Monday, December 17, 2012

သိမ်ကြီးဈေးမှဆူးလေအထိ တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်

ဝင့်သင်ဇာကျော် (မြစ်မခ)
17 Dec, 2012

ဒီဇင်ဘာ (၁၆)ရက်နေ့ နေ့လည် ၂နာရီခွဲခန့်အချိန်တွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်စဲရေးအတွက် ၂၀၀၇ခုနှစ် ကုန်ဈေးနှုန်းကျဆင်းရေးအတွက် ဦးဆောင်ဆန္ဒပြခဲ့သော ကိုထင်ကျော်က တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သည်။

ကိုထင်ကျော်က ရန်ကုန်မြို့ရှိ သိမ်ကြီးဈေးမှ ဆူးလေအထိ လမ်းလျှောက်ပြီး ဖြတ်သန်း သွားလာနေသော ပြည်သူ အချို့ကို “ကတိ မတည်တဲ့ ပြည်ထောင်စုအစိုးရ” ခေါင်းစဉ်ဖြင့် ရေးသား ထားသည့် စာရွက်များကို ပြည်သူအချို့အား ဖြန့်ဝေ ခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြတောင်းဆိုရသည့် အကြောင်းအရင်းမှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းအား အကြမ်းဖက် ဖြိုခွင်းခဲ့သော အာဏာပိုင်များကို အရေးယူပေးရေးအတွက် ဖြစ်သည်ဟု တစ်ကိုယ်တော် ဆန္ဒပြသူ ကိုထင်ကျော်က ဆိုသည်။

“သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ အာဏာပိုင်ကို အရေးယူပေးဖို့ပါ။” ဟု ကိုထင်ကျော်က ပြောသည်။

တစ်ကိုယ်တော် ဆန္ဒပြသူ ကိုထင်ကျော်ဖြန့်ဝေသည့် စာရွက်တွင် “ပြည်သူတွေကို…လိမ်တယ်၊ လယ်သမားတွေကို…လိမ်တယ်၊ လျှပ်စစ်မီး…လိမ်တယ်၊ ၅၀၀၀ တန်ဖုန်း…လိမ်တယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို…လိမ်တယ်” ဟူသော စာများကို ပြည်သူအချို့မှာ စိတ်ဝင်စားစွာဖြင့် တောင်းယူသူများခဲ့သည်ကိုလည်း တွေ့ရသည်။

“ဒီစာရွက်ပေါ့ ငါလိုချင်နေတာ ဟိုးကတည်းက လိုက်ရှာနေတာ အခုမှ ရတော့တယ် “ဟု အသက် (၅၀)ကျော် သိမ်ကြီးဈေးတွင် ဈေးရောင်းချနေသူတစ်ဦးက ပြောသည်။

ကိုထင်ကျော်သည် သိမ်ကြီးဈေးမှ ဆူးလေသို့ ဆန္ဒပြလမ်းလျှောက်နေစဉ်တွင် ကျောက်တံတား မြို့နယ်ရဲစခန်းမှ အရာရှိ အချို့က တရားဝင်ဆန္ဒထုတ်ဖော်သင့်သည်ဟု လာရောက်၍ အကြံ ပြုပြောဆိုခဲ့သော်လည်း ဆန္ဒပြမှုအား ပိတ်ပင်ခဲ့သည့် မတွေ့ရပေ။

နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ တစ်ဦးတည်းသော် လည်းကောင်း အဖွဲ့အစည်းဖြင့်သော်လည်း မိမိဆန္ဒသဘောထားကို ထုတ်ဖော် ခွင့်ရှိသည်ဟု ဆိုသောကြောင့် အဖွဲ့အစည်းအနေဖြင့် မဟုတ်ပဲ တစ်ဦးတည်း ဆန္ဒပြရခြင်းဖြစ်သည်ဟု ကိုထင်ကျော်က ဆိုသည်။

အဆိုပါ တကိုယ်တော်ဆန္ဒထုတ်ဖော်မှုမှာ နေ့လည် (၃)နာရီဝန်းကျင်တွင် ပြီးဆုံးခဲ့သည်။

ကိုထင်ကျော်သည် ၂၀၀၇ခုနှစ် သြဂုတ်လအတွင်းက ရန်ကုန်မြို့ သိမ်ကြီးဈေး၌ စစ်အစိုးရမှ ခွဲတမ်းဖြင့် ရောင်းချပေးသည့် လောင်စာဆီဈေးနှုန်း အဆမတန် မြင့်တက်ခြင်းကြောင့် ကုန်ဈေးနှုန်း လျှော့ချပေးရန် ဆန္ဒပြတောင်းဆိုခဲ့ရာ ပြည်ထဲရေး ၀န်ကြီး ဗိုလ်ချုပ် မောင်ဦးမှ ပုဒ်မ ၁၂၄(က) အစိုးရအား အကြည်ညိုပျက်စေမှု နှင့် ၂၉၅ (က) သာသနာညိုးနွမ်းစေမှု ဆွဲချက်တင်ခံရပြီး အင်းစိန်ထောင်အတွင်းတွင် (၁၄)လ ကြာမြင့်စွာ ဖမ်းဆီးခံရစဉ် (၄)ကြိမ်တိုင်တိုင် ထောင်အတွင်း၌ တရားရုံးများအား သပိတ် မှောက် ဆန္ဒပြခဲ့သူဖြစ်သည်။

ထိုကဲ့သို့ ဆန္ဒပြမှုကြောင့် ၁၂၄(က) နှင့် ၂၉၅ (က) တို့ကို ပယ်ဖျက်ပေးပြီး ၂၀၀၈ခုနှစ် နိုဝင်ဘာ (၁၇)ရက်နေ့တွင် အင်းစိန် အကျဉ်းထောင်အတွင်းရှိ ခုံရုံးမှ ပုဒ်မ ၅၀၅ (ခ) အပါအ၀င် ၊ ဗုဒ္ဓသာသနာ ကို အကြည်ညိုပျက်အောင် လုပ်ဆောင်ခြင်း၊ တရား မ၀င်အဖွဲ့အစည်းတွင် ပါဝင်ခြင်း ၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ပျက်ပြားအောင်လုပ်ခြင်းတို့ဖြင့် ထောင်ဒဏ် (၁၂)နှစ်ခွဲ ကျခံခဲ့ ရခြင်းဖြစ်သည်။

ကိုထင်ကျော်မှာ ၂၀၁၂ခုနှစ် ဇန်န၀ါရီလ(၁၃)ရက်နေ့က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ လွတ်လပ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသူဖြစ်သည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့