December 28, 2011
ပီတာအောင်
တိုင်းရင်း သားဒေသကထွက်တဲ့ သယံဇာတတွေရဲ့အကျိုးကို တိုင်းရင်းသားတွေ ခံစားခွင့်ရရေး လူထုလှုပ်ရှားမှုတခု ပြုလုပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်ကထွက်တဲ့ သယံဇာတတွေကို ရခိုင်ပြည်နယ်သားတွေ ခံစားပိုင်ခွင့်နဲ့ ပတ်သက်လို့လာမယ့် ဇန်နဝါရီ ၁ ရက် နှစ်ဆန်းတရက်နေ့မှာ လူထုစည်းဝေးပွဲတခု ကျင်းပပြီး ပြည်သူတွေကို ရှင်းပြဖို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (အာအန်ဒီပီ) က စီစဉ်နေတာပါ။
အထူးသဖြင့် ရခိုင်ကမ်းလွန်က ထွက်တဲ့ သဘာဝဓာတ်ငွေ့ကရတဲ့ လျှပ်စစ်မီးတွေ ရခိုင်ပြည်သူတွေ အကျိုးခံစားခွင့်ရရှိဖို့ မြန်မာ နိုင်ငံမှာ မီတာခတွေ စတင် တိုးမြှင့်မယ့်နေ့နဲ့ချိန်ကိုက်ပြီး ကျင်းပဖို့စီစဉ်ထားတာလို့ ပါတီခေါင်းဆောင် ဒေါက်တာ အေးမောင်က ပြောပါတယ်။
“လျှပ်စစ်မီး နဲ့ ပတ်သက်လို့ လက်ရှိ ပေးနေရတဲ့ နှုန်းလေးတွေ လူထုကို ချပြဖို့ ရှိပါတယ်။ ဓာတ်ငွေနဲ့ ပတ်သက်လို့ပါ။ အဲဒါကို တရုတ်ပြည်ကြီးကိုလည်း သင့်တော်တဲ့ နှုန်းနဲ့ ရောင်းသလို အဲဒီက တခြား ၁၀၀ လောက်ရှိတဲ့ ကုဗပေ တန်ကိုလည်း မြန်မာ လူထု ကို ပေးမယ်ဆိုတာ ကျနော်တို့ သိပါတယ်။ အဲဒီ အခြေခံ သင့်တော်တဲ့ နှုန်းလေးကို ရခိုင်ပြည်သူလူထုကိုလည်း အသုံးပြုပေးအောင်၊ သင့်လျော်တဲ့ နှုန်းထားလေး တခုကို ပြည်ထောင်စုအစိုးရ အပါအဝင် လွှတ်တော်က ဆုံးဖြတ်ပြီးကာမှ ပြုပြင်နိုင်အောင်ပါ။ အဲဒါလေးကို ကျနော်တို့ မီးမောင်းထိုးပြဖို့ ရှိပါတယ်။ လွှတ်တော်အမတ်တွေ တော်တော်များများ ပါမယ်။ ကျနော်တို့ ပါတီကလည်း ပါမယ်။ အဲဒါလေးကို ဆွေးနွေးဖို့ အစီအစဉ် လုပ်ထားတာပါ။”
ဒီလို ကျင်းပခွင့်ရဖို့ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ခွင့်ပြုချက် ရထားပြီးပြီလို့လည်း သိရပါတယ်။
မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား သုံးစွဲခတွေကို လာမယ့် ဇန်နဝါ ၁ ရက်နေ့ကစပြီး အိမ်သုံး ၁ ယူနစ် ၂၃ ကျပ်ကနေ ၃၅ ကျပ်နဲ့စီးပွားရေးလုပ်ငန်းသုံး ၁ ယူနစ်ကို ၅၀ ကျပ်ကနေ ၇၅ ကျပ်နှုန်းထိ တိုးမြှင့်ကောက်ခံမယ်လို့ မြန်မာအစိုးရက တရားဝင် ထုတ်ပြန်ထားတာပါ။
ဒါပေမယ့် ရခိုင်ပြည်နယ်မှာတော့ ၁၀ ယူနစ်လောက်ပဲ အစိုးရသတ်မှတ်နှုန်းနဲ့ ခံစားခွင့်ရပြီး ကျန်တဲ့ မီတာခ ယူနစ်တွေကို ၁ ယူနစ် မြန်မာကျပ် ၅၀၀ လောက်ထိ ရခိုင်ပြည်သူတွေက ပေးဆောင်နေရတာပါ။
ဒါကြောင့် ရခိုင်ပြည်နယ်မှာလည်း ရန်ကုန်နဲ့တခြားတိုင်းဒေသတွေမှာလို မီတာခတွေကို အစိုးရနှုန်းထားနဲ့တပြေးညီ သတ်မှတ်သင့်တယ်လို့လည်း ဒေါက်တာအေးမောင်က ပြောပါတယ်။
“ပြည် ထောင်စုကို ချီတက်တဲ့အခါမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဟာ တပြေးညီ ဖြစ်ဖို့လိုပါတယ်။ ကိုယ့်ရဲ့ နိုင်ငံထဲက ပြည်နယ် တိုင်းဒေသကြီးတွေ မဟုတ်ဘူးလား။ ဒီလူထုတွေကို ဒီလို မျှဝေခံစားခွင့် မရှိဘူးလား ဆိုတာလေးကိုလဲ ကျနော်တို့က မီးမောင်းထိုးပြချင်တာ။ ပြည်နယ်ဒေသတွေကလည်း ပြည်ထောင်စုရဲ့ အစိတ်အပိုင်းတွေမို့လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေါ်ပေါက်လာတဲ့ ပြည်ထောင်စုအစိုးရဟာ ကျောသား ရင်သား မခွဲခြားပဲနဲ့ တိုင်းဒေသကြီး ပြည်နယ် အကုန်လုံးကို ပေးနိုင်မယ့် တနည်းပဲ ရှိတယ်။ လူထုအကုန်လုံးက ရင်ဝယ်သား ကဲ့သို့ပေါ့ဗျာ။ ကျနော်တို့ဟာ ညီအစ်ကိုချင်းပဲ။ သားကြီးမို့လို့ အများကြီးယူပါစေ၊ သားငယ်မို့လို့ ဒါပဲ ဖြစ်သမျှ ခံရမယ် ဆိုတဲ့ စိတ်ဓာတ်မျိုးလည်း မရှိဖို့ ပြည်ထောင်စု အစိုးရမှာ လိုတယ်လေ။”
လက်ရှိအာဏာရ မြန်မာအစိုးရလက်ထက်မှာ ပြည်နယ်တိုင်းဒေသကြီး တခုကထွက်တဲ့ သယံဇာတတွေကို ပြည်ထောင်စုအစိုးရ ကသာ စီမံခန့်ခွဲနေပြီး ပြည်နယ်အစိုးရတွေက သယံဇာတတွေကို သက်ဆိုင်ရာ ဒေသတွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက် အသုံးချခွင့်မရှိဘဲ ဖြစ်နေတာပါ။
Ref: ဒီဗွီဘီ
Thursday, December 29, 2011
သယံဇာတ တန်းတူသုံးစွဲခွင့်ပေးရန် ရခိုင်ပါတီတောင်းဆို
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment