Thursday, November 24, 2011

ကြက်သွန်ဈေး ကျ

ကိုဝိုင်း
နိုဝင်ဘာလ ၂၃ ရက် ၂၀၁၁ ခုနှစ်

ကြက်သွန်နီ အဓိကထွက်သော မကွေးတိုင်း ပခုက္ကူ ဒေသတွင် ရေကြီးမှု ဖြစ်ပွားခဲ့သော် လည်း ယခုအခါ ကြက်သွန်နီဈေးများ ကျဆင်းလျက် ရှိသည်ဟု ကြက်သွန်အသင်းနှင့် စိုက်ပျိုး၊ ရောင်းဝယ်သူများ က ပြောသည်။

မတ်နှင့် ဧပြီလအတွင်းထွက်သော နွေကြက်သွန်ဟောင်းမှာ အောက်တိုဘာလ အတွင်းကထက် နှိုင်းစာလျှင် ရန်ကုန်ဈေးကွက်တွင် တပိဿလျှင် ၇၀၀ ကျပ်ကျော်စီ ကျဆင်းသွားသည်။

နံပတ်ဝမ်း (ထူးရှယ်)၊ နံပတ်-၂ (လတ်ကြီး)၊ နံပတ်-၃ (လတ်သန့်)၊ နံပတ်-၄ (လတ်ချော) အမျိုးအစား ၄ ခုလုံး မှာ တပိဿာ ၁,၄၀၀၊ ၁,၃၀၀၊ ၁,၂၀၀၊ ၁,၀၀၀ ကျပ် အသီးသီး ဈေးပေါက်ခဲ့ရာက တပိဿာ ၇ဝဝ ကျပ်မှသည် ၃၃၀ ကျပ်သာ ဈေးပေါက်တော့သည်။


တရုတ်နိုင်ငံဘက်မှ ကြက်သွန်တင်သွင်လားခြင်းနှင့် လှောင်လက်များက ထုတ်ရောင်းခြင်းတို့ကြောင့်ဖြစ်သည် ဟုသိရသည်။ ရန်ကုန်သို့ တစီးလျှင် ပိဿာ ၆,ဝဝဝ ပါ ဆယ်ဘီးကား အစီးရေ ၃ဝ ခန့် နေ့စဉ်ဝင်နေပြီး “ဈေးက ရန်ကုန်မှာဆို ရုတ်ပျက် ဆင်းပျက်တောင် ဖြစ်နေလို့” ဟု ကြက်သွန် စိုက်ပျိုးထုတ်လုပ်သူများ အသင်း ပြန်ကြားရေး တာဝန်ခံ ဦးခင်ဟန်က ပြောသည်။

တနိုင်ငံလုံးတွင် ကြက်သွန်နီ လက်ကျန် ပိဿာချိန် သိန်း ၂ဝဝ ခန့်ကျန်နေသေးပြီး လှောင်လက်များနှင့် ၂၀၁၁ စက်တင်ဘာလ က စိုက်ထားသည့် မန္တလေးတိုင်း မြစ်သား၊ မြင်းခြံ၊ နွားထိုးကြီးဘက်မှ မိုးကြက်သွန်များလည်း ဈေးကွက်အတွင်း ထပ်မံဝင်လာ ဦးမှာ ဖြစ်သည်။

မိုးကြောင့် ပျက်စီးမှုများခဲ့သည့် မကွေးတိုင်းမှလွဲ၍ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့တွင် ကြက်သွန်ပိုစိုက်ကြသဖြင့် ၂ဝ၁၂ ခု ၌ တနိုင်ငံလုံးမှ ဆောင်းကြက်သွန် ပိဿာချိန် သိန်း ၃,ဝဝဝ ထွက်မည်ဟု ကြက်သွန်အသင်းက မှန်းထား သည်။

မကွေးတိုင်းမှ ကြက်သွန်နီ ကုန်သည်တဦးကလည်း ရေစိုကြက်သွန်များ နေပြန်လှန်း၍ ရန်ကုန်သို့ တင်ပို့နိုင်ခြင်း၊ ထိုင်းနိုင်ငံဘက် ဈေးကွက်က အဝယ်မလိုက်ခြင်းတို့ကြောင့် ဈေးကျသွားသည်ဟု ခန့်မှန်းထားကာ “လုပ်တဲ့ကိုင်တဲ့ လူတွေ သုံးကျပ်လောက်ရ င်းမှ တကျပ်လောက်ပြန်ရမယ့် သဘောဖြစ်သွားတယ်။” ဟုဆိုသည်။

ကြက်သွန်မှာ လှောင်ချိန်ကြာမြင့်လျှင် အလေးချိန်လျော့ကျခြင်းနှင့် အပင်ပေါက်လာနိုင်သည့် အတွက်လှောင်လက် များက အချိန်မီ ထုတ်ရောင်းရလေ့ရှိသည်။

ပခုက္ကူမြို့နယ်ဘက်က ကြက်သွန်နီကုန်သည်တဦးကလည်း “ပခုက္ကူမှာ ကောင်းတာတွေက ၂ဝဝ၊ ၄ဝဝ အတွင်း ရှိတယ်။ ညံ့တာတွေက ၃ဝဝ အောက်ပေါ့။ ဒီမှာကတော့ အရွယ်ခွဲပြီး ရန်ကုန်ပို့တာ။ မုန်တိုင်းလေးဝင်ပြီး ထက်ဝက်လောက်သေး တယ်။ အခု ကျသွားတယ်။ ဆောင်းတွင်းဆိုတော့ အညှောင့်ပေါက်တာတို့၊ အရောင်မဲရင်တို့ဆိုရင် ၁၀၀ ထပ်လျော့သေးတယ်။” ဟု ပြောသည်။

ယောချောင်းနှင့် ဧရာဝတီဆုံသည့် ဆိပ်ဖြူမြို့နယ်မှ ကုန်သည်တဦးကမူ ဈေးကျနေသဖြင့် ဆိပ်ဖြူမြို့နယ်အတွင်း ထုတ်မရောင်း သေးသည့် လှောင်လက်များတွင် ကြက်သွန်များ ကျန်နေသေးကြောင်း ပြောသည်။

ဆိပ်ဖြူမြို့နယ်မှ သြဂုတ်လစိုက် မိုးကြက်သွန် (မျိုးကြက်သွန်) မှာလည်း အောက်တိုဘာမိုးကြောင့် ဆုံးရှုံးခြင်း၊ လတ်တလော ကြက်သွန်ဈေးကျနေခြင်းတို့ကြောင့် ရင်းနှီးငွေနည်းသွားပြီး ဒီဇင်ဘာတွင်စိုက်မည့် ကြက်သွန် အရေအတွက်ကို လျော့ချရမည် ဆိုသည်။

မြန်မာနိုင်ငံမှ ကြက်သွန်ကို မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံများသို့ အဓိကတင်ပို့ နေခြင်းဖြစ်ပြီး ယခု နွေကြက်သွန် ဟောင်းများ သည် အညှောင့်များပါလာခြင်း၊ အလေးချိန်လျော့သွားခြင်းတိုနှင့် ပြိုင်ဘက် အိန္ဒိယ၊ တရုတ်တို့က ပိုမိုဈေးချလာခြင်းကြောင့် ယခုနှစ်တွင် ယှဉ်ပြိုင်မရောင်းနိုင်ကြောင်း ကြက်သွန်အသင်းကပြောသည်။

မြန်မာကြက်သွန်သည် တတန်လျှင် အမေရိကန်ဒေါ်လာ ၄၅ဝ နှင့် ၅၅ဝ အကြား ဈေးပေါက်နေချိန်တွင် အိန္ဒိယက တတန်လျှင် ဒေါ်လာ ၃၅ဝ သာ သတ်မှတ်ထားသည်ဟု ဦးခင်ဟန်က ပြောသည်။

၂ဝ၁ဝ ခု သြဂုတ်လကလည်း ရေနံချောင်းမြို့နယ်တွင် ကြက်သွန် တပိဿာ ၁၀၀ ကျပ်ဝန်းကျင်အထိ လျော့ကျ သွားခဲ့ဖူးပြီး ကြက်သွန်ကုန်သည်များ ဆုံးရှုံးမှုဖြစ်ခဲ့ဖူးသည်။ အလားတူ ၂၀၀၇၊ ၂၀၀၈ ခုနှစ်များကလည်း ဈေးကျခြင်း ကြုံခဲ့ရသေးသည်။

အောက်တိုဘာ ၁၉ ရက်နှင့် ၂ဝ ရက်နေ့က မိုးသည်းသဖြင့် ယောချောင်း၊ ကျောချောင်း၊ ယမားချောင်း၊ မြိုင်ချောင်း၊ ရွှေချောင်း တို့မှ တောင်ကျရေဆင်းပြီး မကွေးတိုင်း ပခုက္ကူ၊ မြိုင်၊ ပေါက်နှင့် ဆိပ်ဖြူမြို့နယ်တို့တွင် လူ ၁ဝ၆ ဦးသေဆုံးပြီး သီးနှံစိုက်ခင်း ဧက ၃,၀၀၀ ကျော် ပျက်စီး သည်ဟု တရားဝင် ထုတ်ပြန်ထားသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့