Monday, November 21, 2011

ပြည်တွင်းငြိမ်းချမ်းရေးအတွက် သမ္မတကို တောင်းဆိုမည်

November 20, 2011
နေသွင်

ပြည်တွင်းငြိမ်းချမ်းရေးနှင့် နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ လူ (၆၀၀) နီးပါး လက်မှတ်ထိုး တောင်းဆိုထားတဲ့ စာကို သမ္မတဦးသိန်းစိန်ဆီကို မကြာခင် ရက်ပိုင်းအတွင်း​​ ​ပေးပို့သွားမယ်လို့ စည်းရုံးလှုပ်ရှားနေသူတွေက ပြောပါတယ်။

ရန်ကုန်က ကြည့်မြင့်တိုင်​ ​ရွှေည၀ါကျောင်းတိုက်မှာ ပြုလုပ်တဲ့ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဆွမ်းကပ်လှူတဲ့ အခမ်း အနားမှာ တက်ရောက်လာတဲ့ ရဟန်းနှင့် လူပရိသတ်တွေက လက်မှတ်ထိုးခဲ့တာလို့ လက်မှတ် စုဆောင်းနေတဲ့ ၈၈ မျိုးဆက် ကျောင်းသား ကိုကိုကြီး (စမ်းချောင်း)က ပြောပါတယ်။

“ငြိမ်းချမ်းရေးကို လိုလားနေတယ်။ ငြိမ်းချမ်းရေး မရတာက တိုင်းပြည်က တအား နစ်နာနေတယ်။ တိုင်းရင်းသား ခေါင်းဆောင် တွေ အပါအ၀င် အကျဉ်းသားတွေ မလွှတ်တော့ ဒီငြိမ်းချမ်း​ရေး​က ဘယ်လိုမှ မဖြစ်နိုင်ဘူးပေါ့။ အဲတော့ ဒီအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ငြိမ်းချမ်းရေးဆိုတာက နှစ်ခုစလုံးက ခွဲခြားလို့ မရပါဘူး။ အမှန်ပြောရင် အဲဒါက တချက်တည်းပါ။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးပြီးတော့ ငြိမ်းချမ်းရေးကို အမြန်ဆုံး ဖော်ဆောင်နိုင်ပါစေလို့ ကျနော်တို့ ဆုတောင်းပါတယ်။”

အမျိုးသားနေ့ ၉၁ နှစ်ပြည့်အခမ်းအနားကို နိုင်ငံရေး အကျဉ်းသားဟောင်းတွေက စီစဉ်ကျင်းပတာဖြစ်ပြီး၊ အခမ်းအနား တက်ရောက်လာတဲ့ ဆရာကြီးဒဂုံတရာ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဝင်းတင် တို့လည်း သမ္မတဆီ ပို့မယ့် စာမှာ လက်မှတ် ထိုးခဲ့ကြတယ်လို့ သိရပါတယ်။

ရွှေည၀ါဆရာတော်ကလည်း တရားမျှတတဲ့ တောင်းဆိုချက်တွေကို ဥပဒေဘောင်ထဲက ညီညီညွတ်ညွတ် တောင်းဆိုမယ်ဆိုရင် အောင်မြင်မယ်လို့ မိန့်ကြားပါတယ်။

“ပထမဆုံးလုပ်တာက ဘုန်းကြီးကျောင်းမှာ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဆွမ်းကပ်လှူပွဲ နိုင်ငံရေး အကျဉ်းသားဟောင်း များ စုပေါင်းကောင်းမှု ဆိုပြီး ရည်ရွယ်ချက်ကတော့ အကျဉ်းသားတွေ လွတ်မြောက်ဖို့၊ ငြိမ်းချမ်းရေး အကောင်အထည်ဖော်ဖို့၊ အဲဒီ ရည်ရွယ်ချက်တွေပါ။ ဧရာဝတီမြစ်ဆုံ စီမံကိန်းကို အသိပညာရှင်တွေ၊ အတတ်ပညာရှင်တွေ အားလုံး စုပေါင်းဝိုင်းဝန်းပြီး တော့ သမ္မတကြီးထံ တောင်းခံကြတဲ့ ပုံစံမျိုးပေါ့။ ညီညီညာညာနဲ့ ဆန္ဒပြု တောင်းဆိုရင် ဒီမိုကရေစီအခွင့်အရေးအရ တောင်းဆိုလို့ ရပါတယ်။ ကိုယ့်ဘက်က တရားမျှတမှုနဲ့ တောင်းဆိုတာလေ။ လက်သီးလက်မောင်း​တန်းပြီးတော့ ဒေါသထွက်ပြီး အုံနဲ့ကျင်းနဲ့ အော်တာမှ မဟုတ်ဘဲ။ စည်းကမ်းရှိရှိနဲ့ နည်းလမ်းသိသိနဲ့ လုပ်ကြတာ။ တရားဥပေဒ ဘောင်အတွင်းက လုပ်ကြတာပါ။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စာရင်းအရ မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသားအနည်းဆုံး ၆၀၀ ၀န်းကျင် ရှိနေတယ်လို့ ဆို ပေမယ့် မနေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီက သတင်းစာ ရှင်းလင်းပွဲမှာတော့ သမ္မတဦးသိန်းစိန်က မြန်မာပြည်မှာ နိုင်ငံရေး အကျဉ်းသား ရှိတယ်ဆိုတာကို သူ့အနေနဲ့ လက်မခံဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။

အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဆုတောင်းပွဲတွေကို မန္တလေးတိုင်းက သာစည်မြို့၊ မကွေးက မြသလွန်ဘုရားနှင့် ပုဂံညောင်ဦးတို့မှာလည်း ပြုလုပ်ခဲ့ကြပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့