December 27, 2011
နော်နိုရင်း
မွန်ပြည်နယ် ပေါင်မြို့နဲ့ ဇင်းကျိုက်ရွာကြားက မိုးနိုင်းရွာမှာ ဒီနေ့မနက် ၇ နာရီလောက်က မီးလောင်မှု ဖြစ်ပွားခဲ့တဲ့အတွက် အိမ် ၈ လုံး မီးလောင် ပျက်စီးခဲ့ပြီး ကလေးငယ် နှစ်ဦး မီးလောင် သေဆုံးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
မိခင်ဖြစ်သူ ဈေးသွားချိန် မီးလောင်မှု ဖြစ်ပွားခဲ့လို့ ကလေးတွေ သေဆုံး သွားတာလို့ ဆိုပါတယ်။
ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့ကလည်း ပေါင်မြို့နယ် ဇင်းကျိုက်ရွာမှာ မီးလောင်မှု ဖြစ်ခဲ့တဲ့အတွက် အိမ်ခြေ ၁၂၄ လုံး မီးလောင်ပျက်စီးခဲ့ပြီး လူ ၁ ထောင်နီးပါး အိုးအိမ်မဲ့ဖြစ်သွားတယ်လို့ ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။
ဇင်း ကျိုက်ရွာ နေအိမ်တလုံးမှာ မီးအားမြှင့်စက် အသုံးပြုနေချိန် ဗို့အားမြင့်တက်ပြီး အပူချိန်လွန်ကဲရာက မီးစတင်လောင်ကျွမ်းတာလို့ သိရပါတယ်။
ခရစ္စမတ်နေ့ ညသန်းခေါင်အချိန် မီးလောင်မှု စတင်ဖြစ်ပွားပြီး ၂၆ ရက်နေ့ မနက်ပိုင်းကျမှ မီးငြိမ်းသတ်နိုင်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
အိုးအိမ်မဲ့ ဖြစ်သွားခဲ့တဲ့ လူ ၁ ထောင်နီးပါးအတွက် ဇင်းကျိုက်ရွာ မူလတန်းကျောင်းမှာ ကယ်ဆယ်ရေးစခန်း ဖွင့်ပေးထားပြီး အစိုးရအဖွဲ့အစည်းတွေနဲ့ ပုဂ္ဂလိက အလှူရှင်တွေ လာရောက်လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ တနင်္သာရီတိုင်း မြိတ်မြို့နယ် မြိတ်တောင်ရပ်ကွက်မှာလည်း မနေ့ည ၉ နာရီလောက်က ဝါယာရှော့ကနေ မီးလောင်မှု တခု ဖြစ်ပွားခဲ့ပါတယ်။
မီးလောင်မှု ကြောင့် မြိတ်တောင်ရပ်ကွက် အုပ်ချုပ်ရေးရုံးတခုလုံး မီးလောင် ပြာကျသွားပေမယ့် လူနေအိမ်တွေကို မကူးစက်ဘူးလို့ မြို့ခံတွေက ပြောပါတယ်။
Ref: ဒီဗွီဘီ
Wednesday, December 28, 2011
မွန်ပြည်နယ် မိုးနိုင်းရွာ မီးလောင်မှု ကလေးငယ်နှစ်ဦး သေဆုံး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment