Sunday, July 24, 2011

ထိုက်တန်တဲ့နေရာ ရရှိရန် ထိုက်တန်တဲ့ ပေးဆပ်မှု ရှိရမည်ဟု အဖွဲ့ချုပ်က အစိုးရကို ပြောကြား

July 23, 2011
အံ့ဘုန်းမြတ်

မြန်မာအစိုးရက ၂၀၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌနေရာ ရရှိရေး ကြိုးပမ်းဆောင်ရွက်နေတဲ့ အချိန်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ထိုက်တန်တဲ့နေရာတခု ရရှိဖို့အတွက် ထိုက်တန်တဲ့ပေးဆပ်မှုတွေနဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ လိုအပ် မယ်လို့ တွေ့ဆုံဆွေးနွေးရေးကို ဦးတည်ပြီး တိုက်တွန်းပြောဆို လိုက်ပါတယ်။


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီကလင်တန် (Hillary Clinton) ရဲ့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပ နေတဲ့ အာဆီယံဒေသတွင်း လုံခြုံရေး ဆိုင်ရာ အစည်း အဝေး Regional Security Forum မှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ပြောကြားခဲ့မိန့်ခွန်းကို ထောက်ရူ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အဲ့ဒီလို ပြောကြားလိုက်တာပါ။

ဒီလ ၂၂ ရက်နေ့က ပြောကြားခဲ့တဲ့ ဟယ်လာရီကလင်တန်ရဲ့ မိန့်ခွန်း ထဲမှာတော့ မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ် အာဆီယံ ဥက္ကဋ္ဌ တာဝန်ပေးအပ်ဖို့အတွက် မြန်မာအစိုးရအနေနဲ့ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို နိုင်ငံတကာ အသိုင်း အ၀ိုင်းရဲ့ ယုံကြည်မှု ရှိလာအောင် လုပ်ဆောင်ဖို့ အရေးကြီး ကြောင်းနဲ့ မြန်မာနိုင်ငံမှာ သိသာထင်ရှားတဲ့ တိုးတက်မှု မရှိဘဲ နိုင်ငံရေးအရ ရှေ့မတိုးနိုင် ဖြစ်နေတဲ့ အခြေအနေအပေါ် နိုင်ငံတကာ အသိုင်းအ၀ိုင်းက လက်မခံနိုင်ကြောင်း စတဲ့ အချက်တွေကို ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံရေးမှာလည်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံဆွေးနွေးရေး ဆောင်ရွက်ဖို့ကိစ္စတွေကိုလည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဒါတွေနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန့်ကြားရေးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက …

“ပထမတချက်က အမေရိကန်အစိုးရက မိမိရပ်တည်တဲ့ ပေါ်လစီကို ဆက်လက် စွဲကိုင်တယ်။ ဒုတိယတချက်က ၂၀၁၄ အာဆီယံ ဥက္ကဋ္ဌ ဖြစ်ဖို့ ကိစ္စက ပြုပြင်ပြောင်းလဲမှုတွေနဲ့ ဆက်စပ်တယ်လို့ ဒီလို အဓိပ္ပာယ်မျိုး ကျနော်တို့ မြင်တယ်။ အဲတော့ မိမိနဲ့ ထိုက်တဲ့ နေရာကို ရဖို့ မိမိပေးဆပ်ရမယ့်၊ မိမိပြုပြင်ပြောင်းလဲရမယ့် ဟာတွေလည်း ပြောင်းလဲဖို့ လိုတယ်လို့ ကျနော်တို့ မြင်ပါတယ်။ မကြိုက်သော်လည်း လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုကတော့ လုပ်ပေးဖို့ လိုအပ်နေပါတယ်။”

ဒီအပေါ်ကို သမ္မတဦးသိန်းစိန်ရဲ့​​ နိုင်ငံရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်ကလည်း

“အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက လာသမျှပုဂ္ဂိုလ်တိုင်းပေါ့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကိုယ်တိုင်က ပြောလေ့ပြောထရှိတဲ့ အခြေအနေတွေ conditions ပါပဲ။ ကျနော်တို့ ဒီဘက်က တာဝန်ရှိတဲ့ လူတွေ အနေနဲ့ကလည်း ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ သူတို့အနေနဲ့လည်း နိုင်ငံအနေနဲ့ ဖြေရှင်းရမယ့် ကိစ္စပါပဲ။ သူတို့ဘာသာသူတို့ လုပ်စရာရှိတာတော့ လုပ်ကြမှာပဲ။ အခြေအနေရယ် အချိန်အခါရယ်ကတော့ ရှိတာပေါ့ဗျာ။ နောက်တခုကတော့ အတင်းအကျပ် ဖိအားပေးတိုင်းလည်း ကောက်လုပ်လို့ ဖြစ်တဲ့ ကိစ္စ မျိုးတွေ မဟုတ်ဘူး။ အခု အခြေအနေက ကိုယ့်ဝမ်းသာ ကိုယ်သာသိဆိုတာလည်း ရှိသေးတာကိုး။ ဆိုတော့ သမ္မတကြီးရဲ့ မိန့်ခွန်း ထဲမှာလည်း ပါပြီးသားပါပဲ။ အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေးအတွက် လုပ်သွားမယ်ဆိုတာလေ။ ဖြစ်လာလိမ့်မယ်လို့ ကျနော်က ထင်ပါတယ်။ ဒါက ကျနော့်ရဲ့ ပုဂ္ဂိုလ်ရေး ထင်မြင်ယူဆချက်ပါပဲ။ အချိန်တန်ရင် အချိန်တန်သလိုပေါ့ဗျာ။ အခြေအနေပေးရင် အခြေအနေ ပေးသလိုတော့ တိုးတက်မှု ရှိလာလိမ့်မယ်လို့ ထင်ပါတယ်။ ”

ဒါ့အပြင် အစိုးရနဲ့ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေကြား တွေ့ဆုံဆွေးနွေးမှု ဖြစ်မြောက်ဖို့ အပြန်အလှန် ယုံကြည်မှုတွေကို ပထမအဆင့် အနေနဲ့ တည်ဆောက်ဖို့ လိုမယ်လို့လည်း ဦးကိုကိုလှိုင်က ဆိုပြန်ပါတယ်။

“ကျနော်တို့ အနေနဲ့ကတော့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတာ အကောင်းဆုံးပါပဲ။ ကိုယ့်အချင်းချင်း ကိုယ့်တိုင်း သူပြည်သား အချင်းချင်း ဖြစ်နေကြတဲ့ ကိစ္စတွေက မိသားစုထဲ ဖြစ်နေကြတဲ့ ပြဿနာလိုပါပဲ တယောက်နဲ့ တယောက်က အချင်း ချင်း တိုင်ပင်ဆွေးနွေးပြီးတော့ ညှိနှိုင်းဖြေရှင်းတဲ့ နည်းလမ်းက အကောင်းဆုံးပါပဲ။ အကောင်းဆုံးပဲဆိုတော့ တွေ့ဆုံဆွေးနွေး တယ်ဆိုတာကလည်း အောင်မြင်ဖို့ မအောင်မြင်ဖို့ ဆိုတာထက် ဟိုဘက်ဒီဘက် နားလည်မှုတွေ ယုံကြည်မှုတွေ၊ တယောက်ရဲ့ အခြေအနေကို တယောက်က မြင်နိုင်မှုတွေ ဒါတွေကတော့ လိုအပ်တာပေါ့လေ။ အဲတော့ အဓိက အခြေခံကတော့ ယုံကြည် မှု ပေါ့။ အဲတော့ ယုံကြည်မှုကို ကျနော်တို့က အားပေးအားမြောက် ပြုကြရမှာပေါ့။ အဲဒီလမ်းကြောင်းက စကြရအောင်ပေါ့။”

ဒီလို အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေးလမ်းစဉ်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ သဘောတူလက်ခံကြောင်းနဲ့ အဲ့ဒီလိုဖြစ်ဖို့အတွက် ပြုသာပြင်သာတဲ့သဘောထားတွေ ရှိကြောင်းကိုလည်း ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက ဆိုပြန် ပါတယ်။

“ကျနော်တို့က အခြေအနေတွေအားလုံးကို ဖွင့်ထားပါတယ်။ တကယ်တွေ့ဆုံလို့ ရှိရင် လက်တွေ့ကျတဲ့ ပြင်သာ ပြုသာရှိတဲ့ သဘောထားမျိုးတွေ ကျနော်တို့မှာ ရှိပါတယ်။ ဒီသဘောထားပဲ ကျနော်တို့ ပြောလို့ရမယ်။ အကြောင်းအရာကိုတော့ ကျနော်တို့ တဘက်က ပြောင်းလဲသွားမှာစိုးလို့ မပြောနိုင်ပါဘူး။ ကျနော်တို့ ယုံကြည်မှု တည်ဆောက်ဖို့ လိုအပ်တယ်ဆိုတာ ကျနော်တို့ သဘောတူပါတယ်။”

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီကလင်တန် (Hillary Clinton)က အင်ဒိုနီးရှားနိုင်ငံ အာဆီယံဒေသတွင်း လုံခြုံရေး ဆိုင်ရာအစည်းအဝေး အတွင်းမှာပဲ နျူးကလီးယား မပြန့်ပွားရေးကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ နျူးကလီးယား ပြဿနာအတွက် စိုးရိမ်ပူပန်မိကြောင်းလည်း ပြောကြားခဲ့ ပြန်ပါသေးတယ်။

ဒါ့အပြင်လည်း မြန်မာအစိုးရဟာ နိုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော်ကို ချွင်းချက်မရှိ လွှတ်ပေးရေးနဲ့ အဓိပ္ပာယ်ပြည့်ဝပြီး အတိုက်အခံ အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား အဖွဲ့တွေပါ ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးကို စတင်လုပ်ဆောင်ဖို့ ကလင်တန်က တိုက်တွန်းခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာတဲ့​ လွှတ်တော်တွေနဲ့ စစ်အစိုးရကနေ အရပ်သားအစိုးရကို အာဏာလွှဲ ပြောင်း ပေးခဲ့တယ် ဆိုပေမယ့်လည်း ဒီမိုကရေစီ အနှစ်သာရရှိရှိ ပြုပြင်ပြောင်းလဲမှုတွေကို အစိုးရသစ်က အရင် စစ်အစိုးရထက် ပိုမိုပြီး ထင်သာမြင်သာ ရှိရှိ သက်သေ မပြနိုင်သေးပါဘူး။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့