December 27, 2011
ရွှေအောင်
ဂျာနယ်ကျော် ဦးချစ်မောင် ရာပြည့်အခမ်းအနားကို ရန်ကုန်မြို့ ကမ်းနားလမ်းမှာရှိတဲ့ စာပေဗိမာန်၊ စာနယ်ဇင်းခန်းမနဲ့ ရွှေဂုံတိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတို့မှာ ၂၀၁၂ ခု ဇန်နဝါရီ ၁ ရက်နေ့ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
စာ ပေဗိမာန်မှာ လုပ်မယ့် ရာပြည့်အခမ်းအနားကို ဂျာနယ်ကျော် ဦးချစ်မောင်ရဲ့ မြေး သီဟရတနာ စာပေတိုက်ပိုင်ရှင် ဦးသိမ်းစိုးက စီစဉ်ကျင်းပတာပါ။
အခမ်းအနား မှာ ဂျာနယ်ကျော် ဦးချစ်မောင်အကြောင်း ဟောပြောတာ၊ ဦးချစ်မောင်ရဲ့ စာပေမှတ်တမ်းမှတ်ရာ ခင်းကျင်းပြသတာတွေ ပြုလုပ်သွားမယ်လို့ ဦးသိမ်းစိုးက ပြောပါတယ်။
ရာပြည့် ပွဲပြုလုပ်ရတဲ့ အကြောင်းရင်းနဲ့ပတ်သက်လို့ ဦးသိမ်းစိုးက “နှစ် ၁၀၀ ဆိုတာက ကြုံတောင့်ကြုံခဲပေါ့။ ဆရာကြီး မင်းသုဝဏ်တို့၊ လူထုဦးလှတို့က နှစ် ၁၀၀ ပြည့်တွေ၊ အကုန်လုံးလုပ်သွားကြတာပဲ။ ဒီပွဲကတော့ ကျနော့်အဖိုး နှစ် ၁၀၀ ပြည့်လည်းဖြစ်တယ်။ ဒါက မဖြစ်မနေ လုပ်ရမယ့် အနေအထားတခုပဲ။ နောက်တခုက ရှေ့ကျနော်လုပ်ခဲ့တဲ့ အခြေအနေမှာ ဂျာနယ်ကျော်တွေကို လူတွေတော်တော်များများကို မပြနိုင်ခဲ့ဘူး။ အဲဒီတော့ အဲဒီရှေ့ပွဲတွေမှာလည်း သူတို့က ဂျာနယ်ကျော်ကို သေသေချာချာလေး ကြည့်ချင်တယ်။ လေ့လာချင်တယ်။ အဲဒါမျိုးတွေရှိတယ်။ အဲတော့ ကျနော်က ဒီပွဲမှာတော့ ဘယ်သူမဆို အကုန်လုံး လေ့လာနိုင်အောင်၊ ဒါကို ဗွီဒီယို ရိုက်သွားမလား။ တရွက်ချင်း အကုန်လုံး အဲဒါတွေပါ လုပ်ပေးဖို့ စီစဉ်ထားတယ်။”
ဂျာနယ် ကျော်ဦးချစ်မောင် ရာပြည့်အခမ်းအနားကို စာပေလောကသား အားလုံးကို ဖိတ်ကြားထားပြီး၊ တက်ရောက်ကြဖို့လည်း နှိုးဆော်ထားပါတယ်။ အဲ့ဒီနေ့မှာပဲ ဂျာနယ်ကျော် ဦးချစ်မောင် ဆိုတဲ့စာအုပ် ထုတ်ဝေဖြန့်ချိဖို့ရှိပြီး ဆောင်းပါးပုဒ်ရေ ၃၀ ပါရှိတယ်လို့ သိရပါတယ်။
ရာပြည့်အခမ်း အနားမှာ ဂျာနယ်ကျော် ဦးချစ်မောင်အကြောင်း ဟောပြောမယ့် သတင်းစာဆရာ၊ စာရေးဆရာ မောင်ဝံသကလည်း သူပြောမယ့် အကြောင်းအရာနဲ့ ပတ်သက်ပြီး ခုလို ပြောပါတယ်။
“ဂျာနယ်ကျော် ဦးချစ်မောင် ရာပြည့်ကျင်းပတဲ့ အချိန်မှာ ကျနော်တို့ မြန်မာနိုင်ငံမှာ သတင်းမီဒီယာလောက အပြောင်းအလဲတွေ အစပျိုးလာပြီးတော့ တမျိုးအပြောင်းအလဲတွေ ဖြစ်လာတယ်။ စာနယ်ဇင်းလွတ်လပ်ခွင့် အများကြီးကို လျော့နည်းတဲ့အချိန်ကနေ အခု တဖြည်းဖြည်းနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ကို အလားအလာတွေ ရှိလာတယ်။ ရေးလို့သားလို့ ရလာတယ်။ ဂျာနယ်ဦးချစ်မောင် ကာလတုန်းကတော့ ကိုလိုနီ လက်ထက်အောက်မှာ စာနယ်ဇင်းလွတ်လပ်ခွင့် အတွက် ကောင်းကောင်းအသုံးချပြီးတော့ သူတို့လုပ်ခဲ့ကြတယ်ပေါ့။ အခုလည်း ကျနော်တို့က မီဒီယာ ဥပဒေတို့ ဘာတို့ပေါ်လာမယ်ဆိုတော့ ဂျာနယ်ကျော် ဦးချစ်မောင်တို့ရဲ့ အစဉ် အလာကို ဆက်ပြီးတော့ ထိန်းလို့ရတယ်ပေါ့။ သတင်းမီဒီယာ လုပ်ငန်းနဲ့ သတင်းစာပညာနဲ့ တိုင်းပြည်အကျိုးပြုမယ်ဆိုပြီး ဒီလမ်းကြောင်းကို ဆက်ပြီးတော့ ကျနော်တို့က လိုက်မယ်ဆိုတဲ့အကြောင်း အဲလိုပြောရမှာပေါ့။”
ဂျာနယ် ကျော်ဦးချစ်မောင် ရာပြည့်အခမ်းအနားကို ဇန်နဝါရီ ၁ ရက်နေ့မှာပဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးခန်းမမှာ၊ မွန်းလွဲ တနာရီအချိန် ပြုလုပ်ဖို့ရှိပြီး ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်၊ သတင်းစာဆရာကြီးလည်းဖြစ်တဲ့ ဟံသာဝတီ ဦးဝင်းတင်က ဆရာကြီးအကြောင်း ဟောပြောဖို့ရှိပါတယ်။
အဖွဲ့ချုပ်က ပြုလုပ်မယ့် အခမ်းအနားကိုလည်း စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်တဲ့ အကြောင်း အဖွဲ့ချုပ် ပြန်ကြားရေးက ဦးအုန်းကြိုင်က ပြောပါတယ်။
ဂျာနယ် ကျော်ဦးချစ်မောင်ဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့တဲ့ သတင်းစာဆရာ၊ စာရေးဆရာကြီး ဖြစ်ပါတယ်။
ဂျာနယ်ကျော် ဦးချစ်မောင် နာမည်နဲ့ သတင်းဆောင်းပါးတွေ၊ ခေါင်းကြီးတွေ အများအပြား ရေးသားခဲ့သလို ရွှေလင်းယုန် ကလောင်အမည်နဲ့လည်း နိုင်ငံရေးကျမ်းတွေ၊ ဝတ္ထုတွေ ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။
ဂျာနယ်ကျော် ဦးချစ်မောင်ကို ၁၉၁၂ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ ပဲခူးတိုင်း၊ အုတ်ဖိုမြို့မှာ အဘဦးမြ၊ အမိဒေါ်စောယုတို့က မွေးဖွားခဲ့ပါတယ်။
၁၉၃၀ ခုနှစ်လောက်ကစလို့ သတင်းစာဆရာအဖြစ် ထင်ရှားခဲ့ပါတယ်။ ၁၉၃၉ ခုနှစ်မှာ ဂျာနယ်ကျော် စာစောင်ကို ဦးစီးထုတ်ဝေခဲ့ပြီး ဂျာနယ်ကျော် ဦးချစ်မောင် အမည် တွင်ကျယ်ခဲ့တာပါ။ လွတ်လပ်ရေးရဖို့ ကလောင်ကိုင် တိုက်ပွဲဝင်ရင်း ၁၉၄၆ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။
Ref: ဒီဗွီဘီ
Wednesday, December 28, 2011
ဂျာနယ်ကျော်ဦးချစ်မောင် ရာပြည့်ပွဲကျင်းပမည်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment