပေါ့တဲ့။ သူ့ကဗျာလေးက ဒါလေးရေးထားတယ်။

အခု ငွေကြေးနဲ့ပဲ ပြောနေကြတယ်။ ဆည်ပြီးရင် တစ်နှစ်ကို သန်း ၅၀၀ ရမယ်ပေါ့။ ကျောက်စိမ်း ရောင်းရင် ဘယ်နှစ်သန်း ရမယ်၊ ရေနံရောင်းရင် ဘယ်နှစ်သန်း ရမယ်၊ သို့ သော် အဲဒါတွေသည် ဈေးနှုန်းပဲ။ သဘာဝ တန်ဖိုးကို ကြည့်လိုက်ရင်တော့ ဆုံးရှုံးမှုတွေ အများကြီးပါပဲ။

ဒေါက်တာ ထွန်းလွင်

ဒီဟောပြောပွဲဟာ 'Save the Irrawaddy' ဟောပြောပွဲ ဖြစ်တဲ့အတွက် ဧရာဝတီ အကြောင်း ပြောရမယ်။ ကျွန်တော့်ရှေ့ လူတွေက ပွင့်ပွင့်လင်းလင်း ပြောသွားကြတယ်။ ကျွန်တော်ကတော့ အသက်ကြီးတော့ ကြောက်တတ်တယ်။ ဒါကြောင့် တစ်ခွန်းတည်း ပြောပါမယ်။ ဧရာဝတီမြစ်ဆုံမှာ ရေကာတာ ဆောက်မယ့်ကိစ္စကို ကျွန်တော်လုံးဝ ကန့်ကွက်ပါတယ်။

အခု လူပရိသတ်ထဲကို ချပြတဲ့ အဆင့်အထိ ကျွန်တော်တို့ ပြောရေး ဆိုခွင့်ရလာပြီ။ ဒီမိုကရေစီရဲ့ အနှစ်သာရ ဖြစ်တဲ့ လွတ်လပ်စွာ ပြောဆို ပိုင်ခွင့်၊ ကန့်ကွက်ပိုင်ခွင့် စသည်ဖြင့် ဒါကို ကျွန်တော်တို့ လက်ကိုင် ထားပြီး စိတ်သဘောချင်း ကိုက်ညီတဲ့ မိတ်ဆွေတွေ၊ ပညာရှင်တွေ၊ ပြည်သူ ပြည်သားတွေ တတ်စွမ်းသမျှ နောက်ဆုံး ရည်မှန်းချက် အောင်တဲ့ အထိ ဆက်လက်ပြီးတော့ လုပ်သွားဖို့လည်း ပြောချင်ပါတယ်။

အားလုံးသိကြတဲ့အတိုင်း နာဂစ်မုန်တိုင်း ၂၀၀၈ ခုနှစ် မေလ ၂ ရက်နဲ့ ၃ ရက်မှာဖြစ်ခဲ့တယ်။ လူပေါင်း ၁၃၈၀၀၀ သေတယ်လို့ နိုင်ငံတော် အစိုးရက ထုတ်ပြန်တယ်။ အသားတင် အရပ်ရပ် ပျက်စီးမှု တန်ဖိုး ၁၁ ဒသမ ၈ ထရီ လီယံရှိတယ်လို့ ဆိုပါတယ်။ ကမ္ဘာမှာ အသေအပျောက် အများဆုံး မုန်တိုင်းတွေ စာရင်း တင်ထားတဲ့ အထဲမှာ နာဂစ်မုန်တိုင်း မတိုင်ခင်တုန်းက ကျွန်တော်တို့ အဲဒီစာရင်းနား ကပ်တောင် မကပ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ၂၀၀၈ နာဂစ်ဖြစ်တဲ့ အခါ၊ လူ ၁၃၈၀၀၀ သေတဲ့အခါ နာဂစ်ဟာ နံပါတ် ၈ နေရာက ၀င်သွားပါ တယ်။

မုန်တိုင်းကြောင့် လူသေတာများတာတွေ အိန္ဒိယနိုင်ငံမှာလည်း ဖြစ်ခဲ့တယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာလည်း ဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံကို ၀င်တဲ့မုန်တိုင်းမှာ မုန်တိုင်းဒီရေတက်နိုင်တယ်ဆိုတာ ဒေသခံတွေက သိကြပေမယ့် မုန်တိုင်း ဒီရေက အန္တရာယ် ပေးနိုင်တယ် ဆိုတာ မသိခဲ့ကြပါဘူး။ အိမ်နီးချင်း နိုင်ငံတွေမှာ ဖြစ်ခဲ့ပေမယ့် ကျွန်တော်တို့ မလိမ္မာ ခဲ့ကြပါဘူး။

ဒီနေ့ နောက်ထပ် ပြဿနာ တစ်ရပ် တွေ့ပြန်ပြီ။ ဒါကတော့ ဧရာဝတီမြစ်။ မြစ်ကို ရေကာတာ ဆောက်မယ်။ ရေအား လျှပ်စစ်တွေ ထုတ်လုပ်ဖို့၊ ဖွံ့ဖြိုး တိုးတက်ဖို့၊ ၀င်ငွေရဖို့ လုပ်မယ်။ ဒါတွေရဖို့ အတွက် ဘယ်လို ပေးဆပ်နေရသလဲ ဆိုတာ ကျွန်တော် ပြောပြ ချင်ပါတယ်။

တရုတ်နိုင်ငံမှာ ကန့်ကွက်မှုတွေရှိတော့ ရေအားလျှပ်စစ်အတွက် နေရာသစ်ရှာတဲ့ အခါမှာ မြန်မာနိုင်ငံကို တွေ့သွားတာပါ။

လွန်ခဲ့တဲ့ ရှစ်လက ဧရာဝတီမြစ်ဆုံကို ကျွန်တော် ပထမဆုံး ရောက်ဖူး သွားပါတယ်။ ကျွန်တော် ကြားဖူး ထားသလို ရေက မကြည် တော့ပါဘူး။

တရုတ်နိုင်ငံမှာ ယန်စီမြစ်ဟာ အရှည်ဆုံးမြစ်ပါ။ ကမ္ဘာ့အံ့သြဖွယ် ယဉ်ကျေးမှု တည်ဆောက် ခဲ့တဲ့မြစ် ဖြစ်ပါတယ်။ အခုဆို ယန်စီ မြစ်ဟာ ကမ္ဘာမှာ ပျောက်ကွယ် သွားတော့မယ့် အမွေအနှစ် ၁၀ ခုထဲမှာ ပါနေ ပါတယ်။ နောက်ဆိုရင် ၁၀ ခုကနေ ၁၁ ခု ဖြစ်လာနိုင်ပါတယ်။ အဲဒီတစ် ခုကတော့ ဧရာဝတီမြစ်ပါ။

မြန်မာနိုင်ငံမြောက်ပိုင်းဟာ လာမယ့် ဆယ်စုနှစ်တွေမှာ မိုးနည်း နိုင်ပါတယ်။ အဲဒီအချိန်မှာ ဧရာဝတီ မြစ်ကို ရေပိတ်ထားရင် ဆည်မှာလည်း သတ်မှတ်ထားတဲ့ ရေမရရင် ရေကို ယူထားမှာပဲ။ မြစ်မှာ ရေစီး နည်းသွားမယ်။ မြစ်ကျဉ်းလာမယ်။ မြစ်တိမ်လာမယ်။ ကမ်းပါးတွေ ကလည်း ကြာတော့ မာခဲ သွားနိုင်ပါတယ်။

မောင်စိန်ဝင်း(ပုတီးကုန်း)

ကျွန်တော့်ကိုမေးပါတယ်။ ဆရာတဲ့ မြစ်ဆုံမှာ ဆည်ဆောက်ပြီးရင် တစ်နိုင်ငံလုံး မီးလင်းမယ်တဲ့၊ ဆရာ့ သဘော ဘယ်လို ရှိလဲလို့ မေးလာပါတယ်။ ကျွန်တော်ကလည်း ရိုးရိုးပဲ ဖြေလိုက်ပါတယ်။ ကျွန်တော်တို့ နိုင်ငံက သစ်တောတွေနဲ့ ဧရာဝတီကို ဒီအတိုင်း စီးခိုင်းပြီးတော့ပဲ ကျွန်တော် အမှောင်ထဲမှာပဲ နေချင်ပါတယ်လို့ ဖြေလိုက်ပါတယ်။

ရွာတော်တော်များများမှာ မီးမှန်တယ်။ ညနေ ၆ နာရီကနေ ၁၀ နာရီ အထိကို မီးမှန်တယ်။ ဖွဲမီးဖိုတွေ နဲ့ ကျေးလက် မီးလင်းအောင် လုပ်ထားကြတာ။

မလေးရှားကို ရောက်ခဲ့တယ်။ သူတို့တွေက ကျွန်တော်တို့ကို မြစ်ဆုံကို ခေါ်သွားမယ် ပြောတယ်။ မင်းတို့ ဆီမှာရော မြစ်ဆုံ ရှိလား ဆိုတော့ ရှိတယ်တဲ့။ သွားကြည့်တော့ သူတို့ လက်ညှိုး ထိုးပြတာ ကြည့်လိုက်တော့ တူးမြောင်းနှစ်ခု ဖြစ်နေတယ်။ တူးမြောင်း နှစ်ခုကနေ ပေါင်းဆုံပြီး မြောင်းကြီးတစ်ခု အဖြစ် ရှိနေတယ်။ ပုံစံ မြောင်းပေါ့ဗျာ။ ကျွန်တော်က အဲဒါမြစ်ဆုံမှ မဟုတ်ဘဲ မြောင်းဆုံကြီးဟာကိုလို့ ပြောတော့ လွန်ခဲ့တဲ့နှစ် ၂၀၀ က အဲဒီနေရာမှာ အင်မတန်ကြီးတဲ့ ဂွန်ဂမြစ်နဲ့ ဂနိုင်းမြစ် ဆိုတာ ရှိတယ်တဲ့။ နောက်ပြီး အဲဒီနေရာမှာ အင်မတန်ကြီးတဲ့ သင်္ဘောဆိပ်ကြီး တစ်ခု ရှိတယ်တဲ့။ သူတို့နိုင်ငံက သံဖြူ ထွက်တယ်။ ဘယ်လောက်ထိ ကြီးလဲ ဆိုရင် အဲဒီသံဖြူတွေကို ဆိပ်ကမ်းကနေ နိုင်ငံခြားကို တင်ပို့နိုင်တယ်တဲ့။ ၁၈၉၆ မှာ ကွာ လာလမ်ပူကို တည်လိုက်တယ်။ ကွာလာလမ်ပူ ဆိုတာကိုက ရွှံ့နွံ ထူထပ်သောလို့ အဓိပ္ပာယ်ရတယ်။ မြို့ပြထူ ထောင်လိုက်တယ် ဆိုရင်ပဲ အဲဒီမြစ်ဆုံဟာ မြောင်းဆုံ ဖြစ်သွားတော့တာ ပါပဲ။

ကျွန်တော်တို့ မြစ်ဆုံလည်း ဘယ်နှနှစ်ကြာရင် မြောင်းဆုံ၊ ချောင်းဆုံဖြစ်သွားမလဲ။

ကိုတာ

တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ဘယ်လိုမြင်သလဲဆိုတော့ အိန္ဒိယ သမုဒ္ဒရာဘက်ကို ထွက်ပေါက် ဖြစ်နေတယ်။ နိုင်ငံ လူဦးရေနည်းပြီး သယံဇာတ များတယ်။

မြန်မာနိုင်ငံက တရုတ်ပြည်နဲ့ အိန္ဒိယပြည်ရဲ့ကြားမှာ ရှိနေတဲ့ ကျွန်တော်တို့ တိုင်းပြည်မှာ တရုတ်ကြီး အပြင် ကုလားကြီးရဲ့ အန္တရာယ် ကပါ သတိပြုရမှာပါ။ ရင်းနှီး မြှုပ်နှံမှုများတာ ကောင်းပါတယ်။ အဲဒီရင်းနှီးမြှုပ် နှံမှုတွေက ထိထိရောက်ရောက် ဖြစ်ဖို့ ကောင်းတယ်။ ထိရောက်တဲ့၊ တာဝန်သိတဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုတာ ဘာလဲဆိုတော့ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိရဘူး။ စားသုံးသူကို မထိခိုက်ရဘူး။ သဘာဝ ပတ်ဝန်းကျင် မပျက်စီးရဘူး။ လူ့အခွင့်အရေးကို မချိုးဖောက်ရဘူး။

Ref: EMG News

0 comments:

အပေါ်သို့