27 ဒီဇင်ဘာ 2011
ဒီကနေ့မှာကျင်းပမယ့် ကွယ်လွန်သူ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီးလ်ရဲ့ ဈာပန အခမ်းအနားမတိုင်ခင် မနေ့က အင်္ဂါနေ့ အထိ မြောက်ကိုရီးယားနိုင်ငံသားတွေဟာ ဝမ်းနည်း ပူဆွေးမှုပွဲတွေကို လုပ်ဆောင်နေကြဆဲ ဖြစ်ပါတယ်။
ပြုံယမ်းမြို့တော်ရဲ့အပြင်ဘက်က နောက်ဆုံးဂါရဝပြု အခမ်းအနားကျင်းပတဲ့နေရာ၊ ကြီးမားလှတဲ့ ကင်မ်ဂျုံအီးလ်ရဲ့ ရုပ်ပုံကားချပ်ကြီး ရှေ့မှာ ထောင်ပေါင်းများစွာသောလူတွေဟာ အဖြူရောင်ပန်းတွေနဲ့ လွမ်းသူ့ပန်းခွေတွေ၊ ပန်းခြင်း တွေကိုင်ပြီး ရောက်လာနေကြ တာကို အစိုးရရဲ့ရုပ်မြင်သံကြားတွေမှာ ပြသနေခဲ့ပါတယ်။
ကင်မ်ဂျုံအီးလ်ရဲ့အရိုက်အရာကိုဆက်ခံခဲ့တဲ့ သားဖြစ်သူကင်မ်ဂျုံအွန်းဟာလည်း ဒီအခမ်းအနားကို နောက် တခေါက်လာရောက်ပြီး ကွယ်လွန်သူဖခင်ကို နောက်တကြိမ် ဂါရဝပြုခဲ့ပါတယ်။ မြောက်ကိုရီးယား အစိုးရ မီဒီယာတွေက ကင်မ်ဂျုံအွန်းကို အာဏာရ မြောက်ကိုရီးယား အလုပ်သမားပါတီနဲ့ မြောက်ကိုရီးယား တပ်မတော်ရဲ့ ခေါင်းဆောင်သစ်အဖြစ် ထပ်တလဲလဲဖော်ပြနေကြပါတယ်။
ကင်မ်ဂျုံအွန်းဟာ ဒုတိယကမ္ဘာစစ်အပြီး မြောက်ကိုရီးယားနိုင်ငံကို စတင်တည်ထောင်ခဲ့တဲ့ ကင်မ်အီဆွန်းရဲ့ တတိယမြောက် မျိုး ဆက် လည်းဖြစ်ပါတယ်။ ဒီကနေ့ ဗုဒ္ဓဟူးနေ့ ဈာပနအခမ်းအနားအစီအစဉ်အရ ကင်မ်ဂျုံအီးလ်ရဲ့ ရုပ်ကလာပ်ကို မြို့တွင်း လမ်း မကြီးတွေက ဖြတ်သန်းသယ်ဆောင်၊ နောက်ဆုံး ဂါရဝပြုခံပြီးတဲ့နောက်မှာ ဂူသွင်းမြှုပ်နှံသင်္ဂြိုဟ်မှာဖြစ်ပါတယ်။ အခုအချိန်ထိ ဈာပနအခမ်းအနား အစီအစဉ်ကို မြောက်ကိုရီးယား အစိုးရ မီဒီယာတွေက အသေးစိတ်ထုတ်ပြန် ကြေညာခြင်းမရှိသလို ဈာပန အခမ်းအနားမှာလည်း နိုင်ငံခြားသားတွေကို တက်ရောက်ခွင့် မပြုပါဘူး။
Ref: ဗွီအိုအေ
Wednesday, December 28, 2011
ကင်မ် ဈာပနအခမ်းအနားပြင်ဆင်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment