Monday, November 21, 2011

ပညာရေးမြှင့်တင်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

November 20, 2011
နေသွင်

တိုင်းပြည်တိုးတက်ဖို့ ပညာရေးကို မြှင့်တင်ဖို့​ လိုတယ်လို့​ ​မြန်မာ့ဒီမိုကရေစီ​​​ခေါင်းဆောင်​ ​ဒေါ်အောင်ဆန်းစုကြည်က​ ​ပြောကြား လိုက် ပါတယ်။

ရန်ကုန်မြို့ ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံးမှာ ကျင်းပတဲ့ အမျိုးသားနေ့ အခမ်းအနား မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို တိုက် တွန်းလိုက်ပါတယ်။

“နိုင်ငံတနိုင်ငံ တိုးတက်ဖို့၊ ကိုယ့်ရဲ့တိုင်းပြည်က တိုင်းသူပြည်သားတွေ အင်အား တိုးတက်လာဖို့ဆိုတာက ပညာရေးက အင်မ တန်မှ အရေးကြီးပါတယ်။ ဒါ ၁၉၂၀ ခုနှစ်တုန်းကတင် မဟုတ်ပါဘူး။ အခုလည်း အတူတူပါပဲ။ အခု ၂၀၁၁ ခုနှစ်မှာလည်း ကျမ တို့နိုင်ငံ တိုးတက်ဖို့ဆိုရင် ကျမတို့နိုင်ငံရဲ့ ပညာရေး မြှင့်တင်ရမယ်။ ပညာရေးကို မြှင့်တင်တယ်ဆိုတာ ဘွဲ့ရတွေ အများကြီး ထုတ် ရုံနဲ့ မပြီးပါဘူး။ ရတဲ့ ဘွဲ့တွေက အနှစ်သာရ ရှိရပါလိမ့်မယ်။ ဘွဲ့ရလာတဲ့ ကျမတို့ လူငယ်တွေဟာလည်း တကယ်ပဲ ပညာတတ် လူငယ်တွေ ဖြစ်ရပါလိမ့်မယ်။”

ပညာရေးမြှင့်တင်တယ်ဆိုတာလည်း အရေအတွက်ထက် အရည်အချင်းရှိတဲ့ ပညာရေး မျိုးဖြစ်ဖို့ လိုတယ်လို့လည်း ဒေါ်အောင်ဆန်း စုကြည်က အခုလို ပြောပါတယ်။

“ပညာဆိုတာ တကယ့်လက်တွေ့ဘ၀မှာ အသုံးမတည့်နိုင်လို့ဆိုရင် စာအုပ်ပညာပဲ။ စာအုပ်ထဲက စာပဲ၊ စာအုပ်တရာလောက်ကို အလွတ်ကျက်ပြီး ဘာမှ ကျက်ထားတဲ့ဟာတွေ အဓိပ္ပာယ်ကို နားမလည်ဘူးဆိုရင် ဒါကို ပညာတတ်လို့ ကျမတို့က ခေါ်နိုင်မှာ မဟုတ်ပါဘူး။ အမျိုးသားရေးစိတ်ရှိတယ်ဆိုရင် ကျမတို့နိုင်ငံကို တကယ်ပဲ တိုးတက်စေချင်တယ်ဆိုရင် လူတိုင်းလူတိုင်းဟာ ပညာ ဆည်းပူးဖို့ တာဝန်ရှိတယ်လို့ ကျမပြောပါရစေ။”

၁၉၂၀ ခုနှစ်က အင်္ဂလိပ်အစိုးရရဲ့ တက္ကသိုလ်ဥပဒေကို တက္ကသိုလ်ကျောင်းသားတွေက စတင်သပိတ်မှောက်ခဲ့တဲ့ တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသားနေ့ အောင်ပွဲနေ့ အဖြစ် သတ်မှတ်ခဲ့တာပါ။

အမျိုးသားအောင်ပွဲနေ့ဆိုတာနဲ့ ပတ်သက်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ဆိုပါတယ်။

“ပညာဆိုတာ ရှာတဲ့နည်းလည်း အမျိုးမျိုး၊ ပေးတဲ့နည်းလည်း အမျိုးမျိုးပါ။ အဲတော့ အားလုံးက ၀ိုင်းဝန်းပြီး ရုန်းမှသာလျှင် ကျမ တို့ရဲ့ တကယ့် အမျိုးသားအောင်ပွဲဆိုတာ ဖြစ်နိုင်မှာပါ။ တကယ့်အမျိုးသားအောင်ပွဲဆိုတာ တနေ့တတည်း ဖြစ်လို့ မရပါဘူး။ ကျမ တို့ဟာ ခေတ်အဆက်ဆက်မှာ ကျမတို့ အမျိုးသားတွေက အောင်ပွဲခံနိုင်တဲ့ နိုင်ငံသူနိုင်ငံသားတွေ ဖြစ်တယ်ဆိုတာ ပြနိုင်မှသာ တကယ့်အောင်ပွဲ ဖြစ်မှာပါ။ အဲ့တော့ ကျမတို့ဟာ ခေတ်အဆက်ဆက် အောင်နိုင်မှု ရနိုင်တဲ့ နိုင်ငံသူနိုင်ငံသားတွေဖြစ်ဖို့ လိုအပ်တဲ့ ပညာတွေကို ဆည်းပူးကြပါလို့ ကျမအနေနဲ့ မေတ္တာရပ်ခံရင်း နိဂုံးချုပ်အပ်ပါတယ်။”

ပြည်တွင်းက ကျောင်းသား လူငယ်အင်အားစုတွေဖြစ်တဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်၊ မျိုးဆက်သစ်လူငယ်များ အစည်းအရုံး (Generation Wave) အဖွဲ့တို့ကတော့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့နဲ့ ပြည်တွင်းစစ်ရပ်စဲဖို့ တောင်းဆို လိုက်ပါတယ်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုမြတ်သူက “ပြည်သူလူထုကလည်း ကျောင်းသားခေါင်းဆောင်တွေရဲ့ ခေါင်းဆောင်မှုကို လိုအပ်နေပါတယ်။ နောက်တချက်က ဒီမိုကရေစီလို့ ပြောမယ်ဆိုရင် ပြည်သူလူထုကို ပါဝင်ခွင့် ပေးလဲဆိုတဲ့ စံနှုန်းတွေ ရှိပါတယ်။ အဲ့တော့ ဒီကျောင်းသားခေါင်းဆောင်တွေကို ထောင်ထဲမှာ ထည့်ထားပြီးတော့ ဒီမိုကရေစီထဲမှာ ပါဝင်ခွင့်မပေးဘူးဆိုရင်၊ တိုင်းရင်း သား လူမျိုးနွယ်စုတွေအပေါ်မျာ ငြိမ်းချမ်းတဲ့နည်းနဲ့ မဖြေရှင်းဘဲ ထိုးစစ်ဆင်နေတာတွေဟာ ဒီမိုကရေစီရေးစနစ်ကို ဦးတည်သွား နေတယ်လို့ ယူဆလို့ မရနိုင်ဘူးခင်ဗျ။ အဲတော့ ဒီဟာတွေကို ဖြေရှင်းပေးဖို့ ဦးစွာ ပထမ တောင်းဆိုနေခြင်း ဖြစ်ပါတယ်”လို့ ပြောပါတယ်။

၉၁ ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားနဲ့၊ ပြည်တွင်းငြိမ်းချမ်းရေး ဆုတောင်းပွဲတွေကို ရန်ကုန်၊ မန္တလေးနှင့် တခြား မြို့တွေမှာ ဒီမိုကရေစီ အင်အားစုတွေ ဦးဆောင်ပြီး တပြိုင်တည်း ကျင်းပကြပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့