Wednesday, November 23, 2011

ဒယ်အိုးဆရာတော်ကို သတိပေးရန်ရှိ

မျိုးသန့်
နိုဝင်ဘာလ ၂၂ ရက် ၂၀၁၁ ခုနှစ်

မြန်မာတနိုင်ငံလုံးရှိ ပရဟိတ လုပ်ငန်းများ လုပ်ဆောင်နေသည့် အသင်း၊ အဖွဲ့များမှ ကိုယ်စားလှယ် များကို ခေါ်ယူကာ “ပရဟိတ နှီးနှော ဖလှယ်ပွဲ” ကျင်းပခဲ့သည့် ရန်ကုန်တိုင်း မှော်ဘီမင်္ဂလာတိုက်မှ ကျောင်းထိုင် ဆရာတော် ဦးသုမင်္ဂလကို သတိပေးရန် ဗုဒ္ဓဟူးနေ့တွင် ပင့်ဆောင် ထားသည်ဟု ရန်ကုန်တိုင်း သံဃာ့ နာယကရုံးမှ တာဝန်ရှိသူ တဦးက ပြောသည်။

“အာဏာပိုင် အဖွဲ့အစည်းတခုခုကနေပြီးတော့ မဟန (သံဃာ့ မဟာနာယက) ဆရာတော်တွေကို တိုင်ပုံရပါတယ်။ မဟန ဆရာတော်တွေကိုတိုင်တော့ တိုင်းသံဃာ့နာယက ဆရာတော်တွေက ခေါ်ပြီးတော့ သတိပေးမယ့် သဘောပါ။ ဆရာတော်ကို ခေါ်ယူပြီးတော့ သြဝါဒပေးမယ့် သဘော။” ဟု အမည်မဖော်လိုသူက ပြောသည်။


စက်တင်ဘာလ အတွင်း မှော်ဘီမင်္ဂလာတိုက်တွင် “ပရဟိတ နှီးနှောဖလှယ်ပွဲ” ကျင်းပသည်ကို အာဏာပိုင် များနှင့် မြို့နယ် သံဃာ့ နာယကသို့ ကြိုတင်အကြောင်းကြား ခွင့်ပြုချက် မယူခြင်းကြောင့် ပင့်ဆောင် သတိပေးရခြင်း ဖြစ်သည်ဟုဆိုသည်။

ယင်းအပြင် တရားဟော ဓမ္မကထိကများ အနေဖြင့် တရားပွဲ များကို အကြောင်းပြကာ နိုင်ငံရေး တရားပွဲများ ပြုလုပ်လာနိုင် သည်ဟု ဆိုလိုက်ပြီး သံဃာတော် များနှင့် မသင့်တော်သည့် ကိစ္စများ ဟုလည်း မဇ္ဈိမကို ပြောသည်။

“တချို့ကျတော့ စုန်းပြူး တွေရှိတယ်။ ပဲလှော်ကြား ဆားညှပ်တာ တွေရှိတယ်။ အဲဒါမျိုးတွေ ကြိုကြား ကြိုကြား ပေါ်လာတဲ့ အခါကျတော့ ဌာနဆိုင်ရာတွေ၊ သူ့ဒေသအလိုက် ရှိတဲ့ ရပ်ကျေးတွေကို အသိပေး အကြောင်းကြားပြီး ထောက်ခံချက် ယူရ တယ်။” ဟု ထိုပုဂ္ဂိုလ်က ပြောသည်။


ဒယ်အိုးဆရာတော်ဟု လူသိများသည့် ဆရာတော် ဦးသုမင်္ဂလ ဦးစီး ကျင်းပသည့် “ စုံနံ့သာမြိုင် ပရဟိတ အသင်းအဖွဲ့များ နှီးနှော ဖလှယ်ပွဲ” ကို စက်တင်ဘာလ နှစ်ရက်နေ့နှင့် သုံးရက်နေ့ များတွင် ကျင်းပ ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ နှီးနှောဖလှယ်ပွဲသို့ ပြည်နယ်နှင့်တိုင်း ၁ဝ ခုမှ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း များ မှ ပရဟိတလုပ်ငန်း လုပ်ဆောင်နေသူ လူပုဂ္ဂိုလ်နှင့် သံဃာတော်များ လေ့လာသူ များ စုစုပေါင်း ၂,၅ဝဝ ကျော် တက် ရောက်ခဲ့သည်ဟု ဆရာတော် ဦးသုမင်္ဂလ၏ အင်တာနက် စာမျက်နှာတွင် ဖေါ်ပြ ထားသည်။

သက်တော် ၄၄ နှစ်ရှိ ဆရာတော် ဦးသုမင်္ဂလ သည် မြန်မာ့လူ့ အဖွဲ့အစည်းအတွင်း အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် ပြုပြင် ပြောင်းလဲရေး တရားများကို ဘာသာရေးနှင့် ဆက်နွယ်ကာ ဟောကြား လေ့ရှိသည်။ ဆရာတော်၏ တရားပွဲများ ၂ဝဝ၈ ခုနှစ်နှင့် ၂ဝဝ၉ ခုနှစ်များ အတွင်း ပိတ်ပင်ခံခဲ့ရဖူးသည်။


Ref: မဇ္ဈိမ

0 comments:

အပေါ်သို့