Tuesday, July 17, 2012

ကုလ ဝန်ထမ်းများ ဖမ်းဆီးထားမှု မြန်မာ ဖြေရှင်းရမည်ဟုဆို

ဇူလိုင်လ ၁၆ ရက် ၂၀၁၂ ခုနှစ်

ကုလသမဂ္ဂ ဝန်ထမ်းနှင့် အကူအညီပေးရေး လုပ်သား ၁ဝ ဦးအား ဇွန်လအတွင်းက ရခိုင်ပြည်နယ်တွင် အဘယ်ကြောင့် ဖမ်းဆီးခဲ့သည် ဆိုသည်ကို ရှင်းလင်းချက်ပေးရန် မြန်မာနိုင်ငံအား တောင်းဆို ထားသည်။ ထိုဝန်ထမ်းအချို့မှာ ပြစ်မှု ဆိုင်ရာ စွဲချက်များဖြင့်လည်း ရင်ဆိုင်နေရခြင်းဖြစ်သည်။

ကုလသမ္မဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ ပြောရေးဆိုခွင့် ရှိသူ အမျိုးသမီး Melissa Fleming က ဂျီနီဗာတွင် ကျင်းပခဲ့သည့် ကုလ အစည်းအဝေးတခု၌ ပြောကြားခဲ့ရာတွင် အဖမ်းဆီးခံ ဝန်ထမ်းများထဲတွင် UNHCR တွင် အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသား သုံးဦးလည်း ပါဝင်သည်ဟု ဆိုသည်။ အသေးစိတ်ပြောကြားရန်ကိုမူ သူက ငြင်းဆိုခဲ့သည်။

အခြား ကုလသမ္မဂ္ဂ ဝန်ထမ်းတဦးက ပြောဆိုရာတွင် အဖမ်းဆီးခံ ဝန်ထမ်း ၁ဝ ဦးအနက် ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ ဝန်ထမ်း သုံးဦး ပါဝင်ပြီး အချို့မှာ နယ်စည်းမခြား ဆရာဝန်များအဖွဲ့(MSF)မှဟု သိရသည်။

UNHCR မှ Antonio Guterres သည် လွန်ခဲ့သည့် အပတ်က မြန်မာ အရာရှိများနှင့် တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာဝင်များနှင့် မူဆလင်များ၏ ဆက်ဆံရေး ပြန်လည်ကောင်းမွန်စေရေးနှင့် ပတ်သတ်၍ မြန်မာ အစိုးရကို ကူညီရန် ကမ်းလှမ်းခဲ့သည်။ ဇွန်လအတွင်း က ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများ ဖြစ်ပွါးခဲ့ကာ ၇၉ ဦးအထိ သေဆုံး ခဲ့သည်ဟု သိရသည်။

Guterres အနေဖြင့် မြန်မာ သမ္မတ ဦးသိန်းစိန်နှင့် အခြား အရာရှိများအား အသိုင်းအဝိုင်း နှစ်ခု ပြန်လည်ပြေလည်ရေး အတွက် ကွဲပြားခြားနားသည့် အဆိုပြုချက် အမျိုးမျိုးကို တင်ပြခဲ့သည်ဟု ကုလ အရာရှိများက ဆိုကြသည်။ မြန်မာနိုင်ငံ ရှိ ရိုဟင်ဂျာ မူဆလင် များသည် နိုင်ငံသားဖြစ်ခွင့်နှင့် အခြား အခြေခံ အခွင့်အရေးများ ငြင်းပယ်ခြင်း ခံနေရပြီး ကုလသမ္မဂ္ဂက ထိုရိုဟင်ဂျာများသည် ကမ္ဘာ ပေါ်တွင် အဆိုးဝါးဆုံး ခွဲခြားဆက်ဆံခံနေရသူများတွင် ပါဝင်သည်ဟု ဆိုထားသည်။

UNHCR ၏ ပြောရေးဆိုခွင့် ရှိသူ Fleming က UNHCR အနေဖြင့် ရခိုင်ပြည်နယ်ရှိ မငြိမ်သက်သော အခြေအနေအား စိုးရိမ်မှုဖြင့် ဆက်လက် စောင့်ကြည့်နေသည်ဟု ဆိုသည်။

“ကျမတို့ အနေနဲ့ ရခိုင်ပြည်နယ်မှာ ရခိုင်တွေကိုရော မူဆလင်တွေကိုပါ ခွဲခြားမှု လုံးဝ မရှိဘဲ လူသားချင်း စာနာမှု ဆိုင်ရာ အကူ အညီ တွေကို ဆက်လက် ပေးအပ်နေကြောင်း ဖော်ပြချင်ပါတယ်” ဟု Fleming က ဆိုသည်။

ရိုဟင်ဂျာတို့၏ နယ်စပ်ဒေသကို ဖြတ်၍ ဘင်္ဂလားဒေ့ရှ် ဘက်သို့ ထွက်ပြေးမှု အခြေအနေများလည်း အရှိန်လျော့လာ ပြီဟု Fleming က ဆိုသည်။

“ကျမတို့ အနေနဲ့ ဒီအခြေအနေတွေကို သေသေချာချာ စောင့်ကြည့်နေပါတယ်။ အခြေအနေတွေ ပုံမှန် ပြန်ဖြစ်သွား လိမ့်မယ်။ ပြီးတော့ အသိုင်းအဝိုင်း နှစ်ခုရဲ့ ဆက်ဆံရေးတွေကို ပြန်လည် ထူထောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု သူက ဆိုသည်။

“ဒါပေမယ့် ရင့်မှည့်နေတဲ့ ပြဿနာတွေထဲက တခုကတော့ နိုင်ငံမဲ့မှု အခြေအနေပါပဲ။ “နိုင်ငံသား ဥပဒေဟာ လူမျိုးစု၊ မျိုးနွယ် (ethnicity) အနေအထား အပေါ် အခြေခံထားပြီး အဲဒီ့မှာ မူဆလင် ရိုဟင်ဂျာတွေ အပါအဝင် တချို့ အုပ်စုတွေကို ဖယ်ထုတ်ထား ပါတယ်” ဟု Fleming က ဆိုသည်။

လက်ရှိ ဥပဒေအရ ရိုဟင်ဂျာမူဆလင်တွေဟာ နိုင်ငံသားဖြစ်ခွင့် ရရှိသင့်တာမို့ သူတို့ကို နိုင်ငံသားဖြစ်ခွင့် ပေးသင့် တယ်လို့ UNHCR အနေနဲ့ ယုံကြည်ကြောင်း Fleming က ပြောသည်။ နိုင်ငံအတွင်းမှာ ပုံမှန်ဘဝ တခု တည်ဆောက် နိုင်ဖို့လိုအပ်တဲ့ အခွင့်အရေးတွေကို သူတို့ ရရှိစေမယ့် တရားဝင် အခြေအနေလည်း ရှိသင့်တယ်လို့ Fleming က ဆိုသည်။

ကြာသပတေးနေ့က မဇ္ဈိမ သတင်းဌာန၏ အင်္ဂလိပ်ပိုင်း စာမျက်နှာတွင် မောင်တောခရိုင် တရားရုံး၌ ကုလသမ္မဂ္ဂ ဝန်ထမ်း သုံးဦးသည် ၎င်းတို့၏ အမှုအတွက် တရားခွင်သို့ တက်ရောက်ခဲ့ကြောင်း သတင်းဖော်ပြခဲ့ပြီး ၎င်း ဝန်ထမ်း သုံးဦးအား ဇွန်လ အတွင်း၌ ဘာသာရေး ဆိုင်ရာ အကြမ်းဖက်မှုများ ဖြစ်ပွါးခဲ့ချိန်တွင် နစက (နယ်စပ်ဒေသ စစ်ဆေးရေးနှင့် ကွပ်ကဲမှု ဌာနချုပ်)မှ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ် သည်။

နိရဉ္စရာ သတင်းဌာန၏ ဝက်ဘ်ဆိုဒ်ကလည်း MSF မှ ဝန်ထမ်းတဦးသည်လည်း အဖမ်းခံခဲ့ရပြီး တရားခွင်သို့ တက်ရောက်ခဲ့ကြောင်း ဖော်ပြခဲ့သော်လည်း နိရဉ္စရာ အနေဖြင့် ထိုသတင်းနှင့် ပတ်သက်၍ သီးခြား အတည်ပြုချက်များ ရယူနိုင်ခြင်း မရှိကြောင်း ဆိုခဲ့သည်။

ဇွန်လ ၂၉ ရက်နေ့တွင် မဇ္ဈိမသတင်းဌာနက ဖော်ပြခဲ့သည့် သတင်းတပုဒ်တွင် ကုလသမဂ္ဂနှင့် MSF တွင် တာဝန် ထမ်းဆောင် နေကြ သည့် အကူအညီပေးရေး ဝန်ထမ်း စုစုပေါင်း ၁၂ ဦး ရခိုင်ပြည်နယ်တွင် အခင်းဖြစ်ပွါးနေစဉ် ကာလက ဖမ်းဆီးထိန်းသိမ်းခြင်းခံရ ကြောင်း ဖော်ပြခဲ့သည်။ ကုလသမဂ္ဂ အရာရှိများသည် မြန်မာနိုင်ငံခြားရေး ဝန်ကြီးနှင့် လွန်ခဲ့သည့် နှစ်ပတ်ခန့်က ကုလသမဂ္ဂ ဝန်ထမ်း များ အဖမ်းခံရသည့် ကိစ္စနှင့် ပတ်သတ်၍ နေပြည်တော် တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ သို့သော် ဆွေးနွေးပွဲ၏ ရလဒ်ကိုမူ မသိရှိ ရသေးပေ။

ရိုက်တာ သတင်းဌာန၏ ဇွန်လ ၁၆ ရက် သတင်းတရပ်တွင်လည်း ဘူးသီးတောင် မြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များသည် ကုလသမ္မဂ္ဂ ဒုက္ခ သည် အေဂျင်စီမှ ဝန်ထမ်း နှစ်ဦးနှင့် WFP မှ ဝန်ထမ်း တဦး ၊ စုစုပေါင်း ကုလ ဝန်ထမ်း သုံးဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဖော်ပြခဲ့သည်။ ဖမ်းဆီးခံရသူ ဝန်ထမ်း သုံးဦးလုံးမှာ မြန်မာနိုင်ငံသားများ ဖြစ်ကြပြီး ဖမ်းဆီးထိန်းသိမ်းရခြင်း အကြောင်းကို မသိရှိရဟု ဖော်ပြထားသည်။

ဇွန်လ ၁၂ ရက်နေ့တွင် MSF အဖွဲ့က ရခိုင်ပြည်နယ်ရှိ ဒေသအချို့တွင် ၎င်း၏ လုပ်ငန်းများ ရပ်ဆိုင်းထားကြောင်း ကြေညာခဲ့ပြီး ထိုသို့ရပ်ဆိုင်းရခြင်းမှာ ထိုဒေသများတွင် ၎င်း၏ ဝန်ထမ်းများ လုံခြုံမှု မရှိခြင်းကြောင့်ဟု ဆိုခဲ့သည်။

မြန်မာအစိုးရက ထုတ်ပြန်သည့် တရားဝင် စာရင်းဇယားများအရ ဇွန်လတွင် ဖြစ်ပွါးခဲ့သည့် အကြမ်းဖက်မှုများကြောင့် လူ ၇၉ ဦး သေဆုံးခဲ့ရပြီး သောင်းနှင့်ချီသော ဒုက္ခသည်များမှာ လုံခြုံသော ခိုလှုံရာများ ရှာဖွေခဲ့ရသည်ဟု ဆိုထားသည်။ အကြမ်းဖက်မှုများ ဆက်လက် ဖြစ်ပွါးနေစဉ်က နိုင်ငံတကာနှင့် ဒေသတွင်း အကူအညီပေးရေး အေဂျင်စီများသည် အစားအသောက်နှင့် ဆေးဝါးများ ပေးအပ်ရန်နှင့် နေရာထိုင်းခင်းများ စီစဉ်ပေးရန်အတွက် ဒေသတွင်းသို့ ဝင်ရောက် ခဲ့ကြသည်ဟု သိရသည်။

သောကြာနေ့က ကမ္ဘောဒီးယားနိုင်ငံ Siem Reap တွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီ ဟီလာရီ ကလင်တန်က မြန်မာနိုင်ငံ အနောက်ပိုင်းရှိ ရိုဟင်ဂျာ မူဆလင်များ အရေးနှင့် ပတ်သတ်၍ ပြောကြားခဲ့သေးသည်။ ကလင်တန်က ပြောကြားရာတွင် အမေရိကန် အနေဖြင့် ရိုဟင်ဂျာများအား ပြည်တွင်းတွင် အိမ်ပစ်ရာပစ် ပြေးနေရသော ဒုက္ခသည်များ (IDPs) အဖြစ် စဉ်းစားသည်ဟု သတင်းများ အရ သိရသည်။

လွန်ခဲ့သည့် အပတ်အတွင်းတွင် မြန်မာ သမ္မတ ဦးသိန်းစိန်က UNHCR အနေဖြင့် ရိုဟင်ဂျာများအား တတိယနိုင်ငံ တနိုင်ငံသို့ ပြောင်း ရွှေ့ အခြေချရေး သို့မဟုတ် ရိုဟင်ဂျာများအား UNHCR မှ တာဝန်ယူပေးရန် အကြံပေးပြောဆို ခဲ့သော်လည်း ကုလသမဂ္ဂက မသင့် လျော်ဟုဆိုကာ ပယ်ချခဲ့သည်။

ကလင်တန်၏ ထိုကိစ္စ ပြောဆိုချက်နှင့် ပတ်သတ်၍ ဦးသိန်းစိန်၏ တုံ့ပြန်ချက်မှာ ထိုအခြေအနေအား “အလွန် အန္တရာယ်ကြီးသော [အခြေအနေ]” ဟု ဖော်ပြခဲ့ကြောင်း အမေရိကန် အရာရှိတဦးက ပြောခဲ့သည်။ အဖမ်းဆီးခံ ကုလသမဂ္ဂ ဝန်ထမ်းများ အတွက်လည်း စိုးရိမ်မိကြောင်း ကလင်တန်က ဖော်ပြခဲ့သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့