Monday, November 21, 2011

နိုင်ငံရေးအကျဉ်းသားမရှိဟု သမ္မတဦးသိန်းစိန် ​ပြော

November 20, 2011
နေသွင်

မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသား ရှိတယ်ဆိုတာကို သူ့အနေနဲ့ လက်မခံဘူးလို့ သမ္မတဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲ နောက်ဆုံးနေ့မှာ သမ္မတဦးသိန်းစိန်က​ ​မြန်မာသတင်း ထောက်နဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

နိုင်ငံရေးအကျဉ်းသားဆိုတာ မရှိဘဲ ပြစ်မှုကျူးလွန်လို့ အကျဉ်းကျသူတွေပဲ ရှိတယ်လို့ သမ္မတဦးသိန်းစိန်က အခုလို ဆိုပါတယ်။

“ယုံကြည်ချက်ကြောင့်ဆိုတာက ပြောရခက်တယ် ကျနော်တို့က ယုံကြည်ချက်ဆိုတာကို လက်သင့်မခံဘူး။ ဥပဒေ တခုခုကို ကျူးလွန်ထားတဲ့အတွက်ကြောင့် ကျနော်တို့က အရေးယူထားတာ။ သူ့လိုပဲ ဥပဒေ တခုခု ကျူးလွန်ထားတဲ့သူတွေ ထောင်ထဲမှာ အများကြီး ရှိတယ်။ အဲတော့ ဒီအဖွဲ့လည်း ပြောမယ်ဆိုရင်တော့ ကျန်တဲ့အဖွဲ့တဖွဲ့ကို ခင်ဗျားတို့ ကိုယ်ချင်းမစာရာ ကျမယ်။ ကျနော်တို့က အားလုံးအတွက် စဉ်းစားပြီးတော့ တိုင်းပြည်ရဲ့ အခြေအနေ အချိန်အခါကို ကြည့်ပြီးတော့ …။ constitution (ဖွဲ့စည်းပုံ အခြေခံဥပဒေ)ကလည်း ခုနက ပြောသလို သမ္မတကို လုပ်ပိုင်ခွင့် အပ်နှင်းထားပါတယ်။ amnesty (လွတ်ငြိမ်း ချမ်းသာခွင့်) ကျနော်တို့ ပေးလို့ရတယ်။ အဲတော့ အခြေအနေ အချိန်အခါကိုကြည့်ပြီး ကျနော်တို့ လုပ်သွားရမှာပါ။ ဘာလို့လည်း ဆိုတော့ ကိုယ့်နိုင်ငံသားတွေ ဖြစ်နေလို့ပဲ။”

သမ္မတရဲ့ အဲဒီပြောကြားချက်မတိုင်ခင် နာရီပိုင်းစောပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဦးသိန်းစိန်နဲ့ သီးခြားတွေ့ဆုံခဲ့ပြီး၊ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ တိုက်တွန်းခဲ့တဲ့အကြောင်း ဘန်ကီမွန်းက သတင်းထောက် တွေကို ပြောခဲ့ပါသေးတယ်။

မကြာခင် ရက်ပိုင်းကလည်း အစိုးရဖွဲ့ပေးထားတဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ယုံကြည်ချက်ကြောင့်​ ​အကျဉ်းကျခံနေရတဲ့သူတွေကို​ ​ပြန်မလွှတ်ပေးခင်၊ မိသားစုနဲ့နီးရာ ထောင်တွေကို ပြောင်းပေးဖို့ သမ္မတ ဦးသိန်းစိန်ကို​ ​မေတ္တာ ရပ်ခံခဲ့ပါတယ်။

၈၈ မျိုးဆက်ကျောင်းသား တယောက်ဖြစ်တဲ့ ကိုဇော်ရဲက သမ္မတ ဦးသိန်းစိန်အနေနဲ့ စိုးရိမ်စိတ်ကြောင့် နိုင်ငံရေးအကျဉ်းသား တွေကို ဆက်ဖမ်းထားဖို့ မလိုဘူးလို့ အခုလို ပြောပါတယ်။

“ကျနော်တို့​ နိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများလည်း ရှိတယ်။ နိုင်ငံရေး အကျဉ်းသားများလည်း ရှိပါတယ်။ ကျနော်တို့ ရဲဘော်တွေ၊ ကျနော်တို့ကိုယ်တိုင်ပါ ဒီမိုကရေစီရရှိရေး ယုံကြည်ချက်၊ လူ့အခွင့်အရေး ရရှိရေး၊ တိုင်းပြည် ကောင်းစား စေချင်တဲ့ ယုံကြည်ချက်နဲ့ အလုပ်လုပ်ခဲ့တယ်။ ဒါကို ဥပဒေ ချိုးဖောက်သူသာ ရှိတယ်ဆိုတာက တကယ်တော့ ကျနော်တို့ လက်မ ခံပါဘူး။ ဒီယုံကြည်ချက်တွေနဲ့ လွတ်လပ်စွာ​ ​ပြောဆိုခွင့်တွေ ပြောတယ်။ လွတ်လပ်စွာ ရေးစရာရှိတာတွေ ရေးတယ်။ လုပ်စရာ ရှိတာ လုပ်တယ်။ ငြိမ်းချမ်းသောနည်းနဲ့ပဲ လုပ်ခဲ့တာ ရှိပါတယ်။ ဒါကြောင့်မို့လို့ အခုရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေဟာ လည်း ယုံကြည်ချက်ကြောင့်​ ​အကျဉ်းကျခံနေရသူများ​ ​ဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသားများပဲ ဖြစ်ပါတယ်လို့ ကျနော် ပြောချင်ပါတယ်။”

ဒီနှစ်ဆန်းပိုင်းစလို့ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နိုင်ငံရေးအကျဉ်းသား ၃၀၀ ၀န်းကျင် ပြန်လွှတ်ပေမယ့် နောက်ထပ်​ ရာ ပေါင်း များစွာ အကျဉ်းကျခံနေရဆဲလို့ လူ့အခွင့်အရေးအဖွဲ့တွေက ဆိုပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့