December 28, 2011
မင်းလွင်
အမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဟာ ဒုတိယမြောက်နေ့အဖြစ် အင်းစိန် ထောင်ကို ဝင်ရောက်ပြီးတော့ အကျဉ်းသား အခြေအနေတွေ စစ်ဆေးခဲ့တယ်လို့ အင်းစိန်ထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
အမျိုးသား လူအခွင့်အရေးကော်မရှင်က အင်းစိန်ထောင်တွင်းကို စစ်ဆေးနေပေမယ့် အင်းစိန်ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျန်းမာရေး အခြေအနေကတော့ ဆိုးရွားနေတယ်လို့ နီးစပ်သူတဦးက ပြောပါတယ်။
“ကိုသက်နွယ်ကလည်း အခြေအနေ မကောင်းဘူးလေ၊ ကိုသန်းနိုင်ကလည်း HIV နဲ့တူတယ်။ နောက် တခြား ကင်ဆာ၊ တီဘီ ဖြစ်နေတဲ့ ရောဂါသည်တွေ အများကြီး ရှိနေတယ်။ နောက် မိန်းကလေးထဲကဆိုရင် ခင်ခင်နုတို့။”
ဒီအတောအတွင်း နယ်အဝေးက ထောင်တွေမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ ထောင်အပြောင်းအရွှေ့ ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားတွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။
ကသာထောင်မှာ နှစ်ရှည်ကျခံနေရတဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က မမီးမီး ရွှေဘိုထောင်ကို ပြောင်းရွှေ့ခံရတာနဲ့ ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို အကူအညီပေးနေတဲ့ ကိုကိုကြီး (စမ်းချောင်း) က ခုလို ပြောပါတယ်။
“ကသာက မီးမီးခေါ် သင်းသင်းအေးကို မနေ့ညက ပြောင်းတယ်။ ဒီနေ့ ရွှေဘိုထောင် ရောက်နေပြီ။ အဲဒီတော့ ဘယ်လို ပြောရ မှန်းတောင် မသိတော့ဘူး။ ဒီ တရက် နှစ်အတွင်း လွတ်မယ့်လူကို ဒီလို ထောင်ပြောင်းတယ်ဆိုတာ ဘယ်လောက် ဒုက္ခရောက် လဲဆိုတာ လူတိုင်း သိတယ်ဗျာ။ မလုပ်သင့်တဲ့ ဟာကို လျှောက်လုပ်နေတဲ့ သဘော ဖြစ်နေတယ်။ အမှန်က ထောင်ပြောင်းပြီ ဆိုရင် တယောက်တော့ မကဘူးဗျ၊ သူက အတွဲလိုက် သွားမှာပဲ။”
နိုင်ငံရေး အကျဉ်းသားတွေကို ဇန်နဝါရီလ ၄ ရက်နေ့နဲ့ ဖေဖော်ဝါရီ ၁၂ရက်နေ့ တွေမှာ နှစ်ခါခွဲပြီး လွှတ်ပေးမယ်လို့ ရထားဝန်ကြီး ဦးအောင်မင်းက တိုင်းရင်းသားခေါင်းတွေကို ပြောထားတဲ့ သတင်းတွေလည်း ထွက်ပေါ်နေချိန်မှာ ခုလို လူ့အခွင့်အရေးကော်မရှင်က အင်းစိန်ထောင်ထဲ ပထမဆုံးအကြိမ် သွားရောက်စစ်ဆေးခဲ့တာပါ။
Ref: ဒီဗွီဘီ
Thursday, December 29, 2011
လူ့အခွင့်အရေးကော်မရှင် အင်းစိန်ထောင် ဝင်ရောက်စစ်ဆေး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment