Wednesday, December 19, 2012

ထိုင်းနိုင်ငံ လူကုန်ကူးခံရသူ ၈ ဦး ပြန်လည် လွတ်မြောက်

2012-12-18

လူကုန်ကူးခံရပြီး ထိုင်းနိုင်ငံ၊ နခွန်ပသွန်ခရိုင်၊ နခွန်ပသွန်မြို့ ပန်းခြံမှာ အလုပ်စေခိုင်းခြင်း ခံနေရတဲ့ မြဝတီမြို့နယ် ကျောက်လုံး ကြီးရပ်ကွက်က မြန်မာပြည်သား(၈)ဦးကို ထိုင်းနိုင်ငံရောက် မြန်မာပြည်သားများ အသင်း (MAT) အဖွဲ့က မနေ့ညက ကယ်တင် နိုင်ခဲ့တယ်လို့ သိရပါတယ်။

ထိုင်းအထူးထောက်လှမ်းရေးအဖွဲ့ (DSI)၊ မြန်မာသံရုံး၊ နခွန်ပသွန်ခရိုင် လူဝင်မှုကြီးကြပ်ရေး အရာရှိများနဲ့ MAT ပူးပေါင်းအဖွဲ့တို့က မနေ့ည(၂)နာရီက ဝင်ရောက်ဖမ်းဆီးရာမှာ လူကုန်ကူးဂိုဏ်းခေါင်းဆောင်လို့ စွပ်စွဲခံရတဲ့ အသက်(၃၉)နှစ်အရွယ် မသူဇာနဲ့ သူမ ရဲ့လက်ထောက် အမျိုးသားတဦးကို ဖမ်းဆီးရမိတာပါလို့ MAT အဖွဲ့ခေါင်းဆောင် ဦးကျော်သောင်းက ပြောပါတယ်။

Read More...

ကချင်ပြည်နယ်က ဒုက္ခသည်စခန်းတွေကို အမေရိကန်သံအမတ်ကြီး သွားရောက် ကြည့်ရှု

2012-12-18

ကချင်ပြည်နယ်ကိုရောက်ရှိနေတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်လ် ဦးဆောင်တဲ့ အဖွဲ့ဟာ မနေ့က မနက်ပိုင်းမှာ ဝိုင်းမော်မြို့နယ်က စစ်ဘေးဒုက္ခသည် စခန်းတွေနဲ့ မြစ်ကြီးနားမြို့က HIV/AIDS ဝေဒနာရှင်တွေကို စောင့်ရှောက် ကုသပေးနေတဲ့ ဌာန တစ်ခုကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။

Read More...

တရုတ် ကွန်ဖူး ရုပ်ရှင်မင်းသား Jet Li ငလျင်ဒါဏ်ခံစားခဲ့ရသူများကို ကူညီမည်

2012-12-18

တရုတ် ကွန်ဖူး ရုပ်ရှင်မင်းသား Jet Li ဟာ ပြီးခဲ့တဲ့လက မြန်မာနိုင်ငံမှာ မြေငလျင်ဒါဏ်ကြောင့် ပျက်စီးခဲ့တာတွေ ပြန်လည်ပြုပြင် ဆောက်လုပ်ရေးမှာ တစ်တပ်တစ်အား ပါဝင်ကူညီသွားမယ်လို့ တရုတ်အထူးသတင်းဌာနတစ်ခုက ဖေါ်ပြလိုက်ပါတယ်။

မင်းသား လီရဲ့ One Foundation ကုသိုလ်ဖြစ်အသင်းဟာ ငလျင်ကြောင့် ပျက်စီးသွားတဲ့ စာသင်ကျောင်းသုံးကျောင်းပြန်လည် တည်ဆောက်ရာမှာ ကူညီသွားမယ့်အကြောင်း မြန်မာနိုင်ငံအခြေစိုက် တရုတ်ဘာသာနဲ့ထုတ်ဝေတဲ့ MMGP Media သတင်းမှာ ဖေါ်ပြထားပါတယ်။

Read More...

ရွှေ့ပြောင်းအလုပ်သမားနေ့အခမ်းအနား ပထမဆုံးအကြိမ်ကျင်းပ

2012-12-18

မြန်မာနိုင်ငံမှာ ပထမဦးဆုံးကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ရွေ့ပြောင်းသွားလာသူများနေ့ အထိမ်းအမှတ် အခမ်းအနားနဲ့ မြန်မာနိုင်ငံ ရွေ့ပြောင်း အလုပ်သမားများ အလုပ်အကိုင်အခွင့်အလမ်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဒီကနေ့ နံနက်ပိုင်းက နေပြည်တော်၊ MICC ခန်းမမှာ ကျင်းပပြုလုပ်ပါတယ်။

မြန်မာနိုင်ငံက ရွေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်း ၊မလေးရှား ၊ စင်္ကာပူ ၊ ကိုးရီးယား ၊ ဂျပန် စတဲ့ နိုင်ငံတွေ အပါအဝင် အရှေ့ အလယ်ပိုင်းနိုင်ငံ ၁၅ နိုင်ငံမှာ သွားရောက်လုပ်ကိုင်နေကြပြီး အများဆုံး လုပ်ကိုင်နေတဲ့ ထိုင်းနဲ့ မလေးရှားမှာ ကျန်ရှိနေသေးတဲ့ မြန်မာရွေ့ပြောင်း အလုပ်သမားလူဦးရေနဲ့ ပတ်သက်ပြီး အလုပ်သမားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က အခုလို ပြောကြားခဲ့ပါတယ်။

Read More...

မြန်မာနိုင်ငံခရီးစဉ်အကြောင်း WLB အဖွဲ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

2012-12-18

နယ်စပ်ဒေသအခြေစိုက် အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ) WLB ရဲ့ ပြည်တွင်း ခရီးစဉ် လေ့လာတွေ့ရှိချက်တွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ ရွှေဂုံတိုင် လမ်းမပေါ်က ရွှေရသာ စားသောက်ဆိုင်မှာ ဒီကနေ့မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။

အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)က (၆) ဦးပါ ကိုယ်စားလှယ်အဖွဲ့ဟာ ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်းခရီးစဉ်အနေနဲ့ တစ်ပတ်ကြာ ရန်ကုန်မြို့ကို လာရောက်ခဲ့တာဖြစ်ပြီး အဲဒီအဖွဲ့ဟာ ပြည်တွင်းမှာ လိုအပ်နေတဲ့ ငြိမ်းချမ်းရေးရရှိနိုင်ဖို့ အခြေအနေတွေနဲ့ နယ်စပ် ဒေသ အနီးအနားက တခြားအိမ်နီးချင်းနိုင်ငံတွေမှာ ရပ်တည်နေကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ဒုက္ခသည်တွေကို ကူညီထောက်ပံ့ပေးဖို့ အခြေအနေတွေကိုလည်း ဒီကနေ့ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အခုလို မြန်မာနိုင်ငံကို လာရောက်လေ့လာတာဟာ ယာယီသာဖြစ်ပြီး အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)ဟာ ပြည်တွင်းမှာ တရားဝင် ရပ်တည်ဖို့ အစီအစဉ်မရှိဘူးလို့ အဲဒီအဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး မတင်တင်ညိုက RFA ကို ပြောပါတယ်။

အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)ရဲ့ ပြည်တွင်းခရီးစဉ်မှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့အဖွဲ့နဲ့ တွေ့ဆုံခဲ့ပြီး၊ ရခိုင် တိုင်းရင်း သားရေးရာဝန်ကြီး၊ နိုင်ငံရေးပါတီတွေ၊ လူထုအခြေပြုအဖွဲ့အစည်းတွေ၊ အမျိုးသမီးလွှတ်တော်အမတ်တွေ၊ အမျိုးသမီးခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

အဖွဲ့အစည်းအသီးသီး၊ ပါတီအသီးသီးနဲ့ တွေ့ဆုံစဉ်မှာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာနေတဲ့ ဒီမိုကရေစီလမ်းစအခြေအနေတွေကို သုံးသပ် ဆွေးနွေးခဲ့တဲ့အပြင်၊ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံနေရတာတွေကို အပြန်အလှန် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

နယ်စပ်အခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)ကို ၁၉၉၉ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အမျိုးသမီးအရေးကို အခြေခံ လုပ်ကိုင်ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ၁၂ခုက ပူးပေါင်းဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

Ref: အာရ်အဖ်အေ

Read More...

ဗုဒ္ဓသာဝက ရဟန်းပျိုများအဖွဲ့ လက်ပန်းတောင်းတောင်အရေး သဘောထားထုတ်ပြန်

2012-12-18

လက်ပန်းတောင်းတောင်သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲမှုနဲ့ ပတ်သက်ပြီး ဗုဒ္ဓသာဝက ရဟန်းပျိုများအဖွဲ့က သံဃာတော်အပါး ၂၀ ကျော်ဟာ ကျောက်တံတားမြို့နယ် ၃၆ လမ်းမှာရှိတဲ့ မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းမှာ ဒီကနေ့ နေ့လည်ပိုင်းက သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့ပြီး အချက် ၃ ချက်ပါ သဘောထား ထုတ်ပြန်ချက်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန် အနေနဲ့ လက်ပန်းတောင်းတောင်အရေးကိစ္စ အပါအဝင် ဘယ်ကိစ္စမျိုးကိုမဆို မြန်မြန်ဆန်ဆန်နဲ့ ပွင့်ပွင့်လင်းလင်း ဆောင်ရွက်ပေးစေချင်တယ်လို့ ဦးဆောင်ဆရာတော် ဦးအိန္ဒြာဘ က သတင်းစာရှင်းလင်းပွဲမှာ အခုလို မိန့်ကြားခဲ့ပါတယ်။

" ဒီနေရာကနေ နိုင်ငံတော် သမ္မတဆီ အထူးအားဖြင့်ပြောကြားလိုတာ လက်ပန်းတောင်းတောင် ကိစ္စတွေနဲ့တကွ မည်သည့်ကိစ္စမဆို နိုင်ငံတော် အစိုးရအနေနဲ့ လျင်လျင်မြန်မြန်ဆောင်ရွက် ပေးပါလို့ ပြောကြားလိုပါတယ်"

သဘောထားထုတ်ပြန်ချက်ထဲမှာ လက်ပန်းတောင်းတောင် အကြမ်းဖက်မှုနဲ့ သက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေကို ဖော်ထုတ်ပေးဖို့၊ အကြမ်း ဖက်ဖြိုခွင်းမှုနဲ့ ပတ်သက်ပြီး သံဃာတော်တွေ ဆန္ဒဖော်ထုတ်ရာမှာ ပါဝင်အားဖြည့်ပေးခဲ့သူတွေကို ဖမ်းဆီးထားတာ ပြန်လည်လွှတ်ပေးဖို့နဲ့ လက်ပန်းတောင်းတောင်အရေးနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးကော်မတီကို သံဃာတော်တွေက စောင့်ကြည့်သွားမယ့် အချက်တွေ ဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးရေးကော်မတီရဲ့ ဆုံးဖြတ်ချက်ပေါ်မူတည်ပြီး မိမိတို့ရှေ့ဆက်ဆောင်ရွက်သွားမယ်လို့ သံဃာတော်တွေက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ မိန့်ကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က မန္တလေးမြို့မှာ လက်ပန်းတောင်းတောင် သပိတ်ဖြိုခွင်းခဲ့လို့ ဒဏ်ရာရရှိခဲ့တဲ့ သံဃာတော်တွေ အပါအဝင် သံဃာတော် အပါး ၁ ရာနီးပါးကို အစိုးရက ဝန်ချတောင်းပန်ခဲ့ပါတယ်။

Ref: အာရ်အဖ်အေ

Read More...

ကေအိုင်အေတပ်ရင်းတစ်ခု ကာမိုင်းမြို့နယ် ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်

2012-12-18

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ဖားကန့်မြို့နယ် မိုးကောင်း-ဖားကန့် ကားလမ်းပေါ်မှာ ရှိတဲ့ ကာမိုင်းမြို့နယ်ခွဲ ရဲစခန်းကို ဒီကနေ့မနက် ၄ နာရီ အချိန်လောက်က ခန့်မှန်း အင်အား လူဦးရေ ၅၀ လောက်ရှိတဲ့ ကေအိုင်အေ တပ်ရင်း ၆ လက်အောက်ခံတပ်က ဝင်ရောက်ပစ်ခတ် စီးနင်း ခဲ့တဲ့အတွက် အဲ့ဒီစခန်းက ရဲဝန်ထမ်းနဲ့ မိသားစုဝင်တွေ အပါအဝင် ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ စုံစမ်းသိရှိ ရပါတယ်။

ကေအိုင်အေဘက်က ဒီမနက်အစောပိုင်းမှာ ကာမိုင်းရဲစခန်းလက်နက်တိုက်ကို ဝင်စီးခဲ့တာနဲ့ ပတ်သက်ပြီး အဲ့ဒီစခန်းက သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကို ကားမိုင်းမြို့နယ်ခွဲဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

ဒဏ်ရာပြင်းထန်စွာ ရရှိသူ ၃ ဦးကိုလည်း အရေးပေါ်ခွဲစိတ်ကုသနေရပြီး ဝေဒနာပြင်းထန်လာရင် မိုးကောင်းနဲ့ မြစ်ကြီးနားဆေးရုံကို ပို့ဆောင်ကုသဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ဖားကန့်မြို့က အင်န်ဒီအက်ဖ် ကိုယ်စားလှယ် ဒေါ်ဘောက်ဂျာကို မေးကြည့်တော့

" ဟုတ်တယ် မနက်က ကျမ ယုဇန ကိစ္စနဲ့ပတ်သက်လို့ ရွာတွေကို ခေါ်ဖို့ လမ်းကြောင်း အခြေအနေမေးကြည့်တဲ့အခါ မနက်ပိုင်း ၅ နာရီလောက်မှာ ကေအိုင်အေ တွေက ရဲစခန်းကို ၀င်သိမ်းတယ် တချို့တွေက ထွက်ပြေးတယ်လို့ပြောတယ်။ ၀င်သိမ်းတဲ့အပေါ်မှာ ချုပ်ထားတဲ့ အချုပ်သားတွေကို အကုန်လွှတ်ပေးလိုက်တယ်တဲ့ ပြီးတော့ လက်နက်ကြီးတွေရော လက်နက်အသေးတွေရော အတော်
လေးသိမ်းလိုက်တယ်လို့ကြားတယ်။ အခုအချိန်မှာတော့ လမ်းမှာ စစ်တပ်တွေက အကုန်ပိတ်ထားတယ် ဘယ်မှ မသွားခိုင်းဘူး "

ဒီအကြောင်းနဲ့ပတ်သက်လို့ ကားမိုင်းရဲစခန်းကို RFA က ဆက်သွယ်ပေမဲ့ အဆက်အသွယ်မရခဲ့ပါဘူး။

ကားမိုင်းနဲ့ ၂၆ မိုင်ဝေးတဲ့ မိုးကောင်းရဲစခန်းကို ဆက်သွယ်မေးမြန်းတဲ့အခါ တာဝန်ကျရဲဝန်ထမ်းတစ်ဦးက ခုလိုပြောပါတယ်။

" အတိအကျ မသိရသေးပဲ လောလောဆယ်တော့ စုံစမ်းနေတုံးပါပဲ"

မိုးညှင်းခရိုင်ရဲစခန်းကို ဆက်သွယ်ပေမယ့် ဖုန်းကိုင်ဖြေဆိုခြင်းမရှိပါဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့ ကေအိုင်အိုကို ဆက်သွယ်မေးမြန်း ကြည့်တော့ အစိုးရတပ်က ဗဟိုနဲ့ ကေအိုင်အေ စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် အောက်ခြေတပ်တွေက အခုလို ရဲစခန်းကို ဝင်တိုက်ခိုက်တာဖြစ်နိုင်တယ်လို့ အတည်ပြုပြောဆိုပေမဲ့ အသေးစိတ်ကိုတော့ အစီအရင်ခံစာ တက်မလာသေးတာကြောင့် မသိရသေးဘူးလို့ အမည်မဖေါ်လိုတဲ့ ကေအိုင်အို အရာရှိတစ်ယောက်က ပြောပါတယ်။

ဒီဇင်ဘာလ ၁၄ ရက်နေ့က ကေအိုင်အို ဌာနချုပ်အနီးရှိ လက်ျားယန်တပ်စခန်းကို အစိုးရတပ်က ထိုးစစ်ဆင်တိုက်ခိုက်သလို ပန်ဝါ ဒေသမှာလဲ နှစ်ဖက်တပ်တွေ ဒီနေ့ ၁၂ နာရီအထိ တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

Ref: အာရ်အဖ်အေ

Read More...

လက်ပံတောင်းတောင်အရေး နှင့် မြေ ယာပြသနာအပေါ် ဥပဒေ စိုးမိုးရေး ရှုဒေါင့်မှ သုံးသပ်ခြင်း

18 December 2012

အပိုင်း (၂)

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းတွင် မူလက လုပ်ကိုင်လျှက်ရှိသော သတ္တုတွင်းဝန်ကြီးဌာန နှင့် အိုင်ဗင် ဟိုး ကုမ္ပဏီတို့က ဦးပိုင် နှင့် ၀မ်ပေါင် ကုမ္ပဏီတို့ကို ရောင်းချခဲ့ပြီးဖြစ်သဖြင့် ယခုဖြစ်နေသော ပြသနာမှာ နိုင်ငံတော်နှင့် လက်ပံတောင်းတောင် လူထုအကြားရှိ ပဋိပက္ခ မဟုတ်၊ ဦးပိုင်နှင့် ၀မ်ပေါင် ကုမ္ပဏီတို့က တဘက် လက်ပံတောင်းတောင် လူထုက တဘက် ဖြစ်ပွားနေသော ပဋိပက္ခသာ ဖြစ် သည်ဟူ၍ လမ်းကြောင်းလွှဲသည့် ထောက်ပြချက် တရပ်ပေါ်ထွက်လာသည်ကို သတိပြုမိသည်။ ဤသည်မှာ မှန်ပါသလား။

အထက်ပါ လမ်းကြောင်းလွှဲသည့် ထောက်ပြချက်မှာ အတော်ပင် ပညာသားပါပါသည်။ သာမန်လူထုများ အနေဖြင့် မျက်စိလည်သွားနိုင်ပြီး မြေယာနှင့်စပ်လျှဉ်းသည့် လူထုတိုက်ပွဲ၏ ဦးတည်ချက် လွဲချော်သွားနိုင်သည်။ ပြသနာ၏ အဓိက တရားခံအဖြစ် ဦးပိုင်နှင့် ၀မ်ပေါင် ကုမ္ပဏီ ကို ပထမအဆင့် လက်ညှိုးထိုးပြမည်။ ဒုတိယ အဆင့်အနေဖြင့် ဦးပိုင်က ၀မ်ပေါင်ကုမ္ပဏီ ကို လက်တွေ့လုပ်ငန်း၌ တဆင့်လက်ပြောင်း ပေးပြီး ဖြစ်သော ကြောင့် ပြသနာမှာ ၀မ်ပေါင် ကုမ္ပဏီ နှင့် လက်ပံတောင်းတောင်လူထုအကြားရှိ ပဋိပက္ခသာဖြစ်ကြောင်းဖြင့် တင်သွင်း လာဘွယ်ရှိသည်။

Read More...

ကရင်ပြည်သူလူထု အခြေအနေကို ဦးနေမျိုးဇင်နှင့်အဖွဲ့  လာရောက်လေ့လာ

18 December 2012
နန်းသူးလေ

ကရင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူလူထု၏ အခြေအနေများကို သိရှိနိုင်ရန်အတွက် မြန်မာလူမှု့ ဘ၀ဖွံ့ဖြိုး တိုးတက်ရေးကွန်ယက်အဖွဲ့ မှ ဦးနေမျိုးဇင်က ကရင်ပြည်နယ်သို့လာရောက် လေ့လာလျက် ရှိကြောင်း သိရသည်။

ကိုနေမျိုးဇင်နှင့် အဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၁၇ ရက်နေ့ က ကရင်ပြည်နယ် မြ၀တီမြို့ သို့  ရောက် ရှိလာပြီး ကရင်ပြည်နယ်အတွင်းရှိ လမ်းပမ်းဆက်သွယ်ရေး ခက်ခဲသောဒေသများတွင် လူမှု ရေးပရဟိ တလုပ်ငန်း လုပ်များ လုပ်ဆောင်နေသည့် အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့် သွားရောက် တွေ့ဆုံမည် ဖြစ်ကြောင်း ဦးနေမျိုးဇင်က ကေအိုင်စီ သို့ပြောသည်။

၎င်းက “ကျနော်လုံးဝမရောက်ဖူးသေးတဲ့ ဒီနယ်စပ်ဒေသက တိုင်းရင်းသားတွေရဲ့ဘ၀တွေ၊ လက်နက် ကိုင်အဖွဲ့အစည်းတွေ၊ ဒီဒေသဘက်မှာ ရှင်သန်လှုပ်ရှားပြီးတော့ ဒေသအကျိုးကို ဘယ်လိုဆောင်ရွက် နေကြ သလဲ ဆိုတာတွေ၊ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တွေ ရရှိခံစား လာရပြီးတဲ့နောက်ပိုင်း အခြေခံလူ တန်းစားတို့ရဲ့ ဘ ၀တွေကို ကျနော်တို့ ရသလောက် လေ့လာမှတ်တမ်းတင်သွားဖို့ပါ” ဟုပြောသည်။

ဒေသခံပြည်သူလူထုရဲ့  ဘ၀အမှန်ကို သိရှိခြင်းအားဖြင့် ရှေ့ဆက်မည့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် နယ်စပ်ဒေသရှိ လူငယ်များနှင့်လည်း ပူးပေါင်းပြီး ဒေသခံလူထု ဘက်မှ လိုအပ်ချက်များကို ဦးစားပေးလုပ်ဆောင်ပေးသွားရန်လည်း ရည်ရွယ်ကြောင်း ကိုနေမျိုးဇင်က ဆက်လက်ပြောဆိုသည်။

အလားတူ တေးဂီတပညာရှင် ကိုရဲလွင် ဦးဆောင်သည့် “ပန်းရဲ့ လမ်း” လူမှုကူညီရေးအဖွဲ့က လည်း ကရင်ပြည်နယ်သို့ရောက်ရှိနေကြပြီး ကချင်ပြည်နယ်ရှိ စစ်ပြေးဒုက္ခသည်များကို ကူညီနိုင်ရန် ရန်ပုံငွေဖျော်ဖြေပွဲများ ပြုလုပ်ကြမည် ဖြစ်ကြောင်းလည်း သိရသည်။

ကချင်ဒုက္ခသည်ကူညီရေးအတွက် ပြုလုပ်သည် ရန်ပုံငွေဖျော်ဖြေရေးနှင့် ပတ်သက်၍ “ဖျော်ဖြေရေး ပွဲလေးတွေလုပ်သွားပြီး ဒေသခံတွေကလှူဒါန်း ချင်သလောက် လှူဒါန်းလာတဲ့ အလှူငွေတွေကိုကျနော် က လက်ခံပေးပြီး ကချင်စစ်ပြေးဒုက္ခသည်တွေကို သွားရောက်လှူဒါန်းမှာဖြစ်ပါတယ်” ဟု ကိုရဲလွင်က ပြောသည်။

ထို့အပြင် လာမည့် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်မည့် တိုးတက်သောဗုဒ္ဓဘာသာ ကရင် အမျိုးသားတပ်မတော် (DKBA) ၏ ၁၈ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ပန်းရဲ့လမ်း တေးဂီတအဖွဲ့ မှ ဖျော်ဖြေပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ဒေသခံလူထုအကျိုးကို ဒေသခံလူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်နိုင်ရန် လာရောက် ချိတ်ဆက်ခြင်း ဖြစ်သည့်အပြင် မြန်မာနိုင်ငံအတွင်းပိုင်း (ပြည်မ)တွင် တိုင်းရင်းသားလူမျိုးများ အကြောင်း သိရှိမှု အားနည်းနေသေးသည့်အတွက် တိုင်းရင်းသား လူမျိုးများအပေါ် ရှုမြင်သုံးသပ် ချက်များကို ပြည်တွင်းဟောပြော ပွဲများတွင် ထည့်သွင်းပြောကြားသွားမည်ဖြစ်ကြောင်း ဦးနေမျိုးဇင် က ကရင်ပြည်နယ်လေ့လာရေး ခရီးစဉ်၏ ရည်ရွယ်ချက်ကို ရှင်းပြသည်။

မြန်မာလူမှု့ဘ၀ဖွံ့ဖြိုး တိုးတက်ရေး ကွန်ယက်သည် အနာဂတ် မြန်မာပြည်တွင် ပြည်တွင်း စစ်ပွဲများ မရှိရန်၊ တိုင်းရင်းသားအချင်းချင်း သွေးခွဲမှုမျိုး မရှိရန်၊ အိမ်နီးချင်းနိုင်ငံများကပါ အတုယူရလောက် သည့် ဖွံ့ဖြိုးတိုးတက်ပြီး လူတန်းစားညီမျှသည့် နိုင်ငံဖြစ်အောင် ရှေ့ဆက်လုပ် ဆောင်သွားမည် ဖြစ် ကြောင်း ဦးနေမျိုးဇင်က ဆက်လက်ပြောဆိုသည်။

မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်အဖွဲ့၏ ကရင်ပြည်နယ် လေ့လာရေးခရီးစဉ်သည် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ပြီးဆုံးမည် ဖြစ်ကြောင်း သိရသည်။

Ref: ကေအိုင်စီ

Read More...

ပြည်တွင်းလေ့လာရေးခရီးစဉ်နှင့် ပတ်သက် ၍ လေ့လာတွေ့ရှိ ချက်များ WLB သတင်း ထုတ်ပြန်

18 December 2012
ဖိုးခွါးလေး (ကေအိုင်စီ)

ထိုင်းနယ်စပ်ဒေသအခြေစိုက် အမျိုးသမီးများ အဖွဲ့ချုပ်-မြန်မာနိုင်ငံ (WLB) မှ တာဝန်ရှိသူ များ သည် ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၁၈ ရက် နေ့အထိ သွားရောက်ခဲ့သော ပြင်တွင်းလေ့လာရေးခရီး စဉ်အတွင်း ပြုပြင်ပြောင်း လဲမှုများနှင့် ပတ်သက်၍ လေ့ လာတွေ့ရှိချက်များကို ယနေ့  သတင်းထုတ်ပြန် လိုက်ကြောင်း သိရသည်။

၎င်းခရီးစဉ်တွင် ထိုင်းနယ်စပ်ဒေသအခြေစိုက် အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ)မှ အထွေထွေအတွင်းရေးမှူးဦးဆောင်ကာ ကိုယ်စားလှယ် ၆ ဦး သွားရောက်လေ့ လာခဲ့ကြကြောင်းသိရသည်။ ခရီးစဉ်အတွင်း မြန်မာငြိမ်းချမ်းရေးစင်တာ သို့  သွားရောက်လေ့လာခဲ့ပြီး ရခိုင် တိုင်းရင်းသား ဝန်ကြီးများ၊ နိုင်ငံရေးပါတီ အဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ အမျိုးသမီးလွတ်တော်အမတ်များ၊ အမျိုးသမီး ခေါင်းဆောင်များနှင့် အခြားသော အမျိုးသမီးအဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင် များနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းသိရသည်။

Read More...

Tuesday, December 18, 2012

အမေရိကန်ပြည်တွင်း လက်နက်ထိန်းချုပ်ရေး

ဒေါ်ခင်မျိုးသက်
17.12.2012

ဒီဇင်ဘာ ၁၄ရက် သောကြာနေ့က Connecticut ပြည်နယ် Newtown မြို့ကလေးက Sandy Hook မူလတန်းကျောင်းမှာ မူလတန်း ကျောင်းသားကျောင်းသူလေး ၂၀နဲ့ ကျောင်းအုပ်ဆရာမကြီး အပါအ၀င် ဆရာမ ၆ဦးကိုသေဆုံးစေခဲ့တဲ့ သေနတ်ပစ်ခတ်မှုဟာ အမေ ရိကန်သမိုင်းမှာ အဆိုးဝါးဆုံး ကြေကွဲဖွယ်ဖြစ်ရပ် တခုဖြစ်ပြီး ဒီဖြစ်ရပ်ကြောင့် အမေရိကန်နိုင်ငံ မှာ သေနတ်ကိုင်ဆောင်ခွင့် ထိန်း ချုပ်ရေးဆိုင်ရာ အခြေအတင် ဆွေးနွေးမှုတွေ တကျော့ပြန် တွေ့လာခဲ့ရပါတယ်။ ဒီလို အခြေအတင် ဆွေးနွေးမှု လုပ်သူ တွေရှိ နေသလို တချိန်မှာပဲ မေရီလန်းပြည်နယ် Baltimore မြို့မှာတော့ သေနတ်အစား တခြားပစ္စည်းတွေ ၀ယ်ယူဖို့ အလဲအလှယ်လုပ်တဲ့ အစီအစဉ် အတွက် တက်တက်ကြွကြွ ပါဝင်သူတွေက သူတို့ရဲ့ သေနတ်တွေကို လာအပ်နေကြတာပါ။ အပြည့်အစုံကိုတော့ ဒေါ်ခင်မျိုးသက် က ပြောပြပေးထားပါတယ်။

Read More...

သမ္မတဦးသိန်းစိန် နဲ့ ထိုင်းဝန်ကြီးချုပ် ထားဝယ် ရေနက် စီမံကိန်း လေ့လာ

နိုင်ကွန်းအိမ်
17.12.2012

တနင်္သာရီတိုင်းဒေသကြီးမှာ တည်ဆောက်နေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ အထူးစီးပွားရေးဇုံ စီမံကိန်းကို သမ္မတဦးသိန်းစိန်နဲ့ ထိုင်းနိုင်ငံဝန်ကြီးချုပ် ယင်းလတ် ရှင်နာဝပ်တို့ ဒီကနေ့ သွားရောက် လေ့လာခဲ့ ပါတယ်။ ဒီ အထူးစီးပွါးရေးစီမံကိန်းအောင်မြင်အောင် ထိုင်းမြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် သွားဖို့ ဆွေးနွေးခဲ့တယ်လို့ စီးပွါးရေးဇုံ တာဝန်ရှိသူတွေကပြောပါတယ်။ ဒါပေမဲ့လည်း ဒီစီမံကိန်းကြောင့် ထိခိုက်မှုဖြစ်ရတဲ့ ဒေသခံတွေ အတွက် ထိရောက်တဲ့ ကူညီ လုပ်ဆောင်ပေးမှုတွေ မရှိဘူးလို့ စီမံကိန်း ကို လေ့လာ စောင့်ကြည့်နေသူတွေက ဝေဖန်ကြပါတယ်။ ဒီအခြေအနေ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ ထားပါတယ်။

Read More...

ဂျပန်အစိုးရသစ်ပြောင်းပေမဲ့ မြန်မာ့ ODA အစီအစဉ် မပြောင်းနိုင်

စုမြတ်မွန်
17.12.2012

ဂျပန်နိုင်ငံမှာ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရသွားတဲ့ Liberal Democratic Party အစိုးရသစ်အနေနဲ့ မြန်မာ နိုင်ငံအပေါ်ထားတဲ့ မူဝါဒကို သိသိသာသာ ပြောင်းလဲမှာ မဟုတ်ဘူးလို့ ဂျပန် အကြီးတန်း သုတေသီတယောက်က ပြောလိုက်ပါတယ်။ ဂျပန်အစိုးရသစ်အနေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကိုပေးတဲ့ ODA ထောက်ပံ့ကူညီမှုတချို့ကိုလျှော့ချဖို့ ရှိနေပေမဲ့ မြန်မာနိုင်ငံအပေါ်ကိုတော့ လျှော့မှာ မဟုတ်ဘူးလို့ ဖွံ့ဖြိုးဆဲနိုင်ငံများလေ့လာရေး သိပ္ပံက အကြီးတန်းသုတေသီ Toshihiro Kudo က VOA မြန်မာပိုင်းကို ပြောပါတယ်။ Shinzo Abe အစိုးရသစ်နဲ့ မြန်မာနိုင်ငံကြား ဆက်ဆံရေးအလားအလာနဲ့ ပါတ်သက်လို့ စုံစမ်းထားတဲ့ ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြပါမယ်။

Read More...

ဆီးရီးယားအစိုးရတပ် ဒုက္ခသည်စခန်းကို ဗုံးကျဲ တိုက်ခိုက်

17.12.2012

ဆီးရီယားနိုင်ငံမှာ အကြမ်းဖက်မှုအခြေအနေတွေ ပိုဆိုးလာတဲ့အပေါ် ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ဝေဖန်ရှုတ်ချလိုက် ပါတယ်။ ဆီးရီယားထဲမှာရှိတဲ့ ပါလက်စတိုင်းဒုက္ခသည်စခန်းတခုကို ဆီးရီယားအစိုးရတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တယ်ဆိုတဲ့ သတင်းဟာ အင်မတန်ကို စိုးရိမ်ပူပင်စရာအခြေအနေဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ပြောဆိုသွားပါတယ်။ Yarmouk ဒုက္ခသည်စခန်းကို ဆီးရီယားအစိုးရက ဗုံးကြဲတိုက်ခိုက်တာကြောင့် အနဲဆုံး လူ ၈ ဦး သေဆုံးခဲ့တယ်လို့ ဆီးရီယားအတိုက် အခံလှုပ်ရှားသူတွေက ပြောပါတယ်။

Read More...

ကင်မ်ဂျူံအီလ် ကွယ်လွန်ခြင်း တနှစ်ပြည့် ကျင်းပ

17.12.2012

မြောက်ကိုရီးယားနိုင်ငံမှာ ခေါင်းဆောင် Kim Jong Il ကွယ်လွန်တဲ့ တနှစ်ပြည့် အထူးအောင့်မေ့ဖွယ်အခမ်းအနားကို သားဖြစ်သူ လက်ရှိ မြောက်ကိုရီယားခေါင်းဆောင် Kin Jong Un က ဦးောဆင်ပြီး ပြုလုပ်သွား ပါတယ်။ မြောက်ကိုရီးယား အစိုးရပိုင်းသတင်းရဲ့ထုတ်လွင့်ပြသမှု မှာတော့ သောင်းနဲ့ချီတဲ့ လူထုဟာ မြို့တော်ရဲ့ Sun ဂူဗိမာန်ရှိရာ Kumsusan နန်းတော်အပြင်ဖက်မှာ တိတ်တိတ်ဆိတ်ဆိတ် ရပ်နေတာကို မြင်ရပါတယ်။

Read More...

ဒေါ်အောင်ဆန်းစုကြည်အတွက် ဂုဏ်ထူးဆောင်ဒီမိုကရေစီဆု

မမိုးဖြူ
17.12.2012

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၂ ခုနှစ်အတွက် Ion Ratiu ဂုဏ်ထူးဆောင် ဒီမိုကရေစီ ဆုချီးမြှင့် လိုက် တယ်လို့ အမေရိကန်အခြေစိုက် Wilson သုတေသနအဖွဲ့က ကြေညာလိုက်ပါတယ် ။ လာမယ့်လထဲမှာ ချီးမြှင့်မယ့် ဒီဆုပေးပွဲ အကြောင်း ပြည့်ပြည့်စုံစုံ သိရအောင် ဆက်သွယ်မေးမြန်းထားတဲ့ မမိုးဖြူက တင်ပြပေးထားပါတယ်။

“The Ion Ratiu Democracy Award” ဆိုတဲ့ ဒီမိုကရေစီဂုဏ်ပြုဆုကို ကမ္ဘာတလွှား ဒီမိုကရေစီရေး ကြိုးပမ်းဆောင်ရွက်မှု သမိုင်းမှာ ထူးခြားပြောင်မြောက်တဲ့ စိတ်ကူးဥာဏ်ရည်၊ ကြံ့ကြံ့ခိုင်တဲ့ ရဲစွမ်းသတ္တိနဲ့ ပြည့်စုံတဲ့သူတွေရဲ့ လက်ရုံးရည်၊ နှလုံးရည်တွေကို အသိအမှတ်ပြု ချီးမြှင့်လေ့ ရှိပါတယ်။ Romania နိုင်ငံရေးသမား Ratiu ရဲ့ အမည်ကို ရည်ညွှန်းထားတဲ့ ဒီဆုကိုလာမယ့် လထဲမှာ ဒေါ်အောင်ဆန်း စုကြည် ကို ပေးအပ်ချီးမြှင့်ဖို့ အမေရိကန်အခြေစိုက် Wilson မူဝါဒရေးရာ သုတေသန အဖွဲ့ရဲ့ နိုင်ငံတကာအမျိုးသမီး ခေါင်းဆောင်များအဖွဲ့ GWLI က စီစဉ်ဆောင်ရွက်နေပါတယ်။ ခါတိုင်းနဲ့ မတူပဲ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို အခုချီးမြှင့်မယ့်ဆုက သမိုင်း ဝင် ဂုဏ်ပြုဆုဖြစ်တယ်လို့ GWLI ညွှန်ကြားရေးမှူး Rangita de Silva de Alwis က VOA ကို ပြောပါတယ်။

Read More...

ဒေါ်အောင်ဆန်းစုကြည် ကော့သောင်းမြို့ သွားမည်

2012-12-17

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌနဲ့ ကော့မှူး မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ကို သွားရောက်မယ်လို့ စုံစမ်းသိရပါတယ်။

ပြီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲကာလအတွင်းက တနင်္သာရီ တိုင်းဒေသကြီး မဲဆွယ်စည်းရုံးရေးခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေး အခြေအနေကြောင့် ကော့သောင်းမြို့ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရတဲ့အတွက် အခုလို ပြန်လည် သွားရောက်တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကော့သောင်းခရီးစဉ်အတွင်းမှာ ကော့သောင်းဒေသခံ ပြည်သူတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် တွေနဲ့ အဓိက တွေ့ဆုံသွားမှာဖြစ်တဲ့ အပြင် တစ်ခြားသော အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေကိုလည်း တတ်နိုင်သလောက် ကျယ်ကျယ် ပြန့်ပြန့် တွေ့ဆုံသွားဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။

ပြည်သူ့လွှတ်တော် အစည်းအဝေးတွေ လတ်တလော ရပ်နားထားချိန်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ကြားဖြတ် ရွေးကောက် ပွဲကာလက ဖျက်သိမ်းခဲ့ရတဲ့ မကွေးတိုင်းဒေသကြီး ခရီးစဉ်ကိုလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့က သွားရောက်ခဲ့ပါသေးတယ်။

Ref: အာရ်အဖ်အေ

Read More...

တကိုယ်တော် ဆန္ဒပြသူကို ပုဒ်မ ၁၈ နဲ့ တရားစွဲ

2012-12-17

လက်ပန်းတောင်းတောင် သပိတ်စခန်းတွေက အကြမ်းဖက် ဖြိုခွဲခံခဲ့ရတဲ့ ရဟန်းသံဃာတွေနဲ့ ပတ်သက်ပြီး အစိုးရတာဝန်ရှိသူတွေ က ဖြေရှင်းပေးဖို့ တစ်ကိုယ်တော် ဆန္ဒပြတောင်းဆို ခဲ့တဲ့ ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့က ကိုထင်ကျော် ကို ဒီကနေ့မှာ ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

ကိုထင်ကျော်ဟာ ဒီဇင်ဘာလ ၁၅ ရက်နေ့က သိမ်ကြီးဈေးရှေ့ကနေ ဆူးလေဘုရားလမ်းအတိုင်း လမ်းလျှောက်ကာ မြို့တော်ခန်းမ ရှေ့အထိ တစ်ကိုယ်တော် ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

ကျောက်တံတားမြို့နယ်ရဲစခန်းနဲ့ ပန်းဘဲတန်းမြို့နယ် ရဲစခန်းတို့က ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားတာကို အာမခံမယူဘူးလို့ ကိုထင်ကျော် က RFA ကို ပြောပါတယ်။ တရားမဝင် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားပြီး ဖမ်းဆီးခဲ့မယ်ဆိုရင်တောင် ဒီအမှုကို မရှောင်ဘဲ တရားဥပဒေအတိုင်း ရင်ဆိုင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ကိုထင်ကျော်ဟာ ကုန်ဈေးနှုန်းကျဆင်းရေး တောင်းဆိုဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်ပြီး ၂ဝဝ၇ ရွှေဝါရောင်အရေးအခင်းမှာ ကုန်ဈေး နှုန်းကျဆင်းရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့တာတွေကြောင့် ခန္တီးထောင်မှာ ထောင်ဒဏ် ၅ နှစ်ခွဲ အကျဉ်းကျခံခဲ့ရပြီး ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလပိုင်းက ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။

Ref: အာရ်အဖ်အေ

Read More...

အမေရိကန်သံအမတ်ကြီး ကချင်ပြည်နယ်ရောက်ရှိ

2012-12-17

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် မစ္စတာ ဒဲရစ်မစ်ချယ်လ် ဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကို ဒီဇင်ဘာလ ၁၇ ရက် ဒီကနေ့ ရောက် ရှိလာမယ်လို့ သိရပါတယ်။

ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ဖိတ်ကြားချက်အရ မြစ်ကြီးနားမြို့မှာ ဒီကနေ့ ည ၇ နာရီ အမေရိကန် သံအမတ်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ အစိုးရနဲ့ ကေအိုင်အိုအကြား ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖြစ် ဆောင်ရွက်ပေးနေတဲ့ ငြိမ်းချမ်းရေး ဆွေး နွေးရေး အကျိုးဆောင်အဖွဲ့ PCG မှ ဦးဂွမ်ဂျာမိုင်က RFA ကို အခုလိုပြောပါတယ်။

Read More...

ရန်ကုန် ဆေးရုံကြီးကို ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိစစ်ဆေး

2012-12-17

ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်က လက်ပန်းတောင်းတောင် သပိတ်စခန်းတွေ ဖြိုခွင်း ခံရချိန်မှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တဲ့ အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေပြားနဲ့မေးရိုးအထူးကုဌာနမှာ တက်ရောက်ကုသနေတဲ့ သံဃာတော်တွေ သွားရောက်တွေ့ဆုံခဲ့ပြီး၊ သံဃာတော်တွေရဲ့ ကျန်းမာ ရေးတိုးတက်မူ အခြေအနေတွေကို ကြည့်ရှုအားပေးခဲ့ပါတယ်။

Read More...

ဆန္ဒထုတ်ဖော်မှုများကို ရပ်ထားရန် သံဃာအများစု သဘောတူ

မန်းသားလေး
December 17, 2012

လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်တန့်ရေးနှင့် ဆန္ဒပြ သပိတ်စခန်းများ အင်အားသုံးဖြိုခွင်းမှုကို ကန့်ကွက်သည့် ဆန္ဒဖော်ထုတ် လမ်းလျှောက်ခြင်းကို သံဃာတော်များက ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

လက်ပံတောင်းတောင် သပိတ်စခန်းများအား အင်အားသုံး ဖြေရှင်းမှုတွင် သံဃာတော်များ ပြင်းထန်စွာ ထိခိုက် ဒဏ်ရာရရှိမှုအတွက် ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်စား သမ္မတရုံးမှ တာဝန်ရှိသူများက တောင်းပန်ပြီးသည့် အတွက် ဖြစ်ကြောင်း၊ လက်ပံတောင်း စုံစမ်းရေး ကော်မရှင်၏ လုပ်ဆောင်ချက်များကိုလည်း စောင့်ကြည့်သွားမည် ဖြစ်ကြောင်း သံဃာတော်များက မိန့်သည်။

“ပြည်ထောင်စုဝန်ကြီး နှစ်ဦးနဲ့ အစိုးရအဖွဲ့တွေက ၈၈ ကျောင်းသားတွေနဲ့ ကြားကနေ စေ့စပ်ညှိနှိုင်းပေးတဲ့အနေနဲ့ ဦးဇင်းတို့ကို ဒီလိုပွဲလေး စီစဉ်ပေးလို့ရမလား မေးမြန်းတဲ့အတွက် ဒီလို စီစဉ်ဖြစ်တာပါ။ ဦးပဇ္ဈင်းတို့ အဓိက တောင်းဆိုတဲ့ အချက် ၃ ချက်က တောင်းပန်ဖို့၊ အရေးယူပေးဖို့နဲ့ ပြန်လွှတ်ဖို့ပါ။ အရေးယူပေးဖို့က စုံစမ်း စစ်ဆေးရေးကော်မရှင် အပိုင်းပေါ့။ ပြန်လွှတ်ပေး ဖို့ကြ တော့လည်း အာမခံနဲ့ လွှတ်ထားတာကို လုံးဝ ပြန်လွှတ်ဖို့ ပြောတဲ့အခါမှာ ရုံးလုပ်ထုံး လုပ်နည်းအတိုင်း သွားရမှာဆိုတဲ့အတွက် ဦးဇင်းတို့စောင့်ကြည့်ရမှာပါ။ အခုဟာက တောင်းပန်တဲ့အပိုင်းပေါ့လေ။ ဒီလို တောင်းပန်လိုက်တဲ့အတွက် ဆန္ဒထုတ်ဖော်မှုတွေ ရပ်သွားတယ်” ဟု မန္တလေး ဘ၀အလင်းကျောင်းတိုက်မှ ဆရာတော် ဦးဥတ္တမသာရ ဧရာဝတီသို့ မိန့်သည်။

လက်ပံတောင်းတောင် ဖြိုခွင်းမှုတွင် ဒဏ်ရာရရှိကြသော ရဟန်း၊ သာမဏေများအား ပြည်ထောင်စု အစိုးရအဖွဲ့ ကိုယ်စား သမ္မတ ရုံးမှ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက တောင်းပန်လျှောက်ထားခြင်း အခမ်းနားကို ဒီဇင်ဘာလ ၁၅ ရက်နေ့ နေ့လည် ၂ နာရီ ကျော်အချိန်တွင် မန္တလေးမြို့ အတုမရှိ ကျောင်းတော်တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

အဆိုပါတောင်းပန်ပွဲသို့ လက်ပံတောင်းတောင် ဖြိုခွင်းမှုတွင် ဒဏ်ရာရရှိခဲ့သော ဆရာတော်များ၊ အကြမ်းဖက်မှု အပေါ်တွင် ပြန်လည် တောင်းပန်ရန်အတွက် ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်ခဲ့သည့် ဆရာတော်များ တက်ရောက်ကြသည်။

အစိုးရအဖွဲ့တွင် ပြည်ထောင်စု ၀န်ကြီး ဦးလှထွန်း၊ ကျန်းမာရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေသက်ခင်၊ မန္တလေးတိုင်း ၀န်ကြီးချုပ် ဦးရဲမြင့်၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေးနှင့် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ရဲချုပ် ကျော်ကျော်ထွန်းတို့ ပါဝင်သည်။

အခမ်းနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ဘုရားတပည့်တော်သည် ဗုဒ္ဓဘာသာဝင်တဦးဖြစ်ပြီး ဗုဒ္ဓဘာသာကိုလည်း သက်ဝင်ယုံကြည်သူ ဖြစ်ကြောင်း၊ သံဃာတော်များ ယခုကဲ့သို့ မမျှော်လင့်ဘဲ ထိခိုက်အနာတရ ဖြစ်ခဲ့ရခြင်း အတွက် များစွာ စိတ်မကောင်း ဖြစ်ရပါကြောင်း၊ ကြွရောက်လာသော အရှင်သူမြတ်တို့အား ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်စား တောင်းပန်လျှောက် ထားပါကြောင်း၊ သံဃာတော်များအနေဖြင့် မိမိတို့၏ ဆွမ်း ဒကာ၊ ဒကာမများ၏ ဆန္ဒကို စာနာလိုက်လျောပြီး ယခုကဲ့သို့ သပိတ် စခန်းများတွင် ရောက်ရှိပါဝင်ခဲ့ခြင်းဖြစ်မည်ဟု ယူဆမိပါကြောင်း၊ မမျှော်လင့်ဘဲ ထိခိုက်နာကျင်မှုများ ဖြစ်ပေါ်ခဲ့ရသည့် အပေါ်တွင် နှစ်ဦးနှစ်ဖက် အကျေအလည် ညှိညှိနှိုင်းနှိုင်း အဖြေရှာပြီး ဆောင်ရွက်လျှင် အကျိုးရှိမည်ဟု ထင်မြင်ယူဆမိပါကြောင်း လျှောက် ထားခဲ့သည်။

ထို့နောက် နိုင်ငံတော် သြ၀ါဒစရိယ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ဇောတိကာရာမဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တက၀ိန္ဒနှင့် ဆရာတော်များက သြ၀ါဒ ချီးမြှင့်ကြသည်။

လက်ပံတောင်းအရေးတွင် ဒဏ်ရာရရှိကြသည့် ရဟန်း၊ သာမဏေများမှ နိုင်ငံတော် အစိုးရ၏ တောင်းပန်ခြင်းအပေါ် သည်းခံခွင့် လွှတ်ပါကြောင်းကို ဆရာတော် သံဃာတော်များက ပါဠိဘာသာဖြင့် ရွတ်ဆို ပြန်လည်မိန့်ကြားခဲ့သည်။

တချို့သော သံဃာတော်များကလည်း လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်တန့်သည်အထိ ဆန္ဒဆက်ပြရေးအတွက် စီစဉ်မှုများ ရှိသကဲ့သို့ တချို့သံဃာတော်များကလည်း ကော်မရှင်အနေဖြင့် မည်ကဲ့သို့ လုပ်ဆောင်မည်ကို စောင့်ကြည့် မည်ဟုလည်း သိရသည်။

“လက်ပံတောင်းတောင် စီမံကိန်း လုံးဝရပ်ဆိုင်းဖို့ ကိစ္စကတော့ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကိုပဲ ဦးပဇ္ဈင်းတို့ စောင့်ကြည့် ရမယ်။ တကယ်လို့ သင့်တင့်မျှတတဲ့ ဖြေရှင်းချက်တွေ ဖြစ်မယ်ဆိုရင် လက်ခံပေးရမှာပေါ့” ဟု မုံရွာမြို့ ဇောတိကာရာမ ကျောင်းတိုက်မှ ဆရာတော်တပါးက မိန့်ကြားသည်။

ထို့တောင်းပန်ပွဲပြီးနောက်ပိုင်း စစ်ကိုင်းတိုင်း အာဏာပိုင်များက နိုဝင်ဘာလ ၂၉ ရက်နေ့နံနက် သပိတ်စခန်းဖြိုခွဲစဉ် သပိတ်စခန်း များမှ သိမ်းဆည်းသွားခဲ့သော ရေသန့်ဗူးများ၊ ဆိုင်ကယ်များ၊ မီးစက်များကို ဒေသခံများထံသို့ လာရောက် ပြန်လည်ပေးအပ်ခဲ့ ကြောင်း သိရသည်။

တဆက်တည်းတွင် ယနေ့နံနက်၌ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် တုံရွာတွင် ဒေသခံရွာသူရွာသား ၃၀ ခန့်က သပိတ်စခန်းဖြင့် လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ငြိမ်းချမ်းစွာ ဆက်လက်ဆန္ဒပြနေကြောင်း သိရသည်။

“လောလောဆယ်တော့ တောင်းပန်ပွဲ နောက်ဆက်တွဲ ဘာတွေ ဆက်လက် အကောင်အထည်ဖော်မလဲ ဆိုတာနဲ့ ကော်မရှင်က ဘယ်လို ဆက်လုပ်မလဲဆိုတာ ဆန္ဒပြသူတွေက စောင့်ကြည့်နေဆဲဖြစ်တယ်လို့ သိရတယ်” ဟု မုံရွာ အခြေစိုက် ပွင့်လင်းလူ့ အဖွဲ့အစည်းက ပြောသည်။

ဒီဇင်ဘာလ ၇ ရက်နေ့တွင် ပြည်ထောင်စု အစိုးရကိုယ်စား သာသနာရေးဝန်ကြီး သူရ ဦးမြင့်မောင်က ထိခိုက်ဒဏ်ရာ ရခဲ့ကြသည့် သံဃာများနှင့် ပတ်သက်၍ ရန်ကုန်ရှိ သံဃမဟာ နာယကဆရာတော်များကိုသာ လျှောက်ထား တောင်းပန်ခဲ့ရာတွင် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သေးသည်။

မန္တလေး ကန်တော်နဒီတွင် တက်ရောက် ဆေးကုသနေသော ဒဏ်ရာရ သံဃာတော် ၄ ပါးကိုလည်း ရန်ကုန် ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက်က ရောက်ရှိခဲ့သည်။

ဒေါ်နော်အုန်းလှ အပါအ၀င် လက်ပံတောင်းအရေး ဆန္ဒပြ၍ ဖမ်းဆီးခံခဲ့ရသူများကိုလည်း သက်ဆိုင်ရာ တရားရုံးများက ကြားဖြတ် အာမခံများဖြင့် ပြန်လည်လွှတ်ပေးခဲ့သည်။ ထို့အပြင် ဒီဇင်ဘာလ ၁၂ ရက်နေ့ လမ်းလျှောက် ချီတက်ဆန္ဒပြမှုတွင် ပါဝင်၍ ဖမ်းဆီးထားသော ဗကသ အဖွဲ့ဝင် ၄ ဦးကိုလည်း နိုင်ငံတော်သမ္မတရုံး၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်ပြီး ဒီဇင်ဘာလ ၁ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်နှင့် အဖွဲ့ဝင် ၃၀ ပါဝင်သော စုံစမ်းရေး ကော်မရှင်တရပ်ကို ထုတ်ပြန်ခဲ့ပြီး ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဒေါ်အောင် ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်ပါဝင်သော အဖွဲ့ဝင် ၁၆ ဦးနှင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ သို့သော် အဆိုပါ ကော်မရှင်သစ်၏ လုပ်ငန်း များတွင် အဓိက တခုဖြစ်သော ဆန္ဒပြသပိတ် ဖြစ်ရခြင်း အကြောင်း၊ သပိတ်စခန်းများအား ဖြိုခွင်းမှုနှင့် ပတ်သက်၍ စုံစမ်းစစ် ဆေးခြင်း တာဝန်များ ပါဝင်လာမှု မရှိသည့်အပေါ် ဝေဖန်မှုများ ရှိခဲ့သည်။

သို့သော် လက်ပံတောင်း ကော်မရှင်၏ အစည်းအဝေးမှတဆင့် ကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၄င်းကိစ္စများကို ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းသွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

လက်ပံတောင်း ကော်မရှင်က သတင်းထုတ်ပြန်ချက် ၂/၂၀၁၂ ကို ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ မီးခိုးဗုံးများ အသုံးပြုပြီး လူစုခွဲ ဆောင်ရွက်ခဲ့ရာ သံဃာအချို့နှင့် လူတချို့ မီးလောင်ဒဏ်ရာများ ရခဲ့ကြောင်း၊ ကော်မရှင်က ကန်တော်နဒီဆေးရုံသို့ သွားရောက်လေ့လာကြည့်ရှု့ခဲ့ကြောင်း၊ မီးလောင်ဒဏ်ရာရခဲ့ကြသူ လူနာများကို နိုင်ငံတော်က တာဝန်ယူ နေကြောင်း၊ ထို့ကြောင့် အကူအညီ လိုအပ်သူများအနေဖြင့် ကော်မရှင်သို့ ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်းတို့ ပါဝင်သည်။

လက်ပံတောင်း သပိတ်စခန်းများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ဖြိုခွဲခဲ့မှုကြောင့် မီးလောင် ဒဏ်ရာရခဲ့သော သံဃာ တော်များအနက် ဦးတိက္ခဉာဏသည်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ကူညီပေးမှုကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ဒီဇင်ဘာလ ၁၃ ရက်နေ့က သွားရောက် ဆေးကုသခွင့် ရခဲ့သည်ဟု ဦးတိက္ခဉာဏ၏ သားဖြစ်သူ ဒေါက်တာ နေသူရိန်၏ အဆိုအရ သိရသည်။

ဆေးကုသစရိတ်အဖြစ် ဘန်ကောက်ဆေးရုံကြီးတွင် ကျန်းမာရေး ၀န်ကြီးဌာနမှ ငွေကြေးစိုက်ထုတ်ကာ နိုင်ငံတော်မှ ထိုင်းဘတ်ငွေ ၁ သန်းကို ကူညီပေးခဲ့သည်။ ထို့အပြင် လက်ပံတောင်းကော်မရှင်မှ အမေရိကန် ဒေါ်လာ ၃၅၀၀ ကိုလည်း အကူအညီပေးခဲ့ကြောင်း ထိုင်းနိုင်ငံရောက် ရွှေည၀ါ ဆရာတော် ဦးပညာသီဟက ဧရာဝတီသို့ မိန့်သည်။

ထို့အပြင် တခြားသော အလှူရှင်များ စုစည်းကာ ဦးတိက္ခဉာဏ ဆေးကုသစာရိတ်အတွက် ကျပ်သိန်း ၁၀၀ ခန့်လည်း မိသားစု ၀င်များအား ပေးအပ်လှူဒါန်းခဲ့ကြောင်း ရွှေည၀ါဆရာတော်က ဆက်လက်မိန့်ကြားသည်။

အဆိုပါ ဆရာတော်နှင့် ဒဏ်ရာရ သံဃာတော်များအတွက် ဆေးဝါး ကုသစရိတ်များ ရရှိရန် ရွှေည၀ါ ဆရာတော် ဦးပညာသီဟ သည်လည်း ထိုင်းနိုင်ငံ မဲဆောက်မြို့နှင့် ချင်းမိုင်မြို့များတွင် တရားပွဲများ ကျင်းပကာ ရန်ပုံငွေ ရှာဖွေလျှက်ရှိသည်။

တခြားမီးလောင် ဒဏ်ရာရရှိသော သံဃာတော် ၄ ပါသည် နိုင်ငံကူးလက်မှတ်လုပ်ရန် အခက်အခဲများရှိနေသေး၍ ဆေးကုသွားရန် အတွက် စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း သိရသည်။

ချင်းမိုင် အခြေစိုက် ဧရာဝတီသတင်းထောက် လင်းသန့် ပူးပေါင်းရေးသားသည်။

Ref: ဧရာဝတီ

Read More...

ကျောက်ဖြူ အထူးစီပွားရေးဇုန် စီမံကိန်းတွင် တရုတ် အခန်းကဏ္ဍ လျှော့ချမည်ဟု ဆို

ခင်ဦးသာ
December 17, 2012

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်း တည်ဆောက်မည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းနှင့် ပတ်သက်သည့် လုပ်ငန်းများတွင် တရုတ်နိုင်ငံပါဝင်မှု အခန်းကဏ္ဍ လျှော့ချသွားမည်ဟု ပြီးခဲ့သည့် သီတင်းပတ်တွင် အစိုးရအဖွဲ့က ပြောဆို သွားကြောင်း သိရသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းအား ဒေသခံ ပြည်သူများ၏ ဆန္ဒသဘောထားအတိုင်း ဆောင်ရွက်မည်ဟုဆိုကာ ထိုဇုန် ဖြစ်မြောက်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ အလုပ်သမား ၀န်ကြီးဌာန ဒု ၀န်ကြီး ဦးမြင့်သိန်း ဦးဆောင်၍ ၀န်ကြီးဌာန ၁၁ ခုမှ တာဝန်ရှိသူများသည် ကျောက်ဖြူဒေသသို့ တပတ်ကြာ ကွင်းဆင်းခဲ့ကြောင်း၊ ဒေသခံပြည်သူများ၊ လူမှုအဖွဲ့အစည်းများ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပွဲ၌ ထိုသို့ ပြောဆိုသွားကြောင်း ဒေသခံ ကိုယ်စားလှယ်အဖြစ် တက် ရောက် ဆွေးနွေးခဲ့သူ ဦးလှမျိုးကျော်က ဧရာဝတီသို့ ပြောသည်။

“ဒီစီမံကိန်းမှာ တရုတ်နိုင်ငံပါဝင်မှု လျော့ချသွားမယ်လို့ ဦးမြင့်သိန်းက ပြောပါတယ်။ အဓိက ဦးဆောင်ပါဝင် တည်ဆောက်မှာက ဂျပန်နိုင်ငံနဲ့ ကိုးရီးယားရယ်၊ ဥရောပနိုင်ငံတွေနဲ့ လုပ်ဆောင်သွားဖို့ ပြောပါတယ်။ စီမံကိန်းကြီးကိုလည်း ဒေသခံတို့ရဲ့ ဆန္ဒပါမှ လုပ်မယ်လို့ ပြောသွားပါတယ်” ဟု ၎င်းက ဆိုသည်။

ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းပေါ်ရှိ ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းကို တရုတ်နိုင်ငံက ဦးဆောင် တည်ဆောက်နေပြီး ထိုစီမံကိန်း ကြောင့် ဒေသခံပြည်သူများ၏ လယ်မြေများကို အဓမ္မသိမ်းယူခြင်း၊ အုန်းခြံများ သိမ်းယူခံရပြီး ဖျက်ဆီးခံရခြင်း၊ သဘာဝ ပတ်ဝန်း ကျင် ထိခိုက်ပျက်စီးဆုံးရှုံးမှု များပြားခြင်း၊ ဒေသခံများအပေါ် လူ့အခွင့်အရေး ချိုးဖောက်ခြင်း စသည်တို့ကြောင့် တရုတ်နိုင်ငံ ဦး တည်ဆောက်မည့် စီမံကိန်းများကို ပြည်သူများက မလိုလားသည့်အတွက် တရုတ်ပါဝင်မှု လျှော့ချခြင်း ဖြစ်နိုင်ကြောင်း ဦးလှမျိုး ကျော်က ပြောသည်။

ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းကြောင့် မဒေးကျွန်းဒေသ ပင်လယ်ပြင်ရှိ သဘာဝ သန္တာကျောက်တန်းများကို မိုင်းခွဲဖျက်ဆီးသည့်အပြင် ထိုဒေသတ၀ိုက်၌ တနိုင်တပိုင် ငါးဖမ်းလုပ်ကိုင် စားသောက်နေသည့် ဒေသခံများမှာလည်း ယခုအခါ ငါးဖမ်းပိုင်ခွင့် မရှိတော့ကြောင်း၊ ထိုသို့ဆုံရှုံးနစ်နာမှုများကို ဆန္ဒထုတ်ဖော် တောင်းဆိုသွားရန် ပြင်ဆင်နေကြောင်းလည်း မဒေးကျွန်းဒေသခံ ကိုထွန်းကြည်က ပြောသည်။

ကျောက်ဖြူအထူး စီးပွားရေးဇုန် စီမံကိန်းနှင့် ပတ်သက်၍ ရွှေဂက်စ်ပိုက်လိုင်း စီမံကိန်းကဲ့သို့ နစ်နာဆုံးရှုံးမှုမျိုး ထပ်မံ မဖြစ်ပွားရေး ကြိုတင်ဆောင်ရွက်ရန်နှင့် စီမံကိန်းတခုချင်းစီ၏ လုပ်ငန်းများကို ဒေသခံပြည်သူများထံ ကနဦး ချပြ၍ ပြည်သူများ၏ ဆန္ဒအတိုင်း ဆောင်ရွက်ပေးရန် အစိုးရထံ တင်ပြတောင်းဆိုထားကြောင်း၊ အစိုးရအဖွဲ့ကလည်း သဘောတူကြောင်း၊ ယခု စီမံကိန်းသည် ယခင် စီမံကိန်းများထက် ပွင့်လင်းမြင်သာမှု တချို့ရှိ လာသည်ဟု ပြောဆိုနိုင်ကြောင်း ကိုလှမျိုးကျော်က ပြောသည်။

၎င်းက “စီမံကိန်း တခုချင်းစီရဲ့ MOU စာချုပ်နဲ့ ပတ်သက်ပြီးတော့ မလုပ်ဆောင်မီ ဒေသခံပြည်သူတွေကို ကြိုတင် အသိပေးဖို့ တင်ပြတာကို အာဏာပိုင်တို့က သဘောတူတယ်။ အခုလည်း စီးမံကိန်းနဲ့ ပတ်သက်တာတွေကို နယ်ပယ်အစုံက တတ်သိပညာ ရှင်တွေ ပါဝင်ဆွေးခွင့်ရပါတယ်” ဟု ၎င်းက ဆိုသည်။

သို့သော် လက်တွေ့ အကောင်အထည်ဖော် လုပ်ဆောင်မှု မရှိသေးသည့်အတွက် ကောင်းကျိုး၊ ဆိုးကျိုး ကိစ္စများကို ဒေသခံများ အနေဖြင့် စောင့်ကြည့်သွားရဦးမည် ဖြစ်ကြောင်း၊ လက်ရှိကွင်းဆင်းမှုအရ စီမံကိန်းနယ်မြေ၌ ကျေးရွာများ ပြောင်းရွှေ့ပေးရမည့် အခြေအနေ မရှိသေးကြောင်း လည်းဆိုသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ ထိုင်းနိုင်ငံ၊ ချင်းမိုင်အခြေစိုက် ရခိုင့်ရေနံစောင့်ကြည့်ရေးအဖွဲ့က ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့်“အန္တရာယ်ဇုန်” ဟူသော အစီရင်ခံစာတွင် ထိုဇုန်ကြောင့် ကျေးရွာပေါင်း အနည်းဆုံး ၄၀ ခန့် ပြောင်းရွှေ့ခံရမည်ဟု ဆိုထားသည်။

စတုရန်းကီလိုမီတာ ၁၂၀ ကျယ်ဝန်းမည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို တရုတ်နိုင်ငံပိုင် CITIC Group ကုမ္ပဏီက အဓိက တာဝန်ယူတည်ဆောက်ရန် လျာထားကြောင်း၊ ထိုဇုန်တွင် ဂျပန် အင်ဂျင်နီယာကုမ္ပဏီ Nippon Koei Co.,Ltd က ပါဝင်မည်ဟု ဦးမြင့်သိန်းက ပြောဆိုခဲ့ဖူးသော်လည်း အသေးစိတ် ရှင်းလင်းပြောဆိုမှု မရှိကြောင်းလည်း အစီရင်ခံစာက ဖော်ပြထားသည်။ ကျောက်ဖြူ အထူးစီးပွားရေးဇုန်သည် တရုတ်နိုင်ငံအတွက် အရေးပါကြောင်းလည်း ဆိုထားသည်။

CITIC တရုတ်ကုမ္ပဏီ၏ ကြိုတင်လေ့လာချက်အရ ထိုအထူးစီးပွားရေးဇုန်၌ ကနဦးရင်းနှီးမြှုပ်နှံမှုငွေ ပမာဏမှာ အမေရိကန်ဒေါ်လာ ၈ ဒသမ ၃ ဘီလီယံ လိုမည်ဖြစ်ပြီး၊ နှစ်ပေါင်း ၃၅ နှစ်အတွက် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ဒေါ်လာ ၈၉ ဒသမ ၂ ဘီလီယံ ရှိကြောင်း ရခိုင့်ရေနံစောင့်ကြည့်ရေး အဖွဲ့အစီရင်ခံစာက ဆိုသည်။

ကျောက်ဖြူအထူး စီးပွားရေးဇုန်တွင် ဒေသထွက်ကုန်ပစ္စည်းများ ကုန်ချောထုတ်လုပ်မည့် စက်မှုဇုန်များ၊ စက်ရုံ အလုပ်ရုံများ၊ အထူး ဇုန်များ၊ ဆိပ်ကမ်းများ၊ ဟိုတယ်ဇုန်များ စသည်ဖြင့် ပါဝင်မည်ဟု အကြမ်းအားဖြင့် သိရပြီး ဒေသခံပြည်သူများအတွက် ကောင်းကျိုး၊ ဆိုကျိုးနှင့် ရေရှည်လူနေမှု ဘ၀များအတွက် အသေးစိတ်လေ့လာ ဆောင်ရွက်ရဦးမည် ဖြစ်ကြောင်း တွေ့ဆုံဆွေနွေးပွဲ တက်ရောက် ခဲ့သည့် ရခိုင်သဟာရ အသင်းဝင်တဦး ဖြစ်သူ ဦးထက်အောင်ခိုင်က ပြောသည်။

အထူးစီးပွားရေး ဇုန်သည် ကြီးမားကျယ်ပြန့်သည့် စီမံကိန်းဖြစ်၍ သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်ပြီး ယခု ထက်ပိုမိုလေ့လာရန် လိုမည်ဖြစ်ကာ ဒေသခံများ၊ လူမှုအဖွဲ့များ၊ တတ်သိပညာရှင်များနှင့် အစိုးရအာဏာပိုင်တို့က ပူးပေါင်း ပါဝင်ဆောင်ရွက်ရန် လို မည်ဟုလည်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန်အဖြစ် ထားဝယ်နှင့် သီလ၀ါတို့ကို တည်ဆောက်နေပြီး ကျောက်ဖြူ အထူး စီးပွားရေးဇုန် တည်ဆောက် မည်ဆိုပါက အထူးစီးပွားရေးဇုန် ၃ ခု ရှိလာမည်ဖြစ်သည်။ ထိုဇုန်များ၏ လုပ်ငန်းကိစ္စများကို အကောင်အထည်ဖော် တည်ဆောက်မှုနှင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စများအတွက် ဒု သမ္မတ ဦးဉာဏ်ထွန်းက ဗဟိုကော်မတီဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်နေကြောင်း သိရသည်။

ကျောက်ဖြူအထူး စီးပွားရေးဇုန် တည်ဆောက်၍ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်မည်ဆိုပါက ဒေသတွင်း လမ်းပန်းဆက်သွယ် ရေး ကောင်းမွန်မှု၊ လျှပ်စစ်မီး ၂၄ နာရီသုံးစွဲနိုင်မှု၊ ကုတ်ထုတ်ပစ္စည်းများ အတင်အချပြုလုပ်မည့် ဆိပ်ကမ်းများ စသည့် အခြေခံ အဆောက်အအုံများကို ကနဦးတည်ဆောက်မှသာ နိုင်ငံတကာ စီးပွားရေးကုမ္ပဏီများ စိတ်ဝင်စားမည်ဖြစ်ကြောင်း ဂျပန်ပညာရှင်က မြန်မာအစိုးရကို တိုက်တွန်းသွားကြောင်းလည်း သိရသည်။

Ref: ဧရာဝတီ

Read More...

ရခိုင် လူမှုကွန်ရက်များ ဖွဲ့စည်း

ငြိမ်းချမ်း
December 17, 2012

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် ပြီးခဲ့သည့် ရက်ပိုင်းက ကျင်းပသော ၁၈ မြို့နယ် ရခိုင် လူမှုကွန်ရက် ညီလာခံမှ ၄ ခရိုင် ရခိုင် လူမှုကွန်ရက်အဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

အစိုးရ၏ လုပ်ရပ်သည် ပြည်သူ့ ကောင်းကျိုးအတွက် ဆိုပါက ထောက်ခံမည်ဖြစ်ပြီး ထိုသို့မဟုတ်ပါက ပြည်သူနှင့် တသားတည်း ၁၈ မြို့နယ်လုံး တညီတညွတ်တည်း ဆန့်ကျင် ကန့်ကွက်နိုင်ရန် ရခိုင် လူမှုကွန်ရက်အဖွဲ့ကို ဖွဲ့စည်းရခြင်းဖြစ်ကြောင်း ညီလာခံဖြစ် မြောက်ရေး အဖွဲ့မှ ကိုသန်းလွင် က ပြောသည်။

“အစိုးရ လုပ်ဆောင်ချက်က ပြည်သူတွေအတွက် နစ်နာတယ်။ ပြည်သူတွေ လက်မခံနိုင်ဘူးဆိုရင် ကန့်ကွက်မယ်”ဟုလည်း ၎င်းက ဆိုသည်။

ရခိုင် လူမှုကွန်ရက်အဖွဲ့ ခရိုင် ခေါင်းဆောင်များ အဖြစ် သံတွဲ ခရိုင်မှ ဦးစိုးဝင်း၊ ကျောက်ဖြူ ခရိုင်မှ ကိုသိန်းထွန်းအေး၊ စစ်တွေ ခရိုင်မှ ဦးကျော်စောဦး နှင့် မောင်တော ခရိုင်မှ ကိုအောင်မျိုးထွန်း တို့ကို ရွေးချယ်လိုက်ကြောင်း သိရသည်။

ယင်းညီလာခံကို တောင်ကုတ်မြို့ ကိုင်းရှည်ကျေးရွာ စေတျာရာမ ကျောင်းတိုက် ဓမ္မဗိမာန်တွင် ဒီဇင်ဘာလ ၁၅ ရက်နှင့် ၁၆ ရက် တွင် ကျင်းပခဲ့ပြီး ရခိုင်ပြည်နယ် ၁၇ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ ကိုယ်စားလှယ်များ အပါအ၀င် မြို့နယ် ၁၈ မြို့နယ်မှ ကိုယ်စာလှယ်များ၊ ရန်ကုန်မြို့မှ ဖိတ်ကြားထားသည့် လူမှုကွန်ရက်အဖွဲ့ ကိုယ်စားလှယ်များနှင့် တောင်ကုတ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) မှ ကိုယ်စားလှယ် စုစုပေါင်း အင်အား ၈၀ ကျော်တက်ရောက်ခဲ့သည်။

ထို ကွန်ရက်အဖွဲ့မှ ၁၆ ရက်နေ့ ထုတ်ပြန်သည့် ကြေညာချက်တွင် ရခိုင်ပြည်နယ်အတွင်း နယ်မြေလု ခိုးဝင်ကျူးကျော်လာသူများ နှင့် ဒေသခံများအကြား ဖြစ်ပွားခဲ့သော အရေးအခင်းအပြီး ခိုးဝင်လာသူများ ရှိကြောင်း၊ ယင်း ခိုးဝင်လာသူများကို ဒေသခံ တိုင်းရင်း သားများ၏ ဆန္ဒသဘောထားနှင့် ဆန့်ကျင်ပြီး ပြန်လည် နေရာချထားခြင်းသည် ပဋိပက္ခများ ထပ်မံ ဖြစ်ပေါ်စေနိုင်သော အခြေ အနေ ရှိနေသဖြင့် ပြန်လည် စဉ်းစားပေးရန် လိုအပ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ရခိုင်ပြည်နယ်အတွင်း ရောက်ရှိနေသည့် INGO, NGO အဖွဲ့များက ဒေသခံ တိုင်းရင်းသားများအတွက် ကောင်းမွန်စွာ လုပ်ကိုင်နိုင်ခြင်း ရှိမရှိ စောင့်ကြည့်လေ့လာရာတွင် ဤကွန်ရက်မှ ပူးပေါင်းဆောင်ရွက်သွားရန်၊ ရခိုင် ဒေသထွက် သယံဇာတ များ ကို ထုတ်ယူသုံးစွဲရာတွင် ပြည်သူလူထုအား ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးရန်၊ ဒေသခံပြည်သူလူထု အတွက် မျှဝေသုံးစွဲရာ တွင် မျှတမှုရှိမရှိ ကွန်ရက်မှ ပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်သွားရန်တို့ ပါဝင်ပြီး လက်ပံတောင်းတောင် အကြမ်းဖက် နှိမ်နင်းမှုကို အမြန်ဆုံး ဖြေရှင်းပေးရန် မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်ကို အမြန်ဆုံး ရပ်တန့်ပေးရန် တို့လည်း ကြေ ညာချက်၌ ပါဝင်သည်။

ညီလာခံသို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ အမျိုးသား ဒီမိုကရေးစီအဖွဲ့ချုပ်(NLD)၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ(ALP) နှင့် စစ်တွေ လူမှုကွန်ရက်မှလည်း သ၀ဏ်လွှာများပေးပို့ကြောင်း ညီလာခံ တက်ရောက်ခဲ့သော ခိုင်အောင်စိုးသန်းက ပြောသည်။

“ဒီလိုညီလာခံလုပ်တာ ကောင်းမွန်တဲ့ လက္ခဏာတရပ်ပါ။ ညီလာခံထဲမှာတော့ ကျနော်တို့ ပြည်နယ်ထဲမှာ ဘယ်လိုပြဿနာမျိုးတွေပဲ ပေါ်လာ ပေါ်လာ ရခိုင်တပြည်နယ်လုံးမှာ ရှိတဲ့ မြို့နယ်တိုင်းက ဝိုင်းဝန်းစဉ်းစားပြီးတော့ လုပ်သင့်တာတွေကို လုပ်သွားနိုင် အောင် ဆွေးနွေးကြပါတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။

Ref: ဧရာဝတီ

Read More...

ကချင်ဒေသတွင်း တိုက်ပွဲများကြောင့် ပိတ်ထားသည့်လမ်း ပြန်ဖွင့်ပြီ

လဖိုင်
December 17, 2012

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် ဗန်းမော် – လိုင်ဇာသွားသည့်လမ်းကို တပတ်ကျော်ကြာ လုံးဝပိတ် ထားရာမှ ယမန်နေ့မှ စတင်၍ ပြန်လည်ကာ အသွားအလာ ပြုလုပ်နိုင်လာပြီဖြစ်ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာလ ၆ ရက်မှစတင်ကာ ကချင်ပြည်နယ် ဒေါ့ဖုန်းယန်မြို့နယ်နှင့် လဂျားယန်ရွာ အနီးတ၀ိုက်တွင် အစိုးရတပ် လှုပ်ရှားမူများ တိုးလာခဲ့ပြီး လက်နက်ကြီးများ အပြန်အလှန် ပစ်ခတ်မူများ ရှိခဲ့သည်။ ဒီဇင်ဘာလ ၁၀ ရက်ကျော်ချိန်တွင် တိုက်ပွဲအရှိန် မြင့် တက်လာခဲ့ပြီး ဒီဇင်ဘာ ၁၃၊ ၁၄ ရက်နေ့များတွင် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ရာ အစိုးရက လေကြောင်းမှ ကူညီပေးမှုများ ပြုလုပ်ခဲ့သည်။

Read More...

ထားဝယ် အထူးစီမံကိန်း လာမည့်နှစ်ဆန်းပိုင်း စမည်

ဇာနည်မာန်
December 18, 2012

တနင်္သာရီတိုင်း ထားဝယ်ဒေသ ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တွင် ၂၀၁၃ နှစ်ဆန်းပိုင်းမှ စ၍ အသေးစား စက်မှုလုပ်ငန်း စက်ရုံများကို စတင် တည်ဆောက်တော့မည်ဟု သိရသည်။

ထိုင်းဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ်၏ ယမန်နေ့က ထားဝယ်ဒေသ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းသိန်းစိန်နှင့် တွေ့ဆုံ၍ စီမံကိန်း ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“သဘာဝ ပတ်ဝန်းကျင် မထိခိုက်တဲ့၊ အလုပ်ကိုင်အခွင့်လမ်း အများအပြား ဖန်တီးပေးနိုင်မယ့် အထည်ချုပ်စက်ရုံ၊ အီလက်ထရွန် နစ် ပစ္စည်းစက်ရုံ၊ ကွန်ပျူတာ စက်ရုံ စတဲ့ အငယ်စား စက်ရုံတွေကို အရင်စပြီးလုပ်ဖို့ ဆွေးနွေးခဲ့ပါတယ်”ဟု ထားဝယ်အထူး စီးပွားရေး ဇုန် အထောက်အကူပြု ယာယီလုပ်ငန်းအဖွဲ့ ဥက္ကဌ ဦးတင်မောင်ဆွေက ပြောသည်။

ထားဝယ် အထူးစီးပွားရေးဇုန်မှ တဆင့် ထိုင်း-မြန်မာ နှစ်နိုင်ငံကို ဆက်သွယ်မည့် ၄ လမ်းသွား အဝေးပြေးကားလမ်း တည်ဆောက် ရေး၊ ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး၊ လျှပ်စစ် ဓာတ်အားပေးလိုင်းများ၊ ရေပိုက်လိုင်း၊ ဆက်သွယ်ရေးအတွက် ဖိုင်ဘာ ဆက် ကြောင်း (fiber optic) လိုင်း ဆက်သွယ်ခြင်းများ ကို ၂၀၁၃ တွင် စတင်လုပ်ဆောင်မည်ဟု ဆိုသည်။

ထို့အတူ စီမံကိန်း မြေနေရာမှ ပြောင်းရွှေ့ပေးရမည့် ရွာများ ပြန်လည် နေရာချထားရေး အတွက် လူနေအိမ်ရာ ၅၀၀ ဆောက် လုပ်ပြီးစီးပြီ ဖြစ်ကြောင်း၊ ယင်း နေအိမ်များအတွက် လျှပ်စစ်မီး၊ ရေရရှိရေးနှင့် လမ်းများ ဖောက်လုပ်ပြီးစီးပါက ရွာများ ရွှေ့ ပြောင်းမည်ဖြစ်ကြောင်း ဦးတင်မောင်ဆွေ က ပြောသည်။

ထိုင်းဝန်ကြီးချုပ်က ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း အောင်မြင်စွာ ပြီးမြောက်ရေးအတွက် ကူညီမည်ဟု ကတိပေးပြောဆို သကဲ့သို့ သမ္မတ ဦးသိန်းစိန်ကလည်း ယခုစီမံကိန်းသည် မြန်မာနိုင်ငံ အတွက်သာမက မဟာမဲခေါင်ဒေသ တခုလုံးအတွက် အရေး ကြီးသည့် စီမံကိန်း ဖြစ်သောကြောင့် ထိုင်း-မြန်မာ အစိုးရ ၂ ရပ်လုံးက အောင်မြင်ရန် ပူးပေါင်းလုပ်ဆောင်မည်ဟု ပြောဆိုခဲ့ ကြောင်း သိရသည်။

ထိုင်းဝန်ကြီးချုပ်သည် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးပြီး ရေနက်ဆိပ်ကမ်း ဆောက်လုပ်မည့် နေရာနှင့် စက်မှုဇုန် နေရာ များသို့ သွားရောက် လေ့လာခဲ့ကြောင်း၊ ၎င်းနှင့်အတူ ထိုင်း စီးပွားရေးလုပ်ငန်းရှင်များလည်း လိုက်ပါလာကြောင်း သိရသည်။

အီတာလျံ-ထိုင်း ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်နေသော ထားဝယ်မြို့မှ ၃၆ မိုင်အကွာ၊ နဘူးလယ်ဒေသရှိ အထူးစီးပွားရေး ဇုန်သည် အကျယ်အ၀န်းအားဖြင့် ၂၅၀ စတုရန်းမီတာ (၉၇ စတုရန်းမိုင်) ရှိပြီး ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်များ၊ လျှပ်စစ်ဓာတ်အား ပေးစက်ရုံများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ စက်ရုံများ၊ ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံနှင့် စီးပွားရေးဆိုင်ရာ အဆောက် အအုံများ ပါဝင်မည်ဖြစ်သည်။

ထိုင်းနိုင်ငံ ရနောင်းခရိုင်ရှိ မက်ပ်တဖွတ် စက်မှုဇုန်အထိ ဆက်သွယ်နိုင်မည့် လျှပ်စစ်ရထားလမ်း ဖောက်လုပ်ရေးကိုလည်း နှစ်နိုင်ငံ စီမံကိန်း ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီက လေ့လာမှုများ ပြုလုပ်လျက်ရှိသည်။

စီမံကိန်းကြောင့် ရွှေ့ပြောင်းပေးရသည့် ဒေသခံများအတွက် လူမှုဖူလုံရေး ထောက်ပံ့စရိတ်များ ပေးအပ်ရန်၊ စိုက်ပျိုးရေးဆိုင်ရာ ပညာပေးခြင်းနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များကို သင်ကြားပေးရန် စီစဉ်နေကြောင်း၊ ထားဝယ်ဆေးရုံကိုလည်း မွမ်းမံမှုများ ပြုလုပ်ပေးရန် ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆူရပေါင် တိုဝိချခ်ချိုင်ကူလ် ၏ ပြောကြားချက်ကို ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းကြောင့် ဒေသခံများ၏ လယ်ယာခြံမြေများ ဆုံးရှုံးရကြောင်း၊ စီမံကိန်းကြောင့် ဒေသခံများ၏ လူနေမှုဘ၀များအပြင် ပတ်ဝန်းကျင်ထိခိုက်မှု၊ ဂေဟစနစ်ပျက်စီးမှုများ ရှိလာမည်ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူများနှင့် ဒေသခံများ၏ ဝေဖန်ရှုတ်ချမှုများလည်း ရှိနေသည်။

Ref: ဧရာဝတီ

Read More...

မြန်မာကို ဆွီဒင်လက်နက်များ မပေးကြောင်း အိန္ဒိယငြင်းဆို

ဇာနည်မာန်
December 17, 2012

ကချင်စစ်ပွဲများတွင် အစိုးရတပ်မှ အသုံးပြုသည်ဆိုသော ဆွီဒင်ထုတ် လက်နက်များကို မြန်မာအစိုးရသို့ ပေးအပ်ခဲ့ခြင်းမရှိကြောင်း မြန်မာနိုင်ငံရောက် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆာလ်မန် ကူရ်ရှိဒ်က ပြောဆိုလိုက်သည်။

“ဒါကရှင်းပါတယ်။ ကျနော်တို့ဟာ လက်နက် ထောက်ပံ့တာမျိုးတွေ မလုပ်ပါဘူး”ဟု ကူရ်ရှိဒ်က သတင်းထောက်များကိုဖြေကြား ခဲ့ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

Read More...

ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ဆေးရုံကြီး သွားရောက်

December 17, 2012

ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက်ပိုင်း ၉ နာရီကျော် က ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ရောက်ရှိလာပြီး ကြည့်ရှုစစ်ဆေးမှုများ ပြုလုပ်သည်။

Read More...

စစ်တွေတွင် အိန္ဒိယ၏ ကောင်စစ်ဝန်ရုံး ဖွင့်မည်

ဒီဇင်ဘာလ ၁၇ ရက် ၂၀၁၂ ခုနှစ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ကောင်စစ်ဝန်ရုံးသစ်တခု ဖွင့်လှစ်ခြင်းဖြင့် အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံတွင် အစိုးရကိုယ်စားလှယ် မစ်ရှင် သုံးခု ထားရှိမည့် ပထမဆုံးသော နိုင်ငံ ဖြစ်လာမည် ဖြစ်သည်။

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဆာလ်မန်း ခူးရှီးဒ် Salman Khurshid ၏ သုံးရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့် တွေ့ဆုံခဲ့ပြီးနောက် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် သတင်းစာများတွင် ထိုသို့ ရေးသား ဖော်ပြလာကြခြင်း ဖြစ်သည်။

Read More...

သင်္ဘောသားများအသင်း MOSA ကို အဖွဲ့ချုပ် MSF အဖြစ် ပြောင်းလဲဖွဲ့စည်း

တင်ဇာအောင်
ဒီဇင်ဘာလ ၁၇ ရက် ၂၀၁၂ ခုနှစ်

၂ဝဝ၂ ခုနှစ်ကတည်းက မှတ်ပုံတင်ထားပြီးဖြစ်သည့် မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသား များအသင်း (MOSA)အား မြန်မာ
နိုင်ငံ ပင်လယ်ကူး သင်္ဘောသား အလုပ်သမားများ အဖွဲ့ချုပ် (MSF) အဖြစ် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

MOSA ရုံးခန်းတွင် ဒီဇင်ဘာလ ၁၂ ရက်နေ့က ကျင်းပပြုလုပ်သည့် အသင်း လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားတွင် အသင်း နှစ်သင်း၏ တာဝန်ရှိသူ များက ပြောကြားလိုက်ခြင်း ဖြစ်သည်။

Read More...

အသေးစား ပေါက်ကွဲမှုကြောင့် ဒေါ်စု ခရီးစဉ် မဖျက်

ကွန်းချမ်း
ဒီဇင်ဘာလ ၁၇ ရက် ၂၀၁၂ ခုနှစ်

ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၏ တနင်္သာရီတိုင်း၊ ကော့သောင်း- မြိတ်- ကျွန်းစု- ကံမော် ခရီးစဉ် မတိုင်မီ ကံမော်ကျေးရွာတွင် ဟောပြောမည့် စင်မြင့်အနီး၌ အသေးစား ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့သော်လည်း ခရီးစဉ်ကို ဖျက်သိမ်းမည် မဟုတ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပြောသည်။

“မဖျက်ပါဘူးခင်ဗျာ၊ နဂိုအစီအစဉ်အတိုင်းပါပဲ” ဟု NLD ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာန ဒု-တာဝန်ခံ ဦးကြည်တိုး က ပြောသည်။

Read More...

အပေါ်သို့