Thursday, November 24, 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆုံးဖြတ်ချက်အပေါ် (FDB) သဘောထားထုတ်ပြန်

November 23rd, 2011


အဖွဲ့ချုပ်၏ ဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရေး ဆိုသည့် ရည်ရွယ်ချက် များ သည် ဦးသိန်းစိန် အစိုးရ၏ လွှတ်တော်ထဲတွင် အကောင်အထည် ဖော်နိုင်လိမ့်မည်မဟုတ်ဟု မြန်မာနိုင်ငံဒီမိုကရက်တစ် အင်အားစု (FDB) က သဘောထားထုတ်ပြန်လိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြီးခဲ့သည့် သောကြာနေ့တွင် ပါတီတရားဝင် မှတ်ပုံပြန်တင်ပြီး ရွေးကောက်ပွဲတွင် ဝင်ရောက် အရွေးချယ်ခံ မည်ဖြစ်ကြောင်း ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (FDB) က ဒီကနေ့ ထုတ်ပြန်သည့် သဘောထား ကြေညာချက်တွင် ဖော်ပြလိုက်ခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်တွေအပေါ် သဘောထားထုတ်ပြန်လိုက်ခြင်းနှင့်ပတ်သက်လို့ မြန်မာနိုင်ငံဒီမိုကရက်တစ် အင်အားစု (FDB)၏ အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်က အခုလိုပြောသည်။


“NLD ကနေပြီး ရွေးကောက်ပွဲဝင်မယ်လို့ ဆုံးဖြတ်ထားတဲ့ ရည်မှန်းချက်တွေထဲမှာ ဥပဒေစိုးမိုးရေး နောက်ပြီးတော့ ပြည်တွင်း ငြိမ်းချမ်းရေး ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးဆိုတဲ့ ရည်မှန်းချက်တွေနဲ့ ၀င်မယ်လို့ စဉ်းစားထားတာလေ အဲဒါ ကျနော်တို့မြင်တာက NLD ကတော့ ဒါ တည်ရှိနေတဲ့ ဥပဒေဘောင်ထဲကနေပြီးတော့ တရားဝင်အတိုက်အခံ နိုင်ငံရေးပါတီအနေနဲ့ ဆောင်ရွက်သွားဖို့ နည်းပရိယာယ်တရပ်အနေနဲ့ ရွေးချယ်လိုက်တာ ဖြစ်တယ်၊ ဒါပေမယ့် လွှတ်တော်ထဲမှာ အကောက်အထည် ဖော်ဖို့ကတော့ အဆင်မပြေနိုင်ဘူး။ တကယ်တန်းဖြစ်သင့်တာကတော့ တန်းတူရည်တူရှိတဲ့ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးပွဲတွေ လုပ်နိုင်မှသာ အောင်မြင်မယ်။ အဲဒါတွေဖြစ်နိုင်ဖို့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး ခြွင်းချက်မရှိလွှတ်ပေးဖို့ အဲဒါတွေ ဆောင်ရွက် ဖို့လိုတယ် ဆိုတာကို ကျနော်တို့ ပြောချင်တာဖြစ်ပါတယ်” ဟုပြောသည်။

နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးပြီး အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဦးတည်သည့် အပစ်အခတ် ရပ်စဲရေး များဆောင်ရွက်ခြင်း တို့ကို မပြုလုပ်သေးသရွေ့ ဦးသိန်းစိန် အစိုးရတွင် စစ်မှန်သည့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုများကို ဖော်ဆောင်လိုသော သဘောထား ရှိနေပြီဟု (FDB) က မယူဆနိုင်ကြောင်း သဘောထား ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန်အစိုးရ တာဝန်ရှိသူများ အကြိမ်ကြိမ် တွေ့ဆုံနေခြင်းအပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများနှင့် လက်ရှိ တွေ့ဆုံနေမှုများသည် မြန်မာနိုင်ငံအတွက် ဒီမိုကရေစီရေး လမ်းကြောင်းဖော်ဆောင်သည့် ဆွေးနွေးပွဲ အဆင့်မရောက်သေးကြောင်းလည်း ဒေါက်တာ နိုင်အောင်က အခုလို ထောက်ပြပြောဆိုသည်။

“ဒီနေ့ထက်ထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးတာတွေရော တိုင်းရင်းသား တွေနဲ့ဆွေးနွေးတဲ့ ဟာတွေရောက ဗမာပြည်က ရှေ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဘယ်လိုသွားမလဲဆိုတဲ့ ဒီမိုကရေစီ လမ်းကြောင်းကို ဖော်ဆောင်တဲ့ ဆွေးနွေးပွဲ အဆင့်တွေ မရောက်သေးဘူ၊ အဲလိုလုပ်ဖို့ နေရာမှာ အဓိကကျတာကတော့ ပြည်သူလူထုရဲ့ အခြေခံ အခွင့်အရေး တွေကို အာမခံပေးနိုင်ဖို့ နောက်ပြီးတော့ စစ်အုပ်စုက လက်ဝါးကြီးအုပ် ဗိုလ်ကျနေတဲ့ စနစ်တွေကို ဖျက်သိမ်းပေးဖို့ လူထုရဲ့ လွတ်လပ်တဲ့ သဘောထားကို အခြေခံတဲ့ ကောင်းမွန်တဲ့ အစိုးရ တရပ်ကို ဖော်ဆောင်မှ ဒါတွေကို ပြုပြင်ပြောင်းလဲ မှသာ ပြုပြင်ပြောင်းလဲမှု အစစ်အမှန် ဖြစ်မယ်လို့ ကျနော်တို့ ပြောချင်တာပါ” ဟုပြောသည်။

မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစုအနေဖြင့် မြန်မာ့နိုင်ငံရေးတွင် စစ်မှန်သော တွေ့ဆုံဆွေးနွေးပွဲများ ဖြစ်ပေါ်လာရေးနှင့် စစ်မှန်သော ပြောင်းလဲမှုများကို ဖော်ဆောင်နိုင်ရေးအတွက် ပြည်သူလူထု၏ အသံကို ဖော်ထုတ်၍ ပြည်သူလူထုဘက်မှ ဆက်လက် ရပ်တည် တိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

Ref: ရိုးမ၃

0 comments:

အပေါ်သို့