Tuesday, December 18, 2012

စစ်တွေတွင် အိန္ဒိယ၏ ကောင်စစ်ဝန်ရုံး ဖွင့်မည်

ဒီဇင်ဘာလ ၁၇ ရက် ၂၀၁၂ ခုနှစ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ကောင်စစ်ဝန်ရုံးသစ်တခု ဖွင့်လှစ်ခြင်းဖြင့် အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံတွင် အစိုးရကိုယ်စားလှယ် မစ်ရှင် သုံးခု ထားရှိမည့် ပထမဆုံးသော နိုင်ငံ ဖြစ်လာမည် ဖြစ်သည်။

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဆာလ်မန်း ခူးရှီးဒ် Salman Khurshid ၏ သုံးရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့် တွေ့ဆုံခဲ့ပြီးနောက် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် သတင်းစာများတွင် ထိုသို့ ရေးသား ဖော်ပြလာကြခြင်း ဖြစ်သည်။

ရန်ကုန်တွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးနှင့် မန္တလေးတွင် ကောင်စစ်ဝန်ရုံးတခုကို ဖွင့်လှစ်ထားပြီး ဖြစ်သည်။

“(အိန္ဒိယနိုင်ငံ)ကိုလ်ကာတာမြို့မှ ကီလိုမီတာ ၅၅ဝ (မိုင် ၃၅ဝ ခန့်) အကွာအဝေးတွင်ရှိသော စစ်တွေမြို့တွင် မကြာမီ အိန္ဒိယ နိုင်ငံ၏ လှုပ်ရှားမှုများကို အတော်အတန် မြင်တွေ့ရတော့မည်ဖြစ်ပြီး ယင်းသည် အိန္ဒိယနိုင်ငံ အရှေ့မြောက် ဒေသကို ရေလမ်း၊ ကားလမ်းတို့ဖြင့် ဆက်သွယ်ပေးမည့် လမ်းကြောင်း၏ အဝတွင် ရှိသည်” ဟု အိန္ဒိယနိုင်ငံမှ The Hindu သတင်းစာကြီးက ရေးသားထားသည်။

သင်္ဘောများအနေဖြင့် ဘင်္ဂလားပင်လယ်အော်မှ ပြန်လည်သောင်တူးပြုပြင်ထားသော စစ်တွေ ဆိပ်ကမ်းသို့ ဝင်ရောက်လာနိုင်ပြီး ကုန်များကို ကုလားတန် မြစ်ကြောင်းအတိုင်း သယ်ဆောင်ကာ ပလက်ဝ တွင် ချနိုင်မည် ဖြစ်သည်။ ထိုမှတဆင့် ကုန်းလမ်းဖြင့် ကီလို မီတာ ၆ဝ အကွာ နိုင်ငံတကာ နယ်စပ်မျဉ်းအထိ ဆက်လက် သယ်ဆောင်နိုင်မည်ဖြစ်သည် ဟုလည်း ရေးသားထားသည်။

“ပြန်လည်ပြုပြင်ထားသော အဆိုပြုချက်အရ ဆိပ်ကမ်းကို အိန္ဒိယနိုင်ငံက လုပ်ငန်းများ လုပ်ကိုင်မည်မဟုတ်ဘဲ အဆိုပါ ခေတ်မီ ပစ္စည်းကိရိယာများကို မြန်မာအစိုးရသို့ တည်ဆောက်မှု လုပ်ငန်းများပြီးလျှင် လွှဲပြောင်းပေးမည် ဖြစ်ကာ အဆိုပါ ရေလမ်းတွင် မြန်မာနိုင်ငံ၌ မှတ်ပုံတင်ထားသော သင်္ဘောများသာ သွားရောက်ခွင့်ရှိမည် ဖြစ်သည်” ဟုလည်း ဆိုသည်။

ဝန်ကြီး မစ္စတာခူရှီးဒ်၏ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ် ပြည်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက် အမေရိကန် ဒေါ်လာ တသန်းပေးအပ်မည်ဟု အဆိုပြုခဲ့ပြီး ဗုဒ္ဓဘာသာနှင့် ရိုဟင်ဂျာ မူဆလင် အသိုင်းအဝိုင်း နှစ်ခုလုံးအတွက် ရည်ရွယ်ပေးအပ်ခြင်း ဖြစ်သည်။

သူ၏ ခရီးစဉ်အတွင်း အခြား အဓိကစီးပွါးရေးပြဿနာများကိုလည်း မစ္စတာခူရှီးဒ် ဆွေးနွေး ခဲ့သည်ဟု သိရသည်။ ယင်းတို့မှာ ၂ဝ၁၆ ခုနှစ်တွင် မြန်မာ-အိန္ဒိယ-ထိုင်း တို့ကို ဆက်သွယ်ပေးမည့် သုံးနိုင်ငံ အဝေးပြေး လမ်းမကြီး ဖောက်လုပ်ရေး၊ နှစ်နိုင်ငံ ဆက်သွယ်ပေးမည့် ရိဒ်-တီးတိန်လမ်း ဖောက်လုပ်ရေး၊ အိန္ဒိယနိုင်ငံသို့ ဓါတ်ငွေ့တင်ပို့ရေး၊ ချင်းတွင်း မြစ်ဝှမ်းတွင် အိန္ဒိယ အထောက် အပံ့ဖြင့် တည်ဆောက်မည့် ထမံသီနှင့်ရွှေစာရေး စီမံကိန်းများမှ လျှပ်စစ်ဓါတ်အား ပို့လွှတ်နိုင်ရေး ဖြစ်နိုင်ခြေများကို ဆွေးနွေးခဲ့သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့