Tuesday, December 18, 2012

သင်္ဘောသားများအသင်း MOSA ကို အဖွဲ့ချုပ် MSF အဖြစ် ပြောင်းလဲဖွဲ့စည်း

တင်ဇာအောင်
ဒီဇင်ဘာလ ၁၇ ရက် ၂၀၁၂ ခုနှစ်

၂ဝဝ၂ ခုနှစ်ကတည်းက မှတ်ပုံတင်ထားပြီးဖြစ်သည့် မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသား များအသင်း (MOSA)အား မြန်မာ
နိုင်ငံ ပင်လယ်ကူး သင်္ဘောသား အလုပ်သမားများ အဖွဲ့ချုပ် (MSF) အဖြစ် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

MOSA ရုံးခန်းတွင် ဒီဇင်ဘာလ ၁၂ ရက်နေ့က ကျင်းပပြုလုပ်သည့် အသင်း လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားတွင် အသင်း နှစ်သင်း၏ တာဝန်ရှိသူ များက ပြောကြားလိုက်ခြင်း ဖြစ်သည်။

MSF အနေဖြင့် ပင်လယ်ကူး သင်္ဘောသားများကို တရားဝင် ကိုယ်စားပြုကာ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် လွတ်လပ်စွာ ဆက်သွယ်၍ သင်္ဘောသားများ အကျိုးအတွက် ပိုမို ဆောင်ရွက် ပေးနိုင်မည် ဖြစ်သည်ဟု MSF ၏ အထွေထွေ အတွင်းရေးမှူး ကပ္ပတိန်စိုးမင်းအောင် က ပြောသည်။

“MOSA က လူမှုရေး အခြေခံတဲ့ အဖွဲ့အစည်း။ MSF က အလုပ်သမား အခြေခံပြီး ဖွဲ့လာတဲ့ အဖွဲ့အစည်းပါ။ လုပ်နိုင် ကိုင်နိုင်တဲ့ အနေအထားကိုကြည့်ရင် MSF က MOSA ထက် အများကြီး လုပ်နိုင်ကိုင်နိုင်တဲ့ အနေအထားရှိတယ်။ ပိုပြီး လွတ်လပ်တဲ့ အဖွဲ့အစည်း ဖြစ်သွားတယ်။ သင်္ဘောသားတွေနဲ့ အလုပ်ရှင်တွေ ပဋိပက္ခ ဖြစ်တယ်ဆိုရင်တော့ အဖွဲ့ချုပ်အနေနဲ့ သင်္ဘောသားကို ကိုယ်စားပြုပြီး ဖြေရှင်းပေးရမှာပေါ့။ သင်္ဘောသားတွေအတွက် ပိုအားရှိလာတယ်” ဟု ပြောသည်။

လက်ရှိအချိန်တွင် MOSA ကို လုံးဝ ဖျက်သိမ်းခြင်း မရှိဘဲ အချိန်ကာလ တခုအတွင်း စောင့်ကြည့်သွားမည်ဖြစ်ပြီး ယခင် MOSA အသင်းဝင် အားလုံး သုံးသောင်းခန့်ကိုလည်း စာရင်းအရ MSF သို့ လွှဲပြောင်းပေးမည်ဖြစ်သည်။ အဆိုပါ အသင်းသားများ MSF သို့ဝင်ရောက်ရန် ဝင်ကြေး နှင့် တနှစ်စာ အသင်းဝင်ကြေး ကင်းလွတ်ခွင့် ရမည်ဟု လည်း ကပ္ပတိန်စိုးမင်းအောင်က ပြောသည်။

ထိုသို့ ပြောင်းလဲ ဖွဲ့စည်းရန် ဧပြီလ ၄ ရက်နေ့တွင် ကျင်းပခဲ့သော MOSA ၏ အထူးအစည်းအဝေးမှ် သဘောတူညီခဲ့သည်။ ယခင် MOSA ၏ အလုပ်အမှုဆောင်များ ပါဝင်သော ဖြစ်မြောက်ရေး ကော်မတီကို ဖွဲ့စည်းရန်လည်း သဘောတူညီခဲ့သည်ဟု ယခင် MOSA ဥက္ကဋ္ဌ ကပ္ပတိန် ဌေးမြင့် က ပြောဆိုသည်။

သင်္ဘောသား ကိုယ်စားလှယ်များနှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်သစ်များကို ဖွဲ့စည်းပုံနှင့်အညီ သုံးလအတွင်း ရွေးကောက်တင်မြှောက် သွားမည် သိရသည်။

MSF အနေဖြင့် သင်္ဘောသားများ အရေးနှင့် ပတ်သက်သည်များ စတင် ဆောင်ရွက်နေရာ လက်ရှိအချိန်ထိ MSF သို့ တိုင်ထားသော အမှုပေါင်း ၇ ခုခန့် ရှိသည်ဟု သိရှိရသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့