အောင်အောင်-ချင်းမိုင်(မြစ်မခ)
17 Jul, 2012
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ၀ပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီးကျောင်းတွင် သီတဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရက ယမန်နေ့ ဇူလိုင်(၁၆)ရက်နေ့ ညပိုင်းက မြန်မာလူမျိုး(၅၀၀)ကျော်အား တရားဟောကြားပို့ချခဲ့ကြောင်း သိရှိ ရသည်။
ဆရာတော်မှာ ဘုရင့်နောင်လက်ထက်ကတည်းက မြန်မာတွေ တည်ထားကိုးကွယ်ခဲ့တဲ့ ရှေးဟောင်းအမွေအနှစ်များအား ထိန်းသိမ်း စောင့်ရှောက်သွားကြရန်ရည်ရွယ်၍ တရားဟောခဲ့ခြင်းဖြစ်ကြောင်းကိုလည်း သိရှိရသည်။
ရှေးဟောင်းအမွေအနှစ်များအား ထိန်းသိမ်းစောင့်ရှောက်ရာ၌ ငွေကြေး၊ ရုပ်ဝတ္တု၊ လူသားအရင်းအမြစ်နှင့် တွေးခေါ်မျှော် မြင်မှုသည် အဓိကကျကြောင်း၊ အခြားနိုင်ငံတွင် စည်းကမ်းရှိရှိညီညီညွတ်ညွတ်ငြိမ်းချမ်းစွာဖြင့် ထိန်းသိန်းကြရန်အတွက် မြတ်စွာဘုရားဟောကြား ဆုံးမခဲ့သောတရားတော်များအတိုင်း အထောက်အထားဖြင့် ဟောကြားခဲ့ခြင်းဖြစ်သည်။
သီတဂူဆရာတော်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ဇူလိုင်လ(၁၅)ရက်နေ့တွင် ရောက်ရှိခဲ့ခြင်းဖြစ်ပြီးချင်းမိုင်သို့ ကြွရောက်ခြင်းမပြုမီ မဲဆောက်ရှိ မြန်မာရွှေ့ပြောင်းလုပ်သားများကိုလည်း တရားပြခဲ့၍ ဒေါက်တာ စင်သီယာမောင် ဆေးခန်းသို့ ထိုင်းဘတ်ငွေ (၅၀၀၀၀) လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
‘’ ဒီမှာရောက်နေတဲ့ မြန်မာတွေ ဆရာတော်ရဲ့ တရားပွဲကို လာတာတော်တော်များတယ်၊ မြန်မာဒကာဒကာမတွေကော၊ မီဒီယာသမား တွေနဲ့ ဒီမှာရောက်နေတဲ့ မြန်မာလူမျိုးအားလုံးနီးပါးလာရောက်ဖူးမျှော်ကြတယ်၊ ကျွန်တော့်ဘ၀မှာ သီတဂူဆရာတော်ရဲ့ တရားကို ကိုယ်တိုင်ကိုယ်ကျ နားထောင်းဖူးတာ ဒါပထမဆုံးပါပဲ”ဟု ချင်းမိုင်ရှိ မီဒီယာ အဖွဲ့ အစည်းတစ်ခုတွင် တာဝန်ထမ်းဆောင်နေသော မြန်မာလူမျိုးတစ်ဦးက ပြောသည်။
ဝပ်ဆိုင်မွန်းဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးသြဘာသပျံလွန်တော်မူပြီးနောက် အဆိုပါကျောင်းတွင် ထိုင်းကျောင်းထိုင် ဘုန်းကြီးတစ်ပါးကျောင်းထိုင်ရန်အတွက် ထိုင်းသံဃာ့မဟာနာယကအဖွဲ့က ဆုံးဖြတ်ခဲ့၍ ကျောင်းအပ်ပွဲ ကျင်းပရန်စီစဉ်ခဲ့သော်လည်း ထိုင်းနိုင်ငံရောက် မြန်မာဒကာ၊ဒကာမများက ကန့်ကွက်ဆန္ဒပြခဲ့ ကြသည့်အတွက် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ထိုင်းသာသနာ့ရေး ရာမှ တာဝန်ရှိသူများ ဆက်လက်ဆွေးနွေးဆဲ ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
လက်ရှိအချိန်တွင် မြန်မာသံယာများသီတင်းသုံးနေသည့် ၀ပ်ဆိုင်မွန်းဘုန်းကြီးကျောင်းတွင် မြန်မာဘုန်းတော်ကြီးများ ကျောင်းထိုင် နိုင်ရေးအတွက် ဘန်ကောက်သံရုံးက လိုက်လံဆောင်ရွက်ပေးလျက်ရှိကြောင်းကိုလည်း သိရှိရသည်။
သီတဂူဆရာတော်သည်ယနေ့ ဇူလိုင်လ(၁၇)ရက်နေ့တွင် ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ကော့စမွေကျွန်းနှင့် ဇူလိုင် ၁၈ ရက် နေ့ ဗုဒ္ဓဟူးနေ့တွင် ဖူးခတ်နှင့် ဖန်ငခရိုင်တွင် တရားဟောကြားမည်ဖြစ်ပြီး ဘန်ကောက်သို့ ပြန်လည် ရောက်ရှိကာ ဇူလိုင် ၁၉ ရက် နေ့တွင် အမေရိကားသို့ ပြန်လည်ကြွချီမည်ဖြစ်သည်။
Ref: မြစ်မခ
Tuesday, July 17, 2012
တစ်ပါးမြေတွင် စည်းလုံး၍ စည်းကမ်းရှိကြရန် သီတဂူဆရာတော် ချင်းမိုင်တွင် မှာကြား
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment