Monday, December 17, 2012

ကမ္ဘာ့အိမ်သာများနေ့ ဓာတ်ပုံ ပြိုင်ပွဲ၌ မြန်မာက နိုင်ငံအလိုက် တတိယဆုရ

သန့်ဇင်ဝင်း(မြစ်မခ)
17 Dec, 2012

နေပြည်တော် လယ်ဝေးမြို့ ရှမ်းစုကျေးရွာရှိ အမကကျောင်းတွင် လေးခန်းတွဲအိမ်သာအား ရိုက်ကူးထားသည့်ဓာတ်ပုံမှာ ဆွစ်ဇာ လန်နိုင်ငံ ဂျနီဗာမြို့တွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီအသင်းမှ ဦးစီးကျင်းပခဲ့သော ကမ္ဘာ့အိမ်သာများနေ့ ဓာတ်ပုံပြိုင်ပွဲ၌ တတိယ ဆုရရှိခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အိမ်သာများနေ့တွင် ဓာတ်ပုံဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံများမှ အချို့မှာ ဆွိဇလန်၊ လာအို၊ မြန်မာ၊ ကမ္ဘော ဒီးယာ၊ နီပေါ ၊ မလေးရှား၊ တိဗက်၊ အိုင်ဗရီကိုစ့်နိုင်ငံ တို့ဖြစ်ပြီး ပထမဆုကို တိဗက်နိုင်ငံ၊ ဒုတိယဆု အိုင်ဗရီကိုစ့် နှင့် တတိယဆုကို မြန်မာနိုင်ငံမှ ဆွတ်ခူးရရှိခဲ့သည်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီအသင်းမှ ဦးစီးကျင်းပခဲ့သော ကမ္ဘာ့ အိမ်သာများနေ့ ဓာတ်ပုံပြိုင်ပွဲသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပထမဆုံးအကြိမ် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရာ နိုင်ငံအလိုက်တတိယ ဆုရရှိခဲ့သည်ဟု မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ သိရှိရသည်။

“နိုင်ငံပေါင်း ၇၀ကနေ ဓာတ်ပုံပေါင်း (၁၀၁၆)ပုံနဲ့ယှဉ်ပြိုင်ခဲ့ကြတယ် ၊ဓာတ်ပုံပေါင်း တစ်ထောင်ကျော်ထဲကမှ (၁၂)ပုံကို စကာတင် မဲစနစ်နဲ့ ရွေးချယ်ခဲ့တာမှာ မဲ (၁၀၀၀၀)မှာ ကျွန်တော်တို့က မဲ(၃၅၀၀)နဲ့ တတိယရခဲ့တာ” ဟု မြန်မာနိုင်ငံကြက်ခြေနီ အသင်း ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေးစီမံချက် ညှိနိုင်းရေးမှူး ဦးသိဒ္ဒိသိန်းက ပြောသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ရရှိခဲ့သော တတိယဆုမှာ အပြည်ပြည်ဆိုင်ရာ အာရှပစိတ်ဖိတ်ဇုန်မှ ဒါရိုက်တာ လက်မှတ်ပါ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် 32GB ရှိ memory stick တို့ဖြစ်သည်ဟု ၄င်းက ဆက်ပြောသည်။

ကမ္ဘာ့အိမ်သာများနေ့ ဓာတ်ပုံပြိုင်ပွဲကို နိုင်ငံတကာမှ ကြက်ခြေနီအသင်းဝင် နိုင်ငံပေါင်း (၇၀)မှ ၀င်ရောက်ယှဉ်ပြိုင်ပြီး အကောင်း ဆုံးဓာတ်ပုံဆု(၃)ဆုအတွက် အင်တာနက်မှ မဲစနစ်ဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

“နိုင်ငံအလိုက် လှုပ်ရှားမှုမှာ ကိုယ့်နိုင်ငံက တတိယရတယ်ဆိုတော့ ဂုဏ်ယူပါတယ်” ဟု မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ စီမံချက်ညှိနှိုင်းရေးမှူးတစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ကမ္ဘာ့အိမ်သာများနေ့ကို နိုဝင်ဘာ(၁၉)ရက်နေ့တွင် ကျင်းပခဲ့ပြီး ဆုရရှိသော နိုင်ငံများမှ ကြက်ခြေနီ အသင်းများသို့ ဒီဇင်ဘာလ ပထမပတ်က ဆုချီးမြှင့်ပေးခဲ့သည်။

နိုဝင်ဘာ(၁၉)ရက်နေ့က မြန်မာနိုင်ငံတွင်လည်း စားသုံးသူကာကွယ်ရေးအသင်းမှ ရန်ကုန်တိုင်း ဒေသကြီး၊လှိုင်သာယာ မြို့နယ်ရှိ မူလတန်းကျောင်းများရှိ အိမ်သာများတွင် အနံ့အသတ်နှင့် ရောဂါ ပိုးမွှား ကင်းရှင်းစေရေး ဆေးဖြန်းမှုများ ပြုလုပ်ခဲ့သည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့