December 6, 2011
နော်နိုရင်း
ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်သည်တွေကို ရန်ကုန်နဲ့မန္တလေးက လူမှုရေးအဖွဲ့တွေ သွားရောက် လှူဒါန်းကြရာမှာ ဒီနေ့မှာတော့ ဝိုင်းမော်မြို့ပေါ်က စစ်ပြေးဒုက္ခသည်တွေကို သွားရောက်ကူညီကြပါတယ်။
ရန်ကုန်အ ခြေစိုက် ကိုကျော်သူရဲ့ နာရေးကူညီမှုအသင်း၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ မန္တလေးက ဘဝအလင်းပရဟိတ အသင်း၊ ကလေးချစ်သူများကွန်ရက်တို့ စုစည်းပြီး မြစ်ကြီးနားနဲ့ ဝိုင်းမော်ဒေသ တဝိုက်က ဒုက္ခသည်တွေကို သွားရောက်ကူညီ လှူဒါန်းနေတာပါ။
ဒီအဖွဲ့ တွေရဲ့ လှူဒါန်းမှု အခြေအနေနဲ့ ဝိုင်းမော်မြို့က ကချင်စစ်ပြေးဒုက္ခသည် အခြေအနေကိုတော့ ကိုယ်တိုင်သွား ရောက်လှူဒါန်းနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုမြတ်သူကို မေးမြန်းထားပါတယ်။
“ဒီနေ့တော့ ဝိုင်းမော်တဝိုက်ကို သွားပါတယ်။ ဒုက္ခသည်တွေကတော့ ဘယ်လိုခေါ်မလဲ။ WFP(World Food Programme) တို့ ဝင်တာတော့ ရှိတယ်။ တော်တော်ကြီးကို ချို့ချို့တဲ့တဲ့တွေပါ။ နွမ်းနွမ်းပါပါးတွေပါ။ ခရစ်ယာန်ကျောင်းတွေက စောင့်ရှောက်ထားတယ်။ တချို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ စောင့်ရှောက်ထားတဲ့ နေရာတွေလည်း ရှိတယ်။ အများစုကတော့ ခရစ်ယာန်ကျောင်းတချို့နဲ့ တော်တော် များများကတော့ သူတို့က စောင့်ရှောက်ထားတာပါ။ နေစရာကတော့ ယာယီတဲတွေနဲ့ အဲဒါမျိုးတွေ မိုးကာပြီးတော့ပဲ နေကြတယ်။ အမျိုးသားတွေတော့ နည်းတယ်။ အမျိုးသမီးတွေနဲ့ ကလေးတွေ အများဆုံးပဲ။ ကလေးတွေက တော်တော်များတယ်။”
အစားအသောက်အတွက်ကျတော့ သူတို့ကို ဘယ်သူတွေက ကူညီပေးနေလဲ။
“တော်တော်များများတော့ WFP က ဆန်၊ ဆီ၊ ဆားတွေတော့ပေးတယ်။ ဟင်းစားတွေဘာတွေတော့ တော်တော်ချို့တဲ့ကြတယ်။”
ဆောင်းတွင်းလည်း ရောက်လာကြတော့ ကျန်းမာရေး အခြေအနေတွေ ဘယ်လိုရှိလဲ။
“ကျန်းမာရေး ကတော့ ဒီမှာ မန္တလေးက ဘဝအလင်းက ဆရာဝန်တယောက်ပါတယ်။ တနေရာတည်းမှာတင် ထိုင်ပြီးကုပေးတာ မပြီးနိုင်ဘူး။ မြစ်ကြီးနားက ဆရာဝန်တွေလည်း ဝိုင်းကူညီတာရှိတယ်။ တချို့နေရာတွေတော့ ကျေးရွာတွေက ဆေးဝါး ကျွမ်းကျင် တဲ့လူတွေ လာကုပေးတာတွေတော့ ရှိတယ်။ ဒါပေမယ့် တော်တော်များများကတော့ မရှိဘူး။”
ကလေးသူငယ်တွေက ကျောင်းတွေဘာတွေ တက်ရတဲ့ အခြေအနေ ဘယ်လိုရှိလဲ။
“စာသင်ပေးတဲ့နေရာတွေ ဘာတွေတော့ ရှိတယ်။ အသင်းတော်ကတော့ တတ်နိုင်သလောက်တော့ သူတို့လုပ်ပေးနေတာပဲ။”
ဒီမှာ အခုတဦးကို ကျပ် ၃၅၀၀ စီလှူဒါန်းသွားတယ်ပေါ့။ သူတို့တွေအတွက် ဒီထက်ဘာတွေ လိုအပ်သေးလဲ။ ကိုယ်တိုင်မြင်ခဲ့ရသူ တယောက်အနေနဲ့။
“တချို့နေရာ တွေမှာ ဒုက္ခသည်တွေက အဆမတန်များတော့ မလုံလောက်တဲ့နေရာတွေ ရှိပါတယ်။ ဟင်းဖိုးတွေ နောက် ဆေးအခက်အခဲရှိတယ်။ ဆေးတို့၊ ဟင်းတို့၊ အဝတ်အစားလည်း တော်တော်လိုတယ်။”
အစ်ကိုတို့ မရောက်သေးတဲ့ မြစ်ကြီးနားနဲ့ ဝိုင်းမော်ဆိုတာ မြို့ပေါ်မှာပဲ ရှိတယ်။ တကယ့်စစ်ပွဲဖြစ်တဲ့ နေရာတွေမှာရော ဘယ်လို အခက်အခဲတွေ ရှိတယ်လို့ ကြားရလဲ။
“ဗန်း မော်အနီးအနားမှာ တရုတ်ရဲ့နယ်စပ်မှာ ဒုက္ခသည်စခန်းတွေ တော်တော်များများရှိတယ်လို့ ကြားတယ်။ အဲဒီမှာတော့ ပိုတောင်များတယ်လို့ကြားတယ်။ သွားမယ့်လူရှိတယ်လို့ ကြားတယ်။ ဒီမှာတွေ့ရတဲ့ ဒုက္ခစခန်းတွေထက်ကို အများကြီးပိုဆိုးတယ်လို့ ကြားတယ်။ တော်တော် ချို့ချို့တဲ့တဲ့ကို နေထိုင်စားသောက်ရတဲ့ သဘောဖြစ်နေတယ်။”
အဲဒီဘက်တွေမှာရော တိုက်ပွဲတွေ အခြေအနေက ရပ်နိုင်တဲ့ အခြေအနေရှိလား။ ဆက်ဖြစ်နေတုန်းပဲလား။ ဘယ်လိုအနေအထားတွေ့လဲ။
“ဝိုင်းမော်နားမှာ တိုက်ပွဲဖြစ်နေတယ်လို့ ပြန်လာတဲ့သူတွေဆီက ကြားလိုက်သေးတယ်။ အဲဒီနားမှာကို ဖြစ်နေတာ။”
တခြား ဘာများပြောချင်တာ ရှိဦးမလဲ။
“အရင်တုန်းက ဒီနေရာမှာ ဖြစ်ပျက်နေတာတွေကို သိပ်မသိကြဘူး။ အရင်တုန်းက ကျနော်တို့ ကိုယ်တိုင်ရောက်ပြီးတော့မှ ဒီလူတွေကိုတွေ့ရမယ်ဆိုရင် အများကြီးကို ကူညီကြမယ်လို့ ထင်ပါတယ်။ အားလုံးကို ဗမာပြည်တဝှမ်းလုံးမှာရှိတဲ့ လူတွေအားလုံးကို ကိုယ့်တိုင်းရင်းသားတွေဖြစ်တဲ့ ကချင်လူမျိုးတွေအပေါ်မှာ စာနာတဲ့ အနေနဲ့ ကူညီကြဖို့ကို အများကြီး နှိုးဆော်ချင်ပါတယ်။”
Ref: ဒီဗွီဘီ
Wednesday, December 7, 2011
စစ်ပြေးဒုက္ခသည်အခြေအနေနှင့်ပတ်သက်၍ မေးမြန်းချက်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment