သန်းဝင်းလှိုင်
နိုဝင်ဘာ ၂၊ ၂၀၁၁
ရှစ်ဆယ့်ရှစ် ဒီမိုကရေစီအရေးတော်ပုံကြီးအား အကြမ်းဖက်ဖြိုခွင်းကာ စစ်တပ်မှ အာဏာ သိမ်းပြီးနောက် သမိုင်း လိုအပ်ချက်အရ ၁၉၈၈ စက်တင်ဘာလ (၂၇) ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပေါ်ထွန်း လာသောအခါ ဆရာကြီး ဦးဝင်းတင်သည် အဖွဲ့ချုပ် ဗဟို အလုပ်အမှု ဆောင်ကော်မတီ ၏ အတွင်းအရေးမှူး အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့နောက် ၁၉၈၉ ခုနှစ် ဖေဖေါ်ဝါရီ (၉) ရက်နေ့တွင် အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ကို ပြင်ဆင် ဖွဲ့စည်း လိုက်သောအခါ အတွင်းရေးမှူး အဖြစ် လည်းကောင်း၊၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလ (၁၄) ရက်နေ့တွင် အဖွဲ့ချုပ်ဗဟို အလုပ်အမှုဆောင် အဖွဲ့ကို ပြင်ဆင်တိုးချဲ့ ဖွဲ့စည်း လိုက်သောအခါ အဖွဲ့ချုပ်ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် အဖြစ်လည်းကောင်း၊ ယနေ့တိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၌ တာဝန်ထမ်း ဆောင် လျက်ရှိသည်။
ဦးဝင်းတင်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က သူ၏ ̏ မြန်မာပြည်မှပေးစာ များ” (Letter from Burma) စာအုပ်၌ အောက်ပါအတိုင်း ရေးသား ထားလေသည်။
̏ …၁၉၃၀ ပြည့်နှစ်မှာ မွေးဖွားခဲ့တဲ့ ဦးဝင်းတင်ဟာ အရင် သီတင်းပတ် က မိတ်ဆက် ပေးခဲ့တဲ့ ဦးအောင်ရွှေ၊ ဦးကြည်မောင်၊ ဦးတင်ဦး၊ ဦးလွင်တို့နဲ့ မတူတဲ့ အချက်ကတော့ သူဟာ ဘယ်တုန်းကမှ တပ်မတော်သား မဖြစ်ခဲ့တာ ပါပဲ။ သူကျင်လည် ကျက်စားနေရာ ကတော့ စာပေ လောကကြီးထဲ မှာပဲ ဖြစ်ပါတယ်။ တက္ကသိုလ် ကနေ ဘွဲ့မရခင် ကတည်းက သူဟာ မြန်မာနိုင်ငံ ဘာသာပြန် စာပေ အသင်းကြီးမှာ လက်ထောက် အယ်ဒီတာ ဘဝနဲ့ အလုပ် လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ ၁၉၅၄ ခုနှစ်မှာတော့ သူဟာ ဒတ်ခ်ျ သတင်းစာ ကုမ္ပဏီတခုရဲ့ အကြံပေး အယ်ဒီတာ အဖြစ်ကို ရောက်ခဲ့ပါတယ်။ ဒီ အယ်ဒီတာနေရာကို ရခဲ့ခြင်းဟာ သူ့ရဲ့ ရှည်လျားလှတဲ့ စာနယ်ဇင်း လောက လုပ်သက်မှာ အမြင့်ဆုံး နေရာဖြစ်တဲ့ တခါက မြန်မာနိုင်ငံမှာ ထိပ်တန်း သတင်းစာ တစ်စောင်ဖြစ်ခဲ့တဲ့ ‘ဟံသာဝတီ’ သတင်းစာရဲ့ အယ်ဒီတာချုပ် ရာထူးကို ရရှိဖို့အတွက် အစပျိုးခဲ့တာ ပဲဖြစ်ပါတယ်။
ဦးဝင်းတင်ရဲ့ ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ်လုပ်ခဲ့တဲ့ နှစ်တွေဟာ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ အင်အား ခိုင်မာလာတဲ့ နှစ်တွေ ဖြစ်ခဲ့ပါတယ်။ အဲဒီခေတ် ကာလတုန်းက လွတ်လပ်စွာ ပြောဆိုခွင့်၊ ကိုယ့်ရဲ့ဆန္ဒကို လွတ်လပ်စွာ ထုတ်ဖေါ်ပြသခွင့်၊ စတာတွေကို ပိုလို့ပိုလို့ တင်းကျပ်စွာ ကန့်သက် ချုပ်ချယ် ခံရပေမယ့်လည်း အနည်းငယ်မျှသော စာရေး ဆရာတွေ၊ စာနယ်ဇင်း သမားတွေဟာ သူတို့တွေရဲ့ လွတ်လပ်စွာ တွေးခေါ် မြော်မြင်ပိုင်ခွင့်ကို တိုးတိုး တိတ်တိတ်နဲ့ ဆက်ပြီး ထိန်းသိမ်းခဲ့ ကြပါတယ်။
၁၉၇၈ ခုနှစ်မှာ ဦးဝင်းတင် ဦးဆောင်ပါဝင်ခဲ့တဲ့ ‘ စနေ စာဖတ်ဝိုင်း’ မှာ မဆလ လမ်းစဉ်ကို ဝေဖန် သုံးသပ် ထားတဲ့ စာတမ်းငယ် တစောင် ဖတ်ကြား ဆွေးနွေး ခဲ့ကြပါတယ်။ အာဏာပိုင်တွေက ထုတ်ဝေခွင့် ပိတ်လိုက်ပါတယ်။ အဲဒီနောက် ဦးဝင်းတင်ဟာ ဘာသာ ပြန်တဲ့သူ အလွတ် စာရေးဆရာ ဘဝမှာ ကျင်လည်ရင်းနဲ့ ဆယ်စုနှစ်မျှ သူရဲ့ဝမ်းရေး ကိုဖြေရှင်းခဲ့ပါတယ်။
၁၉၈၈ ခုနှစ်မှာ စတင်ပေါ်ပေါက်ခဲ့တဲ့ ဒီမိုကရေစီလှုပ်ရှားမှုကြီးမှာ လွတ်လပ်စွာ တွေးခေါ် မြော်မြင်မှုနဲ့ တရား မျှတာမှုကို ယုံကြည်တဲ့ သူတွေ ရှေ့တန်းက ပါဝင်ခဲ့ကြတာဟာ သဘာဝပါပ။ဲ အစပိုင်း ကတည်းက ဦးဝင်းတင်ဟာ လှုပ်ရှားမှုကြီး စတင် ဖြစ်ပွားခါစ က ပေါ်ပေါက်လာတဲ့ စာရေးဆရာများ သမဂ္ဂမှာ တက်ကြွစွာနဲ့ ပါဝင်ခဲ့ပါတယ်။
၁၉၈၈ စက်တင်ဘာလမှာ သူဟာ NLD အလုပ်အမှုဆောင်အဖွဲ့ရဲ့အတွင်းရေးမှူးတွေအထဲက တဦးဖြစ်လာ ပါတော့တယ်။ ယုံမှားစရာ မရှိတဲ့ သူ့ရဲ့အရည်အချင်းတွေ၊ သူ့ရဲ့ခိုင်မာတဲ့ ရည်မှန်းချက်တွေကြောင့် ဦးဝင်းတင်ဟာ ဒီမိုကရေစီ အရေးတော်ပုံကို ဆန့်ကျင်နေ ကြတဲ့ သူတွေရဲ့ အဓိက ပစ်မှတ်ဖြစ်လာ ပါတော့တယ်။ ဒါကြောင့်လည်းပဲ ၁၉၈၉ ခု ဇွန်လမှာ NLD ခေါင်းဆောင်တွေ ထဲက ပထမဆုံး အဖမ်းခံရတဲ့ လူတယောက် ဖြစ်လာပါတော့တယ်။ သူ့ကိုဖမ်းဆီးတဲ့ အကြောင်းကတော့ တရား ဥပဒေကနေ ရှောင်တိမ်းနေ တယ်လို့ ကြေညာခံရတဲ့ လူငယ်တဦးရဲ့ ဖခင်ဖြစ်သူနဲ့ တယ်လီဖုန်း စကားပြောခြင်းဆိုတဲ့ သက်သေ ထောက်အထား မရှိတဲ့ စွဲချက်နဲ့ပဲ ဖြစ်ပါတယ်။ ပါပဲဖြစ်ဖြစ် တယ်လီဖုန်းနဲ့ စကားပြောခြင်းဟာ သက်သေ အရာ မတည်ဘူးလို့ ဥပဒေက ဆိုပါတယ်။ ဒါပေမဲ့လည်း မြန်မာပြည်မှာ စစ်တပ်က အုပ်ချုပ်နေမှုကို ကန့်ကွက်သူတွေ အတွက် ဥပဒေက ကောင်းစွာ ကာကွယ်မှု မပေးနိုင်ပါဘူး။
အဖမ်းခံရပြီးပြီးခြင်းမှာပဲ ဦးဝင်ကို ၃ ရက်ကြာ အစာမကျွေး၊ မအိပ်နိုင်အောင် လုပ်ထားပြီး ဒီပိုကရေစီ အရေးတော်ပုံ ကြီးမှာ ပါဝင်ခဲ့တဲ့ သူရဲ့ လှုပ်ရှားမှုတွေကို စစ်ဆေး မေးမြန် ပါတော့တယ်။ စစ်ဆေး မေးမြန်းတဲ့ သူတွေက ဦးဝင်းတင်ဟာ ကျမရဲ့ နိုင်ငံရေး နည်းဗျူရာ ဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်၊ တနည်းအားဖြင့် ပြောရမယ်ဆိုရင် ကျမရဲ့ ရုပ်သေး ဆရာဖြစ်တယ် ဆိုတာကို ထွက်ဆိုစေဖို့ အဓမ္မ လုပ်ဆောင်လိုတဲ့ ပုံရှိခဲ့ပါတယ်။ ဒါပေမဲ့ သတ္တိနဲ့ ပြည့်စုံ၊ စိတ်ဓါတ်ကလည်း ခိုင်မာလှတဲ့ ဦးဝင်းတင်ကို အမှားတွေ ထွက်ဆိုဖို့ ဘယ်လိုမှ ခြိမ်းခြောက်လို့ မရခဲ့ပါဘူး။ ၁၉၈၉ အောက်တိုဘာလမှာတော့ သူ့ကိုထောင် (၃) နှစ် ချလိုက်ပါတယ်။ သူ့ကိုပြန်လွှတ်ဖို့ လအနည်းငယ် အလို ၁၉၉၂ ဇွန်လမှာ နောက်ထပ် အဓိပ္ပါယ်မရှိတဲ့ အကြောင်းပြချက်နဲ့ တရားစွဲဆိုပြီး ထောင် (၁၁) နှစ် ထပ်မံ ချလိုက်ပါ တယ်။
ဦးဝင်းတင်ဟာ သူ့အကြောင်းကိုပြောခဲပါတယ်။ NLD တည်ထောင်ပြီးကတည်းက သူနဲ့ကျမ အတူ တွဲပြီး နေ့တိုင်းလိုလို အလုပ်လုပ်ခဲ့တာ လပေါင်း အတော်ကြာမှ သူဟာ လူပျိုကြီး ဖြစ်တယ်ဆိုတာ အမှတ်မထင် သိလိုက်ပါတယ်။ သူဟာ တစ်ဦးထဲ နေထိုင်ပြီး သူရဲ့ အိမ်မှု ကိစ္စတွေကို ကိုယ်တိုင် လုပ်ကိုင်နေတယ် ဆိုတာကိုလည်း သိခဲ့ရပါတယ်။ ၁၉၈၉ ခုနှစ်မှာ သူ့ကို ထောင်ဒဏ် စီရင်ခဲ့ပြီး သိပ်မကြာခင်မှာပဲ သူ နှစ်ပေါင်းများစွာ နေထိုင်ခဲ့တဲ့ ( လမ်းမတော်မြို့နယ်၊ လမ်းသစ်ရိပ်သာ) နိုင်ငံပိုင် တိုက်ခန်းတစ်ခုမှာ နေထိုင်ခွင့်ကို ပယ်ဖျက် လိုက်တဲ့ အတွက် သူပိုင်ပစ္စည်းတွေကို သူ့ရဲ့မိတ်ဆွေ အပေါင်းအသင်းတွေက အဲဒီတိုက်ခန်းကနေ ဖယ်ရှား ပြောင်းရွှေ့ ပေးခဲ့ကြရပါတယ်။
ဦးဝင်းတင်ရဲ့ရုပ်သွင် အမူအရာ တခုလုံးကို ကြည့်လိုက်ရင် ခိုင်မာတဲ့ အသွင်အပြင် ပေါ်ထွန်း နေတာမို့ ဦးဝင်းတင်ဟာ နှလုံးနဲ့ ပတ်သက်ပြီး ဝေဒနာတစ်ခု ရှိတဲ့အတွက် အမြဲတမ်း ဆေးကုဖို့ လိုအပ်တယ် ဆိုတာကို သိတဲ့သူ အနည်းပဲရှိပါတယ်။ ဆေးဝါး ကုသပြုစု စောက်ရှောက်ဖို့ ကလည်း ပြည့်စုံမှုမရှိ၊ နေထိုင်မှု အခြေအနေကလည်း ဆိုးရွားလှတဲ့ အကျဉ်းထောင်ထဲမှာ ကာလကြာရှည်စွာ နေထိုင်ရတဲ့ အတွက် သူရဲ့ကျန်းမာရေး အခြေအနေဟာ ပိုပြီး ဆိုးရွား လာနေပါတယ်။ ၁၉၉၄ ခုနှစ် ဖေဖေါ်ဝါရီလ အတွင်းမှာ အမေရိကန် ပြည်ထောင်စု ကွန်ဂရက်အမတ် ဘီလ်ရစ်ချတ်ဆင်နဲ့ ဦးဝင်းတင်တို့ တွေ့ဆုံရစဉ်က ဦးဝင်းတင်ဟာ ‘ လည်ထောက်ကို ဝတ်ဆင် ထားရပါတယ်။ ကျောရိုးဆစ် ရောဂါကိုပါ ခံစားနေရလို့ပါ ဒါ့အပြင် သူ့ရဲ့သွားတွေကလည်း ဆေးကုသဖို့ လိုနေပါတယ်။ ဒါပေမဲ့ ယခင်အတိုင်း သူ့ရဲ့စိတ်အစဉ်ဟာ ကြည်လင်လျက် ရှိပြီး စိတ်ဓါတ်ဟာလည်း မယိမ်းမယိုင် ကြံခိုင်နေပါတယ်။ နဝတ ဟာ သူပြောသမျှ စကားလုံး အတိုင်း အာဏာပိုင်တွေဆီကို သတင်းအပို့ ခံရမယ် ဆိုတာ အသေအချာ သိလျက်နဲ့ ဦးဝင်းတင်ဟာ နဝတ စီစဉ်တဲ့ အမျိုးအသား ညီလာခံအပေါ် သူ့ဓလေ့ အတိုင်း ရှင်းလင်းပြတ်သားစွာ ဝေဖန်ခဲ့ပါတယ်။ ကျမဆီကိုလည်း အခိုင်အမာ အပြည့်ဝ ထောက်ခံကြောင်း သတင်းစကား ပါးခဲ့ပါတယ်။”
ဒီမိုကရေစီအရေးတော်ပုံကြီးတပ်ဦးတွင် စိတ်ဓါတ်ခိုင်မာစွာဖြင့် ယနေ့တိုင် တိုက်ပွဲဝင်နေသော နိုင်ငံရေး ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်သည် သတင်းစာဆရာ၊ စာရေးဆရာ တဦးလည်းဖြစ်သည်။ သူသည် ဝင်းတင်၊ ဝင်းဆွေ၊ ပေါ်သစ်၊ ပြည်စိုး၊ ပုည၊ မောင်ဝန်ဇင်း၊ သုသေသီ၊ အယ်ဒီတာတဦး စသည့် ကလောင်ကွဲများဖြင့် စာနယ်ဇင်းမျိုး စုံတွင် ဝတ္ထုတို၊ ပြဇာတ်၊ ကဗျာ၊ ဆောင်းပါး၊ စာပေဝေဖန်ရေး စသည်ဖြင့် အကြောင်းအ ရာ မျိုးစုံကိုရေးသားခဲ့သည်။
စာနယ်ဇင်းလောကနှင့် နိုင်ငံရေးလောကသည် ‘ ပန်းနှင့်ခေါင်း’ ပမာ ဆက်စပ် နေသကဲ့သို့၊ အယ်ဒီတာနှင့် နိုင်ငံရေး ခေါင်းဆောင်မှာလည်း ခွဲမရပေ။ တချိန်က တကသ စာဆောင် ‘ အိုးဝေ’ အယ်ဒီတာ ကိုအောင်ဆန်းသည် နောင်တွင် အမျိုးသား နိုင်ငံရေး ခေါင်းဆောင်ကြီး ဖြစ်လာခဲ့သည်။ ထိုနည်းတူစွာ ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ် ဟောင်းဆရာ ဦးဝင်းတင်သည်လည်း ယနေ့ ဒီမိုကရေစီ အရေးတော်ပုံတွင် ပြည်သူလူထု နှင့်အတူ တိုက်ပွဲဝင်လျက်ရှိပေသည်။
တိုင်းပြည်နှင့်ပြည်သူလူထုကောင်းကျိုးအတွက် သေတဖန် သက်တဆုံး အလုပ်ကျွေးပြုရန် သန္နိဌာန် ချထားသော ဆရာ ဦးဝင်းတင်ကို ၁၉၃၀ ပြည့်နှစ် မတ်လ ၁၂ ရက်နေ့တွင် ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့၌ အဖဦးပု၊ အမိဒေါ်အမာတို့မှ ဖွားမြင်ခဲ့ သည်။ မွေးချင်း သုံးဦးအနက် အကြီးဆုံး ဖြစ်သည်။
၁၉၅၃ တွင် ရန်ကုန်တက္ကသိုလ်မှ အင်္ဂလိပ်စာ၊ ခေတ်သစ်ရာဇာဝင်နှင့် နိုင်ငံရေး သိပ္ပံဘာသာတွဲဖြင့် ဝိဇ္ဇာဘွဲ့(B.A) ရရှိခဲ့ သည်။ ရန်ကုန် တက္ကသိုလ်နှစ်လည်း မဂ္ဂဇင်းများတွင် ဝင်းထင် အမည်ဖြင့် ကဗျာနှင့် ဝတ္ထုတိုများ စတင် ရေးသားရင်း ကလောင်သွေးခဲ့သည်။ ရန်ကုန် တက္ကသိုလ်၌ အရင်းနှီး ဆုံးကလောင် သွေးဖက်မှာ ဦးဝင်းမောင်(မင်းယုဝေ) ဖြစ်သည်။ တက္ကသိုလ်၌ ဦးထွန်းတင် (ရှေ့နေ)၊ စာရေးဆရာ ကျော်အောင်၊ ကြည်လင်၊ မြသန်းတင့် စသည့် တက္ကသိုလ် ကလောင်ရှင်များနှင့်လည်း ကျောင်းနေဖက် ဖြစ်ခဲ့သည်။
ငယ်စဉ်ကစာနယ်ဇင်း လုပ်ငန်းအထူးဝါသနာထူံခဲ့သည်။ဂျာနယ်ကျော်မမလေး ၏ ‘ သူလိုလူ’ ( ဦးချစ်မော်အ တ္ထုပ္ပတ္တိ) စာအုပ် ဖတ်ရာမှ သတင်းစာ ဆရာဖြစ်ချင်စိတ် ပြင်းပြခဲ့သည်။ ထို့နောက် ၁၉၄၃ တွင် ‘ အကျိုးဆောင်’ ဂျာနယ် လက်ထောက် အယ်ဒီတာ လုပ်ကိုင်ခဲ့ သည်။ ထို့နောက် စာပေဗိမာန်ဒ် လက်ထောက် အယ်ဒီတာအဖြစ် ၁၉၅၀ မှ ၁၉၅၄ ခုနှစ်အထိ တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၅၃ တွင် AFP နိုင်ငံခြားသတင်း ဌာနတွင် ညပိုင်း အယ်ဒီတာအဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့သည်။ ဆရာဒဂုန်တာရာ ဦးစီး ထုတ်ဝေသော ‘ ဂန္ထာဝင်’ ဂျာနယ်၌ လက်ထောက် အယ်ဒီတာအဖြစ် တွဲဖက်လုပ် ကိုင်ခဲ့ဖူးသည်။
ယင်းနောက် ၁၉၅၄ မှ ၁၉၅၇ ခုနှစ် နယ်သာလန် နိုင်ငံ အမ်စတာဒမ်မြို့ ဂျမ်ဘာ တန်( Jambarton) စာအုပ် ထုတ်ဝေရေး ကုမ္ပဏီတွင် စာအုပ် ထုတ်ဝေမှုပညာနှင့် စာနယ်ဇင်း ပညာဆည်းပူးရင်း တဖက်မှာလည်း မြန်မာ ဘာသာပြန် စာလုပ်စာတမ်းများ ထုတ်ဝေရေးတွင် အကြံပေး အယ်ဒီတာအဖြင့် လုပ်ကိုင်ခဲ့သည်။ တဖက်တွင် ပညာသင်ရင်း မြန်မာနိုင်ငံ သတင်းများ စုစည်း ‘ဒို့ပြည်သတင်း’ သတင်းစာကို မိမိငွေဖြင့် စောင်ရေ ၅၀၀ ထုတ်ဝေ၍၊ ပြည်ပရောက် မြန်မာများထံ စာတိုက်မှ အခမဲ့ ဖြန့်ဝေခဲ့သည်။ ဥရောပ၌ရှိနေ စဉ် လန်ဒန်မြို့၌ ပညာသင် ရောက်ရှိနေသော ဆရာမင်းယုဝေ ဆရာမငွေတာရီ ဇနီးမောင်နှံတို့နှင့် အတူ ဥရောပတိုက်ရှိ ပန်းချီ အနုပညာ ပြတိုက်များကို လှည့်လည်လေ့ လာခဲ့သည်။ ပန်းချီ ပြတိုက်များကို လေ့လာရာမှ နောင်တွင် ပန်းချီ ဝေဖန်ရေး ဆောင်းပါးများ ရေးသားခဲ့သည်။
၁၉၅၇ ခုနှစ်တွင် ကြေးမုံတသင်းစာကို ဦးသောင်း(အောင်ဗလ)၊ စိန်ခင်မောင်ရီ တို့နှင့်အတူ စတင် တူထောင်သူများတွင် ပါဝင်ခဲ့ပြီး ဦးစီး အယ်ဒီတာ အဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့သည်။ ၁၉၆၄ စက်တင်ဘာ ၁ တွင် ‘ ကြေးမုံ’ သတင်းစာ ပြည်သူပိုင် အသိမ်း ခံရပြီးနောက် ကြေးမုံ သတင်းစာတိုက်တွင် အယ်ဒီတာအဖြင့် ၁၉၆၈ ခုနှစ်အထိ ဆက်လက် လုပ်ကိုင်ခဲ့သည်။ ဆရာ ဦးဝင်းတင်သည် ၁၉၅၉ မှ ၁၉၆၄ ခုနှစ်အထိ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ အတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုစဉ်က ဥက္ကဌအဖြင့် ဆောင်ရွက်ခဲ့သူမှာ ဦးထွန်းဖေ( ထွန်းနေ့စဉ်) ဖြစ်ပြီး အမှုဆောင်များ အဖြစ် ဦးဘဖေ၊ ဂျာနယ်ကျော်တင့်ဆွေ၊ ဦးပေါ်ဦး၊ ဦးစောလှ၊ ဦးတင်ထွေး တို့ဖြစ်သည်။
၁၈၉၇ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် စတင်ထုပ်ဝေလာခဲ့သော ဟံသာဝတီ သတင်းစာကို ဒုတိယ ကမ္ဘာစစ် အပြီး ၁၉၄၅ ခုနှစ် အောက်တိုဘာ ၂၉ ရက်နေ့ ဗြိတိသျှ ဘားမားသူဌေး ဦးညွန့် (ကဗျာဆရာမငွေတာရီ၏ ဖခင်)က လွှဲပြောင်းယူ၍ နေ့စဉ် သတင်းစာ ထုတ်ဝေခဲ့သည်။ အဆိုပါ သတင်းစာ၌ ကရင်တော်လှန်ရေး ခေါင်းဆောင် စောဘဦးကြီး၏ သတင်းကို ၁၉၄၉ ဒီဇင်ဘာလ ၁ ရက်မှ ၁၉၅၀ ဖေဖေါ်ဝါရီ ၂၈ ရက်နေ့အ ထိ ဖေါ်ပြခဲ့သောကြောင့် ဖဆဖလ အစိုးရက ဟံသာဝတီ သတင်းစာကို ၁၉၅၀ မတ်လ တွင် ချိတ်ပိတ် ခဲ့သည်။ ၁၉၅၅ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ပြန်လည် ထုတ်ဝေခွင့် ရခဲ့သော်လည်း တော်လှန်ရေး ကောင်စီက ဟံသာဝတီ သတင်းစာကို ၁၉၆၉ ခု ဇန်နဝါရီ လ ၃၁ ရက်နေ့တွင် ပြည်သူပိုင် သိမ်းခဲ့သည်။ သတင်းစာတိုက် ကိုလည်း မန္တလေးမြို့သို့ ပြောင်းရွှေ့၍ တော်လှန်ရေး ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ကြီးနေဝင်း အမိန့်ဖြင့် ဆရာဦးဝင်းတင် ကို အယ်ဒီတာချုပ် အဖြစ် ခန့်အပ်ကာ ၁၉၆၉ အောက်တိုဘာလ ၁ ရက်နေ့တွင် ဟံသာဝတီ သတင်းစာကို ပြန်လည် ထုတ်ဝေစေခဲ့သည်။
ဆရာဦးဝင်းတင်သည် ဟံသာဝတီသတင်းစာနယ် အယ်ဒီတာချုပ်အဖြင့် တာဝန်ယူ ဆောင်ရွက်စဉ် သတင်းစာနှင့် စာပေ လှုပ်ရှားမှု အများအပြား အကောင် အထည်ဖေါ်ဆောင်ရွက် နိုင့်ခဲ့သည်။ သတင်းစာ လုပ်ငန်းနှင့် ပါတ်သက်၍ ဟံသာဝတီ သတင်းစာ မြို့နယ်သတင်းထောက် များ၏ လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲများကို ၁၉၇၄၊ ၁၉၇၅၊ ၁၉၇၆ ခုနှစ်များတွင် သုံးကြိမ်တိုင်တိုင် ဆောင်ရွက်နိုင်ခဲ့သည်။
ဆရာသည် စာပေနှင့်ယဉ်ကျေးမှု အဖွဲ့ငယ်ကိုဖွဲ့စည်းခဲ့ပြီး ရတနာပုံခေတ် သတင်းစာ ဆရာကြီး ဘိုဝဇီရအား ဂုဏ်ပြုသော အားဖြင့် ဘိုဝဇီရခန်းမကို တည်ထောင် ဖွင့်လှစ်ခဲ့သည်။ အဆိုပါ ခန်းမတွင် စာဆိုတော်နေ့ အခမ်းအနားများ၊ စာပေ ဟောပြောပွဲများ၊ စာတမ်းဖတ်ပွဲများ၊ စာပေဆိုင်ရာ အထိမ်းအမှတ်ပွဲများ၊ စာပေယဉ်ကျေးမှု ဆိုင်ရာ ပြပွဲများကို ပုံမှန် ကျင်းပပေးခဲ့သည်။ အဆိုပါ လှုပ်ရှားမှုများအနက် စာတမ်းဖတ်ပွဲ များကို စနေနေ့များတွင် ကျင်းပပြီး စနေ စာပေဝိုင်းများဟု ထင်ရှားခဲ့သည်။ စနေ စာပေဝိုင်း၏ အသီးအပွင့်အဖြစ် သတင်းဟာသ ( ဟံသာဝတီ ကာတွန်းများ)၊ ပြည်သူတို့၏ စကားပြန်၊ စနေစာပေဝိုင်း စသော စာအုပ် ထုတ်ဝေ နိုင်ခဲ့သည်။ စနေ စာဖတ်ဝိုင်းသည် မြန်မာစာပေ အနုပညာ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အရေးပါသည့် စာပေ လှုပ်ရှားမှုဖြစ် သော်လည်း မဆလ လမ်းစဉ်ပါတီ ဝေဖန်ထောက်ပြမှုကြောင့် ဟံသာဝတီ သတင်းစာ တိုက်ကို ၁၉၇၈ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် လုံးဝ ပိတ်သိမ်း လိုက်သလို၊ အယ်ဒီတာချုပ် ဦးဝင်းတင်ကိုလည်း ထုတ်ပယ် လိုက်လေသည်။
ဦးဝင်းတင်သည် ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ် လုပ်ကိုင်နေစဉ် အတွင်းသတင်းစာဆရာ ကိုယ်စားလှယ် တစ်ဦးအဖြစ် ဥရောပ နိုင်ငံများသို့ မြန်မာ သတင်းအဖွဲ့နှင့်အတူ လိုက်ပါရင်း ရောက်ရာ နိုင်ငံမှ သတင်းများ၊ ဆောင်းပါးများရေး၍၊ မြန်မာနိုင်ငံသို့ ပေးပို့ခဲ့သည်။ အဆိုပါဆောင်း ပါးများကို စုစည်း၍ ၁၉၇၂ ခုနှစ်တွင် “ ခြေမှာစကား၊ လက်ဖျားကဗျာ၊ မျက်နှာ ဇာတ်သိမ်း” အမည်ဖြင့် စာအုပ် ထုတ်ဝေခဲ့သည်။ ထို့နောက် အရှေ့ဥရောပ နိုင်ငံများနှင့် ဆိုဗီယက်ယူနီယံ နိုင်ငံသို့ လေ့လာရေးခရီး သွားရောက်ပြီးနောက် ‘ ကမ္ဘာနီတွင်-တဒင်္ဂ’ အမည်ဖြင့် ခရီးသွား မှတ်တမ်း စာအုပ်ကို ထုတ်ဝေခဲ့သည်။ ၂၀၁၁ ခုနှစ် စက်တင်ဘာ လတွင် ကြယ်နီ စာပေတိုက်မှ စနေ စာပေဝိုင်း စာအုပ်တွင်ပါရှိသော ဆရာဦးဝင်းတင်၏ ခရီးသွား စာပေ ဆောင်းပါးနှစ်ပုဒ်ကို စုစည်း၍ ‘ ခရီးသွားစာပေ’ ခေါင်းစဉ်ဖြင့် ထုတ်ဝေခဲ့သည်။ အဆိုပါ စာအုပ်၌ ဆရာဦးဝင်းတင်က -
“ ဒေသန္တရဗဟုသုတသည် လူတို့၏အမြင်ကို ကျယ်စေ၏။ ဆင်ခြေကိုတရား တိုးပွားစေ၏။ အလိမ္မာဥာဏ်ကို ရင့်သန်စေ၏” ဆိုသည့် စကားအတိုင်း ခရီးသွား စာပေ ကို ဖတ်ခြင်းဖြင့် အကျိုးကြီးစွာ ခံစားကြရသည့် အပြင် ငွေမကုန်လူမပန်းဘဲ ဒေသမျိုးစုံ သို့ ကိုယ်တိုင် ရောက်ပေါက်ကြရဘိ သကဲ့သို့ လူပေါင်းစုံ၊ ဓလေ့စရိုက်ပေါင်းစုံကို ကိုယ်တိုင် သိမြင် ခံစားကြရဘိ သကဲ့သို့ ရှိရသည်ဖြစ်၍ ခရီးသွား စာပေကို စိတ်ပါဝင်စား လေ့လာမှတ်သားသူ စာဖတ် ပရိသတ်အင်အားလည်း ခေတ်သစ်နှင့်အတူ တိုးပွား လာခဲ့သည်ဟု သုံးသပ် တင်ပြထားသည်။ ဆရာ ဦးဝင်းတင်သည် John Hersey ရေးသားခဲ့သော Hiroshima ကို ‘ လူ့ငရဲ’ အမည်ဖြင့် ဘာသာပြန်ခဲ့သည်။ အဆိုပါစာအုပ် ကို၂၀၁၁ စက်တင်ဘာလတွင် နေရီရီ စာအုပ်တိုက်မှ ဒုတိယအကြိမ် ပြန်၍ ထုတ်ဝေခဲ့ သည်။
ဆရာဦးဝင်းတင်သည် မန္တလေး၌ နေ့စဉ် ရန်ကုန်သို့ ဆင်း၍ သတင်းစာ ဆရာသင်တန်းများလဲ ပို့ချခဲ့သည်။ သတင်းစာ သမိုင်း ရေးသား ပြုစုရန်လည်း တက္ကသိုလ် ထင်ကြီး၊ လူထုဦးလှ၊ ဦးကြင်မောင်( ငွေဥဒေါင်း) တို့နှင့်အတူ ကြိုးပမ်းခဲ့သည်ဟုသိရသည်။
ထို့နောက် ဆရာဦးဝင်းတင်သည် ‘ ပေါ်သစ်’ ကလောင်အမည်ဖြင့် ပန်းချီဝေ ဖန်ရေးဆောင်းပါးကို စာနယ်ဇင်း များ၌ ရေးသား ခဲ့သည်။ နောင်တွင် အဆိုပါဆောင်းပါး ကို စုစည်း၍ ‘ အလှရှာပုံတော်’ ခေါင်းစဉ်ဖြင့် စာအုပ်တအုပ် ထုတ်ဝေခဲ့သည်။
ဆရာဦးဝင်းတင်သည် အင်္ဂလိပ်စာကို ကျွမ်းကျင်ပိုင်နိုင်သူဖြစ်သော့ကြောင့် အမေရိ ကန်စာရေး ဆရာ (ဟင်နရီ စစ်ဒနာ ဟာရီဆင်) (Henery Sydnor Harrison, 1880.1930) ရေးခဲ့သည်။ ‘ Queed’ ဝတ္ထုကို ‘ ကွိ’ အမည်ဖြင့် မြန်မာ ပြန်ဆိုခဲ့သည်။ ထို့ပြင် Northern Light စာအုပ်ကိုလည်း ‘ ဥတ္တရအလင်’ အမည်ဖြင့် ပြန်ဆိုခဲ့သည်။
ဆရာဦးဝင်းတင်သည် ရှစ်လေးလုံး အရေးတော်ပုံကြီးတွင် အနုပညာရှင်ပေါင်းစုံ တို့၏ ကြေညာချက် ထွက်ပေါ် လာရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ အရေးခင်း ကာလအတွင်း စာနယ်ဇင်းသမဂ္ဂ သတင်းစာတွင် ခေါင်းကြီးပိုင်း သတင်း၊ သတင်း၊ ဆောင်းပါးများ ရေးသား ပေးခဲ့သည်။ ထို့ပြင် ကျောင်းသား သမဂ္ဂ မှ ဦးစီးထုတ်ဝေသော ‘သမဂ္ဂ’ သတင်းစာ တွင်လည်း ပါဝင် ရေးသားခဲ့သည်။ ၁၉၈၈ သြဂုတ် ၃၀ တွင် ‘ဆန္ဒဖေါ်သံ’ သတင်းစာကို ကိုယ်တိုင် ထုတ်ဝေခဲ့သည်။
ထို့နောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးကို စစ်တပ်မှအကြမ်းဖက် ဖြိုခွဲပြီးနောက် သမိုင်းလိုအပ်ချက် အရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဖွဲ့စည်းသောအခါ အဖွဲ့ချုပ်၌ဗဟို အလုပ်အမှုဆောင် အဖွဲ့၏ အတွင်းရေးမှူး အဖွဲ့ဝင် အဖြစ် စတင် ပါဝင် လှုပ်ရှားခဲ့သည်။ အမျိုးသား ညီညွှတ်ရေး တပ်ပေါင်းစု၌လည်း ဒေါ်မြင့်မြင့်ခင်နှင့်အတူ နာယက အဖြစ် တာဝန်ယူခဲ့သည်။
၁၉၈၉ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် စစ်အစိုးရ၏ မတရားသော ကြေညာ ချက် အမှတ်(၃၈) ကို ဆန့်ကျင်ရာ၌ သုံးစွဲခဲ့သည်။ “ အများပြည်သူ သဘောမတူတဲ့ အမိန့် အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဟူသော ဆောင်ပုဒ်ကို ရေးသားပေးခဲ့သည်။
၁၉၈၉ ဇွန်လိုင်လ ၄ ရက်တွင် တရားခံပြေးတဦး၏ ဖခင်ထံ ဖုန်းဆက်စ ကားပြောဆိုမှုကို အကြောင်းပြု၍ ဆရာ ဦးဝင်းတင်အား စစ်အစိုးရ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အများပြည်သူ ဆူပူ အုံကြွအောင် လုပ်ဆောင်ရာတွင် နောက်ကွယ်မှ ကြိုးကိုင်သည် ဟု အကြောင်းပြချက်ဖြင့် လွတ်ရက်စေ့ခါနီး- ၁၉၉၂ ခုနှစ် ဇွန်လိုင်လတွင် ထောင်ဒဏ် ၁၁ နှစ် ထက်မံ ချမှတ်ခဲ့ခြင်း ခံရသည်။
ဦးဝင်းတင်အား ၁၉၈၉ ခုနှစ် ဇွန်လိုင်လ ၄ ရက်နေ့ ဖမ်းစီးအချိန်မှစ၍ အင်းစိန်ထောင် အထူးတိုက်- ဝင်းအတွင်း၌ ထားရှိ၍ ပတ်ဝန်းကျင်နှင့် လုံးဝ အဆက်အသွယ် ဖြတ်တောက်ခြင်း ခံရသည်။ ထို့အပြင် ထောင်ဝင်စာ လည်း အပိတ်ခံရသည်။ ၁၉၉၁ နှစ်ကုန်ပိုင်းတွင် ဦးဝင်းတင်အား အထူးတိုက်မှ အမှတ် ၃ တိုက်သို့ ပြောင်းရွှေ့ခဲ့သည်။ မြန်မာနိုင်ငံသို့ ကုလအထူး ကိုယ်စားလှယ် ‘ယိုဇိုယိုကိုတာ’ လာရောက်စဉ် အတွင်း အကျဉ်းချ ခံနေရသော နိုင်ငံရေး သမားများ အပေါ် နဝတ အစိုးရ အာဏာပိုင်များ၏ ညှင်းပမ်း နှိပ်စက် မှုများနှင့် ပတ်သက်၍ ပလစ်စတစ်အိတ် ( ကျွတ်ကျွတ်အိတ်) ပေါ်တွင်- အသေးစိတ် ရေးသား ပေးပို့ထားသည့် စာကို နိုင်ငံရေး အကျဉ်းသားများနှင့် အတူ ပါဝင် လက်မှတ် ရေးထိုးခဲ့သည်။ ထို့ပြင် အကျဉ်းထောင် ပုံစံ အင်္ကျီများပေါ်တွင် “ စု၊ လွှတ်၊ ပြန်တွေ့၊ / စု၊ ဖျက်၊ တွေ့” ဆိုသည့် ခေါင်းစဉ်ဖြင့် မြန်မာပြည် နိုင်ငံရေး သုံးသပ်ချက် စာတမ်းကို ရေးသားပြုစုကာ ထောင်အပြင်သို့ ထုတ်ခဲ့သည်။
‘ စု’ ဆိုသည်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြောက်ရေး၊
‘ လွှတ်’ ဆိုသည်မှာ လွှတ်တော်ခေါ်ယူရေး၊
‘ ပြန်တွေ့’ ဆိုသည်မှာ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် တွေ့ဆုံ ဆွေးနွေးပွဲများ ပြုလုပ်ရေး၊
‘ စု’ ဆိုသည်မှာ ဒီမိုကရေစီ ပြည်ထောင်စုသစ်ပေါ်ထွန်းရေး၊
‘ ဖျက်’ ဆိုသည်မှာ အမျိုးသားညီလာခံကို ဖျက်သိမ်းရေး၊
‘ တွေ့’ ဆိုသည်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် နဝတ ( နအဖ ) တွေ့ဆုံ ဆွေးနွေးရေး၊
ဆိုသည့် နိုင်ငံရေးလမ်းစဉ်ကို ဦးဝင်းတင်သည် ချမှတ်ပေးခဲ့သည်။ အဆိုစာတမ်းကို ၁၉၉၅ နိုဝင်ဘာလတွင် – ထောင်အတွင်းမှ ပြည်ပသို့ လျှို့ဝှက် ထုတ်ပေးမှု ကြောင့် ဦးဝင်းတင်အား ၁၉၉၆ မတ်လ ၂၈ ရက်နေ့တွင် ထောင်ဒဏ် ( ၇ ) နှစ် ထပ်မံ တိုးခဲ့ပြန်သည်။
အကျဉ်းချခံနေရစဉ်အတွင်း ဆရာဦးဝင်းတင်သည် ‘ ထ’ လေးလုံးပေါ် လစီချမှတ်ခဲ့သည်။
ပထမ ‘ ထ’ သည် ထူထောင်ရမည်။
ဒုတိယ ‘ ထ’ သည် ထိန်းသိမ်းရမည်။
တတိယ ‘ ထ’ သည် ထိုင်မနေနှင့်၊
စတုတ္ထ ‘ ထ’ သည် ထိတွေ့ရမည်ဟူ၍ ဖြစ်သည်။
အကျဉ်းချခံနေရစဉ်အတွင်းမှာပင် ၂၀၀၁ ခုနှစ်၌ ဦးဝင်းတင်အား ယူနယ်စကိုဂွီလာရ်မိုကာနို ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ခွင့်ဆု (Unesco – Guillermo Cano World Press Freedom Award) ကို ချီးမြှင့် ခံခဲ့ရသည်။ ထိုနှစ် အတွင်းမှာပဲ နိုင်ငံတကာ သတင်းစာများ အဖွဲ့ ( WAN. World Association of Newspaper) မှ ချီးမြင့်သည့် ‘လွတ်လပ်မှု ရွှေကလောင်ဆု’ ( Golden Pen of Freedom Award) ကို သာယာဝတီ စမ်းစမ်းနွဲ့နှင့် အထူးချီးမြှင့်ခံခဲ့ရသည်။ ထောင်သက် အရှည်ဆုံး သတင်းဆရာကြီး ဦးဝင်တင်အား ဂုဏ်ပြုသည့် အနေဖြင့် ပြင်သစ်နိုင်ငံ – လမ်းတလမ်း ကို ဝင်းတင်လမ်းဟု မှည့်ခေါ်ခဲ့ကြသည်။
ဆုငွေကြေးများအားကို မြန်မာသတင်း သမဂ္ဂ သို့ လှူဒါန်း – ‘ ဥဒါန်းမဂ္ဂဇင်း’ ကို ထုတ်ဝေ စေခဲ့သည်။ ဥဒါန်း မဂ္ဂဇင်းကို ဦးဝင်းတင် လှူဒါန်းငွေဖြင့် မတည်ကာ မဂ္ဂဇင်း၏ အထွေထွေ ကုန်ကျ စရိတ်များကို အမေရိကန် အခြေစိုက် National Endowment of Democracy အဖွဲ့၊ ပြင်သစ်အခြေစိုက် Reporters San Frontieres၊ အမေရိကန် အခြေစိုက် နိုင်ငံတကာ သတင်းစာများ အဖွဲ့ (Wold Association of Newspaper) အဖွဲ့တို့က ကူညီ ပံ့ပိုးပေးခဲ့သည်။
နဝတ စစ်အစိုးရက ဦးဝင်းတင်အား ၂၀၀၅ ဇူလိုင်လတွင် ထောင်မှလွတ်ပေး မည်ဟုဆိုကာ ထိန်းသိမ်းထားရာ တိုက်မှ ထောင်ဗူးဝသို့ ခေါ်ထုတ်ကာ ၄ နာရီကျော် မေးမြန်း၍ ထောင်းဗူးဝမှ ပြန်သွင်း၍ ပြန်လည် အကျဉ်းချခဲ့သည်။ တနည်းအားဖြင့် လူတစ်ယောက်အား လူမဆန်စွာဖြင့် စိတ်ဓါတ် စစ်ဆင်ရေး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် နဝတ စစ်အစိုးရက နိုင်ငံတကာ၏ ဖိအားပေးမှုကြောင့် ဦးဝင်းတင် အား ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၂၃ ရက် နေ့တွင် အကျဉ်းထောင်မှ ပြန်လည်လွှတ် ပေးခဲ့သည်။ အကျဉ်းထောင်မှ လွတ်မြှောက်ပြီးနောက် ဆရာဦးဝင်းတင်သည် ထောင်တွင်း၌ အမျိုးမျိုး အဖုံဖုံ ညှဉ်းပန်း နှိပ်စက် ခံရမှု အတွေ့အကြုံများကို ရေးသားခဲ့သည့် ‘ ဘာလဲဟဲ့…..လူ့ငရဲ ’ အမည်ရှိ စာအုပ်ကို ရေးသား၍ ၂၀၁၀ ပြည့်နှစ် မတ်လ ၁၂ ရက်နေ့တွင် ကျရောက်သော ဆရာ၏ အသက် ရှစ်ဆယ်ပြည့် မွေးနေ့အ ထိမ်းအမှတ်ဖြင့် ဒီမိုကရက်တစ် မြန်မာ့အသံမှ ၂၀၁၀ ပြည့်နှစ်တွင် ထုတ်ဝေ ပေးခဲ့ သည်။ အဆိုပါ စာအုပ်ကို မြန်မာနိုင်ငံရေး အကျဉ်းသားများ ကုညီ စောင့်ရှောက်ရေး အသင်း( AAPP) အဖွဲ့မှ ဖြန့်ချီပေးခဲ့သည်။
ယခုအခါ ဆရာကြီးဦးဝင်းတင်သည် အသက် ၈၁ နှစ် ပြည့်၍ လည်ပင်းကျီး ပေါင်းတက်ရောဂါ၊ အူကျရောဂါ၊ သွေးတိုး ရောဂါ၊ ဆီးကျိတ်ရောင် ရောဂါ၊ သွားကိုက် ရောဂါတို့ကို ခံစား နေရသော်လည်း စိတ်ဓါတ်မကျဘဲ ယုံကြည်ချက် ခိုင်မာစွာဖြင့် ဒီမိုကရေစီ အရေးတော်ပုံကြီးတွင် မားမားမတ်မတ် ရပ်တည်ကာ ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်လျက် ရှိနေရာ အနာဂတ် မျိုးဆက်သစ် လူငယ်များအတွက် ရှေ့ဆောင် လမ်းပြ နိုင်ငံရေး ခေါင်းဆောင်တစ်ဦးဖြစ် သမိုင်းမှတ်တမ်း ဝင်နေမည်မှာ မလွဲဧကန်ပင်တည်း။
Ref: မိုးမခ
Thursday, November 3, 2011
ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် (သို့မဟုတ်) မြန်မာ့ သမိုင်းတကွေ့မှ အထင်ကရ နိုင်ငံရေး ခေါင်းဆောင် တဦး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment