Wednesday, December 19, 2012

လက်ပံတောင်းတောင်အရေး နှင့် မြေ ယာပြသနာအပေါ် ဥပဒေ စိုးမိုးရေး ရှုဒေါင့်မှ သုံးသပ်ခြင်း

18 December 2012

အပိုင်း (၂)

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းတွင် မူလက လုပ်ကိုင်လျှက်ရှိသော သတ္တုတွင်းဝန်ကြီးဌာန နှင့် အိုင်ဗင် ဟိုး ကုမ္ပဏီတို့က ဦးပိုင် နှင့် ၀မ်ပေါင် ကုမ္ပဏီတို့ကို ရောင်းချခဲ့ပြီးဖြစ်သဖြင့် ယခုဖြစ်နေသော ပြသနာမှာ နိုင်ငံတော်နှင့် လက်ပံတောင်းတောင် လူထုအကြားရှိ ပဋိပက္ခ မဟုတ်၊ ဦးပိုင်နှင့် ၀မ်ပေါင် ကုမ္ပဏီတို့က တဘက် လက်ပံတောင်းတောင် လူထုက တဘက် ဖြစ်ပွားနေသော ပဋိပက္ခသာ ဖြစ် သည်ဟူ၍ လမ်းကြောင်းလွှဲသည့် ထောက်ပြချက် တရပ်ပေါ်ထွက်လာသည်ကို သတိပြုမိသည်။ ဤသည်မှာ မှန်ပါသလား။

အထက်ပါ လမ်းကြောင်းလွှဲသည့် ထောက်ပြချက်မှာ အတော်ပင် ပညာသားပါပါသည်။ သာမန်လူထုများ အနေဖြင့် မျက်စိလည်သွားနိုင်ပြီး မြေယာနှင့်စပ်လျှဉ်းသည့် လူထုတိုက်ပွဲ၏ ဦးတည်ချက် လွဲချော်သွားနိုင်သည်။ ပြသနာ၏ အဓိက တရားခံအဖြစ် ဦးပိုင်နှင့် ၀မ်ပေါင် ကုမ္ပဏီ ကို ပထမအဆင့် လက်ညှိုးထိုးပြမည်။ ဒုတိယ အဆင့်အနေဖြင့် ဦးပိုင်က ၀မ်ပေါင်ကုမ္ပဏီ ကို လက်တွေ့လုပ်ငန်း၌ တဆင့်လက်ပြောင်း ပေးပြီး ဖြစ်သော ကြောင့် ပြသနာမှာ ၀မ်ပေါင် ကုမ္ပဏီ နှင့် လက်ပံတောင်းတောင်လူထုအကြားရှိ ပဋိပက္ခသာဖြစ်ကြောင်းဖြင့် တင်သွင်း လာဘွယ်ရှိသည်။

စာရေးသူအနေဖြင့်မူ အဆိုပါ ထောက်ပြချက်ကို လုံးဝပင် လက်မခံပါ။ အဘယ်ကြောင့်ပါနည်း။ ဤမျှ အရေးကြီးလှ ပြီး တပြည်လုံးကို ရိုက်ခတ်လျှက်ရှိသော မြေယာပြသနာကြီး နှင့် စပ်လျှဉ်း၍ ပထမ အချက်အနေဖြင့် နိုင်ငံတော်၏ တာဝန်ရှိမှုကို ဖုံးကွယ်ထားသောကြောင့် ဖြစ်သည်။ ဒုတိယအချက်အနေဖြင့် အဓိက တရားခံမှာ ၀မ်ပေါင် ကုမ္ပဏီ ဟူ၍ စွပ်စွဲခံရပါက တရုတ်ဆန့်ကျင်ရေး ဖြစ်သွားပြီး ၁၉၆၇ ခုနှစ်တွင် ဗိုလ်ချုပ်နေ၀င်း ဦးဆောင်သည့် စစ်အစိုးရက ဖေါ်ခဲ့သကဲ့သို့ တရုတ် ဗမာလူမျိုးရေး ပဋိပက္ခ လမ်းကြောင်းကို ပြန်ရောက်သွား နိုင်သည်။ အကျိုးဆက်အနေဖြင့် စစ်အာဏာရှင်စနစ် ဆက်လက် သက်ဆိုးရှည်နေပါမည်။ ဤတကြိမ်တွင်မူ လူထုအနေနှင့် လူမျိုးရေး ပဋိပက္ခများကို သတိကြီးကြီးဖြင့် ရှောင်ရှားသင့်သည်။

စစ်အာဏာရှင်စနစ်ဖြင့် ဆယ်စုနှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သည့် အင်ဒိုနီးရှားနိုင်ငံ၏ အတွေ့အကြုံကို လေ့လာသင့် သည်။ စစ်အာဏာရှင် သမတ ဆူဟာတို အုပ်ချုပ်ခဲ့သည့် ကာလများအတွင်း နိုင်ငံတော်ပိုင် ကုမ္ပဏီများ State-owned companies တို့ကို တည်ထောင်၍ စစ် ခေါင်းဆောင်များ၊ ၄င်းတို့ဆွေမျိုးသားချင်းများနှင့် ခရိုနီဟု ခေါ်သည့် ၄င်းတို့၏ ရောင်းရင်းစီးပွားရေးသမားကြီးများ အကျိုးအမြတ်များ စွာရယူခဲ့ကြသည်။ စီးပွားဖြစ်ခဲ့ကြသည်။ နိုင်ငံပိုင်ကုမ္ပဏီများ ဟူ၍ အမည်တပ်ထားသဖြင့် ပြသနာ ပေါ်ပေါက်လာလျှင် နိုင်ငံအနေဖြင့် တာဝန်ယူရှင်းရသည်။

ယခုမူ အစိုးရ၏ သတ္တုတွင်းဝန်ကြီးဌာနက ဦးပိုင်သို့ လွှဲပြောင်းပြီးဖြစ်သဖြင့် နိုင်ငံတော် နှင့် မဆိုင်ဟူ၍ ရှောင်လွှဲသည့် လမ်းကြောင်းကို တင်လာပါပြီ။ သို့ဖြစ်လျှင် ဦးပိုင်သည် မည်သည့်ကုမ္ပဏီ ဖြစ်သနည်း။ ကာကွယ်ရေးဦးစီးချုပ်ဦး ဆောင်သည့် စစ်ခေါင်းဆောင်များ ပိုင်ကုမ္ပဏီ ဖြစ်မှန်း တနိုင်ငံလုံးသိ ဖြစ်သည်။ သို့ဖြစ်လျှင် ကာကွယ်ရေးဦးစီးချုပ် နှင့် စစ်ခေါင်းဆောင်များသည် တိုင်းပြည်ကို လည်ပတ် လျှက်ရှိသော၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ မည်သည့်အခန်း ကဏ္ဍတွင်မျှ မပါဘူးလား။ ထိုသို့ဖြစ်ပါက ဦးပိုင် လုပ်သမျှသည် နိုင်ငံတော် နှင့် မဆိုင်ဟူသော အဆိုကို လက်ခံရ ပါမည်။

သို့ရာတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကို ပြန်ကြည့်ပါ။ ပြောင်းပြန်ဖြစ်နေကြောင်းတွေ့ရပါမည်။ နိုင်ငံတော်ဟူသည် ကို အသွင်သဏ္ဍာန်အရ ဦးသိန်းစိန်ခေါင်းဆောင်သည့် အစိုးရက ကိုယ်စားပြုအုပ်ချုပ်နေသည်။ အနှစ်သာရအားဖြင့်မူ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ခေါင်းဆောင်သည့် စစ်ခေါင်းဆောင်သစ်များက လည် ပတ်နေခြင်း ဖြစ်သည်။ ဤသည်ကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ အုပ်ချုပ်ရေးကဏ္ဍတွင် ပြဌာန်းထားသော အမျိုး သားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ (ကာလုံ) ၏ တည်ရှိမှုကို အဓိက ကြည့်ခြင်းဖြင့် ထင်ရှားသည်။ ကာလုံ တွင် ဦးသိန်းစိန် ကဲ့သို့ စစ်ခေါင်းဆောင်ဟောင်း မဆိုထားနှင့် အရပ်သားစစ်စစ် ပုဂ္ဂိုလ်တဦး သမတအဖြစ် ပါဝင်စေဦး၊ ကာကွယ်ရေး ဦးစီးချုပ်နှင့် အခြား လက်ရှိစစ်ခေါင်းဆောင်များ၏ ဆန္ဒနှင့် ဆန့်ကျင်၍မရပါ။ အဘယ်ကြောင့် ဆိုသော် ကာလုံအဖွဲ့ဝင် ၁၁ဦး ရှိသည့်အနက် အများစုဖြစ်သော ၆ဦးမှာ လက်ရှိစစ်ခေါင်းဆောင်များ ဖြစ်နေသောကြောင့်ပင်။ လက် တွေ့အရ နိုင်ငံတော်ဟူသည်မှာ စစ်ခေါင်းဆောင်များ အုပ်စီးထားသည့် ကာလုံဖြစ်နေသည်။ သို့ဖြစ်၍ စစ်တပ် စီးပွားရေးအတွက် တည်ထောင်ထားသည့် ဦးပိုင်သည် နိုင်ငံတော်နှင့် ရာနှုန်းပြည့်သက်ဆိုင်သည်။ လက်ပံတောင်း တောင်အရေးမှာ အတိအကျအားဖြင့် ဆိုလျှင် နိုင်ငံတော် (ကာလုံ) နှင့် ဒေသခံလူထုအကြားတွင် ဖြစ်ပွား သော အဓိကပဋိပက္ခ ဖြစ်သည်။ သာဓက တခုကိုကြည့်ပါ။

သံဃာတော်များကို မီးလောင်တိုက်သွင်း၍ ဖြိုခွင်းရာ၌ လက်တွေ့မြေပြင်တွင် ဦးဆောင်ခဲ့သူမှာ စစ်ကိုင်းတိုင်း ရဲမင်းကြီး ဦးစန်းယု ဖြစ်သည်။ ၄င်းကိုယ်တိုင် သံဃာတော်များအား ၀န်ချတောင်းပန်ပွဲကျင်းပခဲ့စဉ်က သတင်း ထောက်များ၏ မေးခွန်းများကို တလုံးမျှဖြေကြား မသွားခဲ့ကြောင်းနှင့် ၄င်းမှာ စစ်တပ်မှ ဒုတိယ ဗိုလ်မှုးကြီးဟောင်း တဦးဖြစ်ကြောင်း သိရသည်။ သို့ဖြစ်၍ နိုင်ငံတော် (ကာလုံ) က ထိုပုဂ္ဂိုလ်အား တိုက်ရိုက်အမိန့်ပေး၍ ဖြိုခွဲခိုင်းသည် ဟူသော စွပ်စွဲချက်များကို ငြင်းရန် မလွယ်ပါ။ စုံစမ်းရေး ကော်မရှင်သည် ယင်း နှင့်စပ်လျှဉ်း၍ အမှန်တရားကို ဖေါ်ထုတ်ရန် တာဝန် ရှိပေသည်။

လက်ပံတောင်းတောင် အရေးတွင် သံဃာတော်များအား မီးလောင်တိုက် သွင်း၍ ဖြိုခွဲခဲ့သည့် နေ့ရက်အထိ တည်ရှိ နေခဲ့သည့် နိုင်ငံတော် နှင့် လူထုအနေအထားကို ကြည့်ကြပါစို့။ နိုင်ငံတော် ဟူသည်တွင် အခွင့်အာဏာသာမက စစ်တပ်၊ ရဲ၊ လုံထိန်း၊ ထောက်လှန်းရေး တပ်ဖွဲ့များ၊ တရားစီရင်ရေး ယန္တယားကြီးတခုလုံး နှင့် ငွေကြေးပါ အပြည့်အစုံ ရှိနေသည်။ နိုင်ငံတော် ဟူသည်မှာ အလွန်အမင်း အင်အားတောင့်တင်းနေသည်။ လူထုတွင် လက်နက်မရှိ၊ ငွေကြေး မရှိ၊ အားကိုးရမည့် အဖွဲ့အစည်းတောင့်တောင့်တင်းတင်း မရှိရုံသာမက ကိုင်စွဲတိုက်ပွဲဝင်နိုင်သည့် အခွင့်အ ရေး (Rights) ပါ မရှိဖြစ်နေသည်။ သို့ဖြစ်၍ လူထုမှာ မြင်မကောင်းလောက်အောင်ပင် အားအင် ချည့်နဲ့ လျှက်ရှိနေသည်။

ပုံနိုင်းရမည် ဆိုလျှင် နိုင်ငံတော်က ကျားကြီး၊ လူထုက ယုံကလေးဖြစ်ပြီး ကျားကြီးက ၄င်း၏ သန်မာသော လက်ကြီး နှင့် ယုံကလေးကို ဖိထားသည်။ ဒေါ်အောင်ဆန်းစုကြည်က ပြသနာများကို ညှိနိုင်းဖြေရှင်းရန် တိုက်တွန်းသည်။ ဤ သည်ကို ယေဘုယျအားဖြင့် လက်ခံရ ပါမည်။ သို့ရာတွင် ကျားကြီးက ယုံကလေးကို လက်နှင့်ဖိထားသော အခြေ အနေ၌ ညှိနိုင်းဖြေရှင်းမှုတိုင်းတွင် မည်သည့် ဘက်က အလေး သာပါမည်နည်း။ ကျားကြီးဖြစ်ကြောင်း အငြင်းပွားမည် မဟုတ်ပါ။ ယင်းမှာ ကျားကြီး နှင့် ယုံကလေး အကြား၌ ညီမျှခြေ ကင်းမဲ့နေသော ကြောင့် ဖြစ်သည်။

ညီမျှခြေရှိလာစေရန် လူထုကို ဆင်ကြီးဖြစ်လာအောင် ဖန်တည်းဘို့လိုပါမည်။ လူထုကို အင်အားတောင့်တင်း စေခြင်းဖြင့် အစိုးရ၏ အာဏာကို ထိမ်းညှိနိုင်သည့် အနေအထား ဖန်တည်းခြင်းမှာ ဒီမိုကရေစီနိုင်ငံများတွင် လုပ်ရိုးလုပ်စဉ်ပင်။ ဤသည်ကို ဥပဒေစိုးမိုးရေး အခြေခံမှလည်း တင်ပြပါမည်။

ပြစ်မှု တခုဖြစ်ပွားသည့်အခါတိုင်း တရားလိုနှင့် တရားခံ ဘက်နှစ်ဘက် ရှိသည်။ ပြစ်မှုကျူးလွန်ခံရသူမှာ တရားလိုဖြစ်၍ ပြစ်မှုကျူး လွန်ကြောင်း စွပ်စွဲခံရသူမှာ တရားခံဖြစ်သည်။ ဤနှစ်ဘက်လုံးကို ညီမျှခြေရှိလာအောင် ဖန်တည်းပေးမှသာ ဥပဒေစိုးမိုးရေးသည် လက်တွေ့ အသက်ဝင်လာပါမည်။ အစိုးရစစ်တပ်မှ စစ်ဗိုလ်ကြီးတဦးက တိုင်းရင်းသူမလေး တဦးအား မုဒိန်းကျင့်ကြောင်း စွပ်စွဲခံ ရသည့်အမှု ဆိုကြပါစို့။ ဥပဒေစိုးမိုးရေးဟူသည်မှာ လူတိုင်းဥပဒေရှေ့မှောက်တွင် တန်းတူဖြစ်သောကြောင့် မကြေနပ်သည့် တိုင်းရင်း သူမလေးသည် ရဲစခန်းတွင် သွားရောက်တိုင်တန်းပြီး စစ်ဗိုလ်ကြီးအား တရားရုံးတွင် အမှုစွဲဆိုနိုင်သည်။ လက်ရှိ မြန်မာနိုင်ငံတွင် ဤအတိုင်းပင် ကျင့်သုံးလျှက်ရှိသည်။ ဤသည်ကို ဥပဒေစိုးမိုးရေးဟု ခေါ်နေကြသည်။ ဤသည်မှာ ပြည့်စုံပါပြီလား။ ဆန်းစစ်ကြည့်ကြပါစို့။

ဥပဒေစိုးမိုးရေး၏ အဓိပ္ပါယ်၊ အနှစ်သာရ နှင့် လက်တွေ့ကျင့်သုံးပုံကို တစုံတရာ နက်နဲစွာ လေ့လာမည်ဆိုပါက အခွင့် အရေးအရ တန်းတူရေးသာမက အခွင့်အလန်းအရတန်းတူရေးကို ဖန်တည်းထားဘို့ လိုကြောင်းတွေ့ရပါမည်။ အခွင့် အရေးအရ တန်းတူရေး ရှိသော်လည်း အခွင့်အလန်းအရ တန်းတူရေး မရှိပါက ဥပဒေစိုးမိုးရေး ရှိသည်ဟု ပြော၍ မရပါ။ အထက်တွင် ဥပမာပေးခဲ့သော မှုခင်း၌ အခွင့်အရေးအရ တန်းတူရေးကို တွေ့ရပါမည်။ မကြေနပ်သည့် တိုင်းရင်းသူမလေးအနေဖြင့် အများသူငါကဲ့သို့ ရဲစခန်းတွင် သွား ရောက်တိုင်တန်းပြီး အမှုဖွင့် တရားစွဲနိုင်သော ကြောင့်ဖြစ်သည်။ သူမတွင် အခွင့်အရေး (Rights) ရှိပါသည်။ သို့ရာတွင် အခွင့်အလန်း (Opportunity) ရှိပါရဲ့လား။

တရားခံနှင့် တရားလို နှစ်ဦး၏ ညီမျှခြေကို စစ်ဆေးကြည့်ဘို့လိုပါမည်။ စွပ်စွဲခံရသူ တရားခံမှာ စစ်ဗိုလ်ကြီး တဦးဖြစ် သဖြင့် ရာထူးအာဏာ အရှိန်အ၀ါ ရှိသည်။ ငွေကြေး ရှိသည်။ အသိုင်းအ၀န်း ရှိသည်။ ရဲတွေက စစ်တပ်ကို ကြောက်ရ သည့် အခြေအနေကို အသုံးချနိုင်သည်။ ရုံးသုံးဖြစ်သော မြန်မာစကားကို ကောင်းမွန်စွာ တတ်ကျွမ်းသည်။ အမှုကို ခုခံထုခြေရန် ငွေကြေးလုံလောက်စွာ ပေး၍ ရှေ့နေကောင်း ကောင်း ငှားနိုင်ခြေရှိသည်။ ယင်းအခြေအနေနောက် ခံ၌ စွပ်စွဲခံရသူ စစ်ဗိုလ်ကြီးအနေဖြင့် တရားရုံးတွင် အမှုရင်ဆိုင်မည်ဆိုပါက အခွင့် အလန်းအရ တဘန်းမက သာလျှက် ရှိသည်။

မုဒိန်းကျင့် ခံလိုက်ရသည့် တိုင်းရင်းသူမလေးမှာ တောတောင်အတွင်းရှိ ကျေးရွာကလေးတွင် နေရသောကြောင့် ရာထူးအာဏာ အရှိန်အ၀ါ မရှိ။ ငွေကြေး မရှိ။ အသိုင်းအ၀န်း မရှိ။ မြန်မာစကားကို ဖြစ်ဖြစ်မြောက်မြောက် မတတ်။ ရဲစခန်းကိုပင် ဘယ်လိုသွားရမည်ကို မသိ။ ရှက်ကြောက်လွန်းသောကြောင့် ရဲစခန်းကို သွားရောက် အမှု ဖွင့်တိုင်တန်း ရန်ပင် မဖြစ်နိုင်လောက်အောင် ၀န်လေးလျှက်ရှိသည်။ ငွေကြေး လုံလောက်စွာပေး၍ ရှေ့နေကောင်း ကောင်း ငှားရန်မှာ အိပ်မက်ပင် မမက်နိုင်။ မုဒိန်းကျင့်ခံရသည့် တရားလို တိုင်းရင်းသူမ လေးအနေဖြင့် တရားရုံးတွင် အမှုရင်ဆိုင်မည်ဆိုပါက အခွင့်အလန်းအရ တဘန်းမက ဆုံးရှုံးလျှက် ရှိနေသည်။

ဤကဲ့သို့ အခွင့်အလန်းအရ တန်းတူမှု ဆုံးရှုံးနေသော ဖြစ်ရပ်မျိုးများ၊ မှုခင်းများ မြန်မာနိုင်ငံ၌ မြောက်များစွာ ဖြစ်ပွား လျှက်ရှိ သည်။ ယင်းကို ကုစားရန် ဥပဒေရေးရာအရ အထောက်အကူပြုလုပ်ငန်း (Legal Aid) များဖေါ်ဆောင်၍ ဥပဒေ စိုးမိုးရေး အခြေခံကို ဖြည့် ဆည်းပေးရသည်။ အားနည်းသည့်ဘက်က အားကောင်းလာစေရန် အခွင့်အလန်းများ တိုးချဲ့ ဖန်တည်းပေးရင်း ညီမျှခြေကို ညှိပေးရသည်။ (Legal Aid နှင့် စပ်လျှဉ်း၍ အသေးစိပ်ကို နောက်ပိုင်းဆောင်းပါးများ တွင် ဆက်လက်ဖေါ်ပြရန် ကြိုးပမ်းပါမည်။ မြန်မာနိုင်ငံကဲ့သို့ တတိယ ကမ္ဘာနိုင်ငံများတွင် ဥပဒေရေးရာအရ အထောက်အကူပြု လုပ်ငန်းများ အားကောင်းကောင်းမရှိဘဲ ဥပဒေစိုးမိုးရေးရှိပြီဟု ပြော၍ မရနိုင် ပါ။) ညီမျှခြေ ရှိလာစေရန် တိုင်းပြည်၏ အဆောက်အအုံ (State Institutions) များအား ပြန်လည်ပြုပြင် တည်ဆောက်ဘို့ လူထုအင်အား တောင့်တင်းလာစေမည့် အနေအထားများအား ဖန်တည်းဘို့ မကြိုးစားဘဲ ညှိနှိုင်းဖြေရှင်းရေး သက်သက်ကိုသာ ဇောင်းပေးနေမည်ဆိုပါက လူထုသည် အစဉ်အမြဲနစ်နာနေဘွယ် ရှိပါသည်။

လူ့အဖွဲ့အစည်းအတွင်း ဖြစ်ပွားနေသည်များကို ရှင်းရှင်းလင်းလင်း၊ ပွင့်ပွင့်လင်းလင်း သိခွင့်မရသဖြင့် လက်ပံတောင်း တောင်ကဲ့သို့ ပြသနာမျိုး ပေါ်ပေါက်နေသည်ဟု အချို့က ဆိုကြသည်။ ဤသည်မှာ မှန်သင့်သလောက် မှန်ပါသည်။ သို့ရာတွင် ကျားကြီးက ယုံကလေးကို လက်နှင့် ဖိထားသည့် အခြေအနေအား လှည့်ပြောင်းရန် အရင်ဦးဆုံး ကြိုးစား ဘို့ လိုပါမည်။ သို့မဟုတ်ပါက ကျားကြီးက ပွင့်ပွင့်လင်းလင်း သိခွင့်ပေးမည်မဟုတ်သလို၊ တနည်းနည်းဖြင့် သိလာ စေဦးတော့ ယုံကလေးဘက်က ပြန်လည်အရေးယူနိုင်သည့် အနေအထားမရှိသဖြင့် မတရားမှုများ ဆက်လက်ဖုံးလွှမ်း နေပါမည်။

လူထုအား ယုံကလေးဘ၀ မှ ဆင်ကြီးဘ၀ သို့လှည့်ပြောင်းနိုင်စေရန် ဥပဒေစိုးမိုးရေးအခြေခံမှ မည်သို့ တည်ဆောက် မည်နည်း။ လူထုရသင့်ရထိုက်သော အခွင့်အရေးကို အသိအမှတ်ပြုရုံသာမက ယင်းတို့အား ဥပဒေပါအခွင့်အ ရေး (Legal Rights) များအဖြစ် ကျင့်သုံးနိုင်စေရန် တိုင်းပြည်၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြားသက်ဆိုင်ရာ ဥပဒေများတွင် ပြဌာန်းပေးရပါမည်။ လက်ပံတောင်း အရေးတွင် အစပြုလျှက် လယ်သမားများ ရသင့်ရထိုက်သော လယ်လုပ်သူ လယ်ပိုင်ခွင့် အခွင့်အရေးကို ပထမဆုံး အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကော်မရှင်က အသိအမှတ်ပြုရုံသာမက ဥပဒေပါ အခွင့်အရေးဖြစ်လာအောင် ဦးဆောင်တိုက်ပွဲဝင်ပေးလိမ့်မည်ဟု မျှော်လင့်သည်။

စင်စစ်အားဖြင့် “လယ်ပိုင်ခွင့်” အခွင့်အရေးသည် အသစ်အဆန်းမဟုတ်ပါ။ မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီးချိန် ကတည်းက ကျင့်သုံး ခဲ့သော အခွင့်အရေးဖြစ်သည်။ သို့ရာတွင် “လယ်ပိုင်ခွင့်” အခွင့်အရေးကို အကန့်အသတ်မဲ့ ကျင့်သုံးလာသောအခါ မြေရှင်စနစ် ထွန်း ကား လာခဲ့သည်။ မိမိတို့ ပိုင်သော လယ်မြေပဏာမမှာ ရွာပြင် ထွက် လိုက်လျှင် လက်ညှိုးထိုး မလွဲဟူ၍ မြေရှင်များက တင်စားသုံးနှုန်း ခဲ့ သည်အထိပင်။ အကျိုးဆက်အနေဖြင့် လယ်သ မား အမြောက်အများမှာ လယ်မဲ့ယာမဲ့များ၊ လယ်သူရင်းငှားများ ဘ၀သို့ ကျဆင်း သွားခဲ့ရသည်။

ဤသည်ကို ပြန်လည်ပြုပြင်ရန် ၁၉၅၃ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေကို ပြဌာန်းပြီး အစိုးရက မြေရှင်များထံမှ လယ်မြေများကို ပြန်သိမ်း၍ လယ်သမားများအား ဝေခြမ်းရေးလုပ်ပေးခဲ့သည်။ ထိုအချိန်မှစ၍ လယ် မြေများအား မည်သည့် ပုဂ္ဂိုလ်တဦး တယောက်မျှ အကန့်အသတ်မဲ့ တရားဝင်ပိုင်ဆိုင်ခွင့် မရှိတော့ပါ။ သို့ရာတွင် လယ်လုပ်သည့် လယ်သမားများက လယ်မြေကို ပုဂ္ဂလိက ပိုင်ဆိုင်ခွင့်အား ဖျက်သိမ်းလိုက်ခြင်းမဟုတ်။ ၁၉၅၃ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေ အောက်မှာပင် လယ်သမား များသည် အနည်းဆုံး တတုံးထွန်အထိ ပိုင် ဆိုင်ခွင့်ရခဲ့သည်။

ယခုမူ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရက ၂၀၁၂ ခုနှစ် မတ်လ (၃၀) ရက်နေ့တွင် ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံ ပိုင်ပြုလုပ်ရေး အက်ဥပဒေ ကို ဖျက်သိမ်းပြီး လယ်ယာမြေ ဥပဒေသစ်ကို ပြဌာန်းလိုက်ပြီ ဖြစ်သည်။ ယင်း ဥပဒေအရ တဘက်တွင် လယ်လုပ်သည့် လယ်သမားများသည် လယ်ယာမြေအပေါ် ပုဂ္ဂလိက ပိုင်ဆိုင်ခွင့် လုံးဝဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။ အခြားတဘက်တွင် ယင်း ဥပဒေ ပုဒ်မ ၃ (င)(၃) အရ လယ်ကို ကိုယ်တိုင်မလုပ်ဘဲ အရင်းအနှီးစိုက်ထုတ် စီမံသည့် ငွေရှင်များသည် လယ်သမားစာရင်းဝင် ဖြစ်သွားသည်။ ထို့အပြင် ကုမ္ပဏီများသည် လယ်ယာမြေစီမံခန့် ခွဲမှု အဖွဲ့အဆင့်ဆင့်ကို ချည်းကပ်လျှက် ပုဒ်မ (၃၀) အရ မြေယာများအား အခြားနည်း အသုံးချ သည်ဟု ဆိုကာ လယ်သမားများ၏ မြေယာများကို သိမ်းယူ လုပ်ကိုင်ခြင်းဖြင့် မြေရှင်ကြီးစနစ် ပြန်လည်ထွန်းကားတော့မည်ဖြစ်သည်။

လယ်လုပ်သူ “လယ်လုပ်ပိုင်ခွင့်ရခြင်း” နှင့် “လယ်ပိုင်ခွင့်ရခြင်း” နှစ်ခုသည် လုံးဝပင်မတူညီပါ။ ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေအရ လယ်လုပ်ပိုင်ခွင့်ကို ရောင်း၊ ပေါင်၊ဖလှယ်၊ ပေး၊ ငှားလုပ်ခွင့်ပြုထားသော်လည်း ယင်းသို့ လုပ်ရာ၌အစိုးရ ကခန့်အပ် တာဝန်ပေးထားသော လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်၏ ကြီးကြပ်မှုမှာ အဓိက ဖြစ်သည်။

မြန်မာနိုင်ငံ၌ တည်ဆဲဥပဒေဖြစ်သော ပစ္စည်းလွှဲပြောင်းရေး ဥပဒေအရ “ရောင်းချခြင်း” (Sale) ဟူသည် မှာ “ပိုင်ဆိုင်ခွင့်ကို လွှဲပြောင်းပေးခြင်း” ဖြစ်သည်။ လယ်သမားတွင် “လယ်လုပ်သူ လယ်ပိုင်ခွင့်” ရှိပါက မိမိကိုယ် တိုင် လယ်မလုပ်နိုင်တော့သော်လည်း မိမိသဘောအလျှောက် သူရင်းငှား ခေါ်ယူခိုင်းစေပြီး လယ်ဆက်လုပ်နိုင်သည်။ မည်သည့် စီမံခန့်ခွဲရေးအဖွဲ့၏ ခွင့်ပြုချက်၊ အသိအမှတ်ပြုမှု ရယူစရာမလိုဘဲ အမွေဆက်ခံခွင့် ပေးနိုင်သည်။ လယ်မှာ မိမိ ပိုင်ဆိုင်သည့် ပစ္စည်းဖြစ်သဖြင့် မိမိရောင်းချင်မှ ရောင်းမည်။ မရောင်း ဘဲလည်း နေချင်နေမည်။ ကြိုက်ဈေးရလျှင် ရောင်းမည်။ ကြိုက်ဈေး မရလျှင် မရောင်းဘဲနေမည်။ မည်သူမျှ ဖိအားပေး၍မရ။ ရောင်း ရာတွင်လည်း မိမိပစ္စည်းကို မိမိရောင်းခြင်းသာ ဖြစ်သဖြင့် မည်သည့် စီမံခန့်ခွဲရေးအဖွဲ့၏ ကြီးကြပ်မှုမှ မလို။

နိုင်ငံတော်သည် မြေယာအားလုံး၏ ပိုင်ရှင်ဖြစ်သဖြင့် အစိုးရက နိုင်ငံတော်ကို ကိုယ်စားပြုကာ တပြည်လုံးရှိ မြေယာ များအပေါ် စိတ်ကြိုက် စီမံခန့်ခွဲနေခြင်းမှာ တရားဝင်သည်ဟု လက်ခံလျှင် ညှိနှိုင်းဖြေရှင်းရာ၌ အစိုးရအာဏာပိုင်များ ဖြစ်စေ၊ ၄င်းတို့က လုပ်ငန်းလိုင်စင် ချပေးထားသော ကုမ္ပဏီများဖြစ်စေ အထက်စီးတွင် ရောက်နေပါမည်။ လယ်သမား များက ဒူးတုတ်နေကြရမည့် ဘ၀ဖြစ်သည်။ လက်ပံတောင်းတောင် လယ်သမားများမှာ သုံးနှစ်စာ သီးနှံအတွက် တဧကလျှင် ကျပ်ငါးသိန်းကျော်ခန့်မျှသာ ရရှိကြောင်း သိရသည်။ လယ်သမားများမှာ ၄င်းတို့ ပေးသမျှမဖြစ်လောက် သော လျော်ကြေးကလေးကို ခေါင်းငုံ့ကာ လက်ခံရယူ၍ မြေမှ ထွက်ခွာပေးကြရရုံသာ ရှိမည်။ ကော်မရှင်၏ အလုပ်မှာ လည်း လယ်သမားများအတွက် လျော်ကြေးငွေ နည်းနေပါသည်။ တစုံတရာတိုးပေးပါဟု ၀ိုင်းဝန်း မေတ္တာရပ်ခံပေး ခြင်းမှ တပါး အခြား တတ်နိုင်မည် မဟုတ်ပါ။

သို့ဖြစ်၍ “ လယ်လုပ်သူ လယ်ပိုင်ခွင့်” ဟူသည်မှာ လယ်သမားတိုင်းအတွက် အရေးကြီးလာသည်။ ယင်းကို အသိ အမှတ်ပြုလျှင်ပင် လက်ပံတောင်းတောင် လယ်သမားများ၌ ညှိနှိုင်းနိုင်စွမ်းရည်များစွာ တက်လာပါမည်။ လယ်သမား ထုအနေဖြင့် ယုံကလေးဘ၀မှ ဆင်ကြီးဘ၀သို့ ပြောင်းလဲနိုင်စေရန် လမ်းကြောင်းပွင့်သွားပါမည်။

ဤသည်ကို ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် ကော်မရှင်ကိုယ်တိုင်က စနစ်တကျ ပြန်လည်လေ့လာ ပြီး “လယ်လုပ်သူ လယ်ပိုင်ခွင့်” ဟူသည့် လယ်သမားအခွင့်အရေး အခြေခံပေါ်တွင် ရပ်တည်၍ လက်ပံတောင်း တောင် အရေးကို ချည်းကပ်လိမ့်မည်ဟု မျှော်လင့်သည်။ သို့ဖြစ်ပါက လက်ပံတောင်းတောင် လယ်သမားများသာမက
တပြည်လုံးရှိ လယ်သမားများပါ အကျိုးခံစားခွင့် ရသွားနိုင်ပါသည်။

အစိုးရက သံဃာတော်များအား အင်အားသုံးဖြိုခွဲခဲ့ရာတွင် တပြည်လုံး၌ လူထု၏မကြေနပ်မှုမှာ တောမီးပမာ ချက် ခြင်း ပျံ့နှံ့သွားခဲ့သည်။ မြေယာစီမံခန့််ခွဲမှုအပေါ် အခြေပြု၍ ဖြစ်ပွားခဲ့သည့် လက်ပံတောင်းတောင် ပြသနာမှာ တဖြည်းဖြည်း ကြီးထွားလာခဲ့သည်။ သံဃာတော်နှင့် လူထုအဖွဲ့အစည်းများ ပါဝင်ပတ်သက်လာသည်အထိ ကျယ်ပြန့် လာသောအခါ လက်ပံတောင်းတောင် လယ်သမားထုအနေဖြင့် တိုက်ပွဲ ၏အကျိုးကို မခံစားရသေးသော်လည်း အလား တူ အခြားဒေသတခုတွင်မူ မြေယာနှင့် စပ်လျှဉ်း၍ ဒေသခံလယ်သမားများ စတင် အကျိုး ခံစားခွင့်ရလာပြီ ဖြစ်ကြောင်း တွေ့ရသည်။

Max Myanmar ကုမ္ပဏီက ယခင်က ငွေဆောင်မြို့နယ်ခွဲ အမှတ်(၁) ရပ်ကွက်ရှိ လယ်နှင့် တောင်မြေဧက တရာ ကျော်အတွက် ကျပ် သိန်းပေါင်း ၇၂၈၅ ကို ဒီဇင်္ဘာလ (၇) ရက်နေ့က ဒေသခံပိုင်ရှင် ၁၃ ဦးအား ဂရုဏာကြေးအဖြစ် ပေးအပ် ခဲ့ခြင်းပင်။ ယင်းမှာ တောင်သူ ၁၃ဦးပိုင်ဆိုင်သည့် လယ်မြေ နှင့် တောင်မြေ (ဥယျာဉ်မြေ) ၁၀၆ ဧကအတွက် လယ် တဧကလျှင် ကျပ်သိန်း ၂၅ နှုန်း၊ တောင်မြေ တဧ ကလျှင် ကျပ်သိန်း ၁၀၀ နှုန်းနှင့် ပေးအပ် ခဲ့ခြင်းဖြစ်ကြောင်း ဖြင့် Eleven Media Group က ဒီဇင်္ဘာလ ၁၂ရက်နေ့တွင် ဖေါ်ပြခဲ့သည်။

အပိုင်း (၃) ကို ဆက်လက်ဖတ်ရှုပါရန်

အောင်ထူး (ရှေ့နေ)
ဒီဇင်္ဘာလ (၁၄) ရက် ၂၀၁၂ ခုနှစ်

Ref: ကေအိုင်စီ

0 comments:

အပေါ်သို့