January 9, 2012
ဒီမိုကရေစီဆိုတာ စနစ်တခု ဖြစ်ပါတယ်။ စနစ်တခုဖြစ်တာကြောင့် တည်ဆောက်ယူရပါတယ်။ တချို့က ဒီမိုကရေစီ ဆို တာကို အာဏာရှင်တွေ ဆီက တောင်းယူလို့ ရမယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် အာဏာရှင် ဆိုတာက အာဏာ ရှင်စနစ်ကို တည်ဆောက် နေသူများ ဖြစ်တာကြောင့် အာဏာရှင်ဆီမှာ မရှိတဲ့ ဒီမိုကရေစီကို တောင်းယူလို့ မရပါ။ ဒီတော့ တောင်းယူလို့ မရရင် တိုက်ယူလို့ ရမလားလို့ မေးစရာ ရှိလာပါတယ်။ တိုက်ယူတယ်လို့ ဆိုရင်တော့ မရပါဘူး။ တိုက်တာ ကတော့ တိုက်ရပါမယ်။ လူထုတိုက်ပွဲ အသွင်နဲ့ပဲဖြစ်ဖြစ်၊ လက်နက်ကိုင် တိုက်ပွဲ အနေနဲ့ဖြစ်ဖြစ်၊ နိုင်ငံတကာအကူအညီ ပေါင်းစပ် ပါဝင်မှုနဲ့ပဲ ဖြစ်ဖြစ် တိုက်ရပါမယ်။ နိုင်ငံတကာ အကူအညီ ပေါင်းစပ် ပါဝင်မှုလို့ပဲ ဆိုထားပါတယ်။ နိုင်ငံတကာ တိုက်ပွဲနဲ့လို့ ဆိုလိုတာ မဟုတ်ပါ။ နိုင်ငံတကာက စစ်မျက်နှာ တခုအနေနဲ့ပဲ အသုံးဝင်ပါတယ်။ ဒီလိုတိုက်ရာမှာ အာဏာ ရှင် စနစ်ဆိုတဲ့ စနစ်ကို တိုက်ရပါမယ်။ စနစ်ရဲ့ ဆိုးကျိုးတွေကို ဖော်ထုတ်ရပါမယ်။ အာဏာရှင်စနစ်ကို တိုက်ပြီး ဒီမိုက ရေစီစနစ်ကို တည်ဆောက်ယူရပါမယ်။ ဒီမိုကရေစီ ပြောင်းလဲခြင်း ဖြစ်စဉ်မှာက သဏ္ဌာန် အမျိုးမျိုးရှိပါတယ်။
ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်အသွင်သဏ္ဌာန်များ
အချို့က ခေတ်မှီဖွံ့ဖြိုးတိုးတက်မှုပေါ်မှာ အခြေတည်တဲ့ ပြောင်းလဲမှုဖြစ်စဉ်ကို လက်ခံယုံကြည်ကြပါတယ်။ ဒီဖြစ်စဉ်အရ ဆိုရင် ဒီမိုကရေစီစနစ် တည်ဆောက်မှု မတိုင်ခင်မှာ စီးပွားရေးတိုးတက်မှုရှိရမယ်၊ civil society အားကောင်းဖို့ လိုအပ် မယ်လို့ ယူဆကြပါတယ်။ ဒါကြောင့် စီးပွားရေး၊ လူမှုရေးတိုးတက်မှုကို ဦးစားပေးလုပ်ဆောင်ရမယ်လို့ ဆိုကြပါတယ်။ ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာ ဒီမိုကရေစီ စနစ်တည်ဆောက်တဲ့အခါ ဒီလိုစီးပွားရေး၊ လူမှုရေးတိုးတက်မှုတွေ မရှိရင် ဒီမိုက ရေစီစနစ်ကို ခိုင်မြဲအောင်တည်ဆောက်ဖို့ မဖြစ်နိုင်ကြောင်း ထောက်ပြပြောဆိုကြပါတယ်။ နိုင်ငံရေးပညာရှင် Lipset က စီးပွားရေးတိုးတက်လာတာနဲ့အမျှ ဒီမိုကရက်တစ် အုပ်ချုပ်ရေးစနစ် အကောင်အထည်ပေါ်လာနိုင်မယ့် အခွင့်အရေးတွေ ကို စီးပွားရေးတိုးတက်မှုနဲ့ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်တွေနဲ့ ဆက်နွယ်ပြီး အဆိုပြုထားခဲ့ပါတယ်။
ပညာရှင် Huntington ကလဲ ဒီမိုကရေစီစနစ်တည်ဆောက်ဖို့အတွက် လူထုလှုပ်ရှားမှုတွေ၊ သမဂ္ဂလှုပ်ရှားမှုတွေ နည်းပါး ရမယ်လို့ အဆိုပြုထားပါတယ်။ လူထုလှုပ်ရှားမှုတွေကို ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးအဖြစ် တည်ဆောက်ပြီးမှသာ ခွင့်ပြုရမယ်လို့ သူ့ရဲ့ ခေတ်သစ် modernization theory မှာ ဖော်ပြထားပါတယ်။ ပညာရှင် Moore ကတော့ Lipset ရဲ့ လူမှုရေး၊ စီးပွားရေး တိုးတက်မှု လိုအပ်ချက် အခြေအနေတွေကို လက်ခံထားခဲ့ပေမယ့် လူထုလှုပ်ရှားမှုတွေကလဲ အရေး ကြီးကြောင်း ပထအလှိုင်း ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်လို့ ခေါ်ဆိုကြတဲ့ အင်္ဂလန်၊ ပြင်သစ်၊ အမေရိကန်ပြည်ထောင်စု နိုင်ငံတွေကို ဥပမာပေးပြီး ဆိုထားခဲ့ပါတယ်။ ဒီသဏ္ဌာန်ဟာ နိုင်ငံအချို့ရဲ့ ပြောင်းလဲမှုဖြစ်စဉ်မှာ မှန်ကန်ပေမယ့် ပေါ်တူ ဂီ၊ ဂရိ၊ ပီရူး တို့မှာကျတော့ မမှန်ကန်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ဒီနိုင်ငံတွေမှာ စီးပွားရေး၊ လူမူရေး တိုးတက်မှု preconditions တွေ မရှိဘဲ ဒီမိုကရေစီစနစ် အကောင်အထည်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ စက် မှုနိုင်ငံကြီးတွေဖြစ်တဲ့ အာဂျင်တီးနား၊ ဘရာဇီး၊ ချီလီ၊ တောင်ကိုးရီးယားနိုင်ငံတွေမှာကျတော့ ဒီမိုကရေစီပြောင်းလဲမှုက ဒီဖွံ့ဖြိုးဆဲနိုင်ငံလေးတွေနောက်မှာမှ စတင်ခဲ့တာ ဖြစ်ပါတယ်။
တချို့ကကျတော့ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်ဆိုတာကို transitology ဆိုတဲ့ elite တွေကပဲ ဦးဆောင်ပြောင်းလဲတဲ့ ဖြစ်စဉ်အနေနဲ့ ရှုမြင်ကြပါတယ်။ ဒီဖြစ်စဉ်မှာကျတော့ resurrection of Civil Society ဆိုတဲ့ အခြေအနေက အဓိကကျ ပါတယ်။ ဒီအခြေအနေက ပြည်သူလူထု၊ ကျောင်းသား၊ အလုပ်သမား၊ ဘာသာရေးအဖွဲ့အစည်းတွေအားလုံးက ကနဦး ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ် (Initial democratization) ကို လူထုအားနဲ့ တွန်းအားပေးလိုက်တာဖြစ်ပါတယ်။ ဒီပြောင်း လဲမှုဖြစ်စဉ်မှာ လူထုရဲ့ အခန်းကဏ္ဍက Initial democratization ကို စတွန်းခဲ့တဲ့ ဒီမိုကရေစီ အရေးတော်ပုံကြီးတွေမှာ ဆန္ဒပြပွဲတွေ၊ street theatre တွေမှာ ပါဝင်မှုဖြစ်ပါတယ်။
ဒီလို တွန်းအားပေးလိုက်တဲ့အခါမှာ အာဏာရှင်အုပ်စုနဲ့ ဒီမိုကရေစီအုပ်စုဆိုတဲ့ အင်အားစုကြီးနှစ်ရပ် ထွက်ပေါ်လာပါ တယ်။ ဒီအုပ်စုနှစ်ရပ်ကနေ ခေါင်းဆောင် elite တွေ ပေါ်ထွက်လာပါတယ်။ ဒီ elites တွေဟာ ဒီမိုကရေစီ လှုပ်ရှားမှုကြီး ကနေ ပေါ်ထွက်လာတာ ဖြစ်ရုံမက လှုပ်ရှားမှုရဲ့ ရလာဒ်ကိုပါ ထိန်းချုပ်နိုင်တဲ့ အင်အားစုတွေ ဖြစ်ပါတယ်။ ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ် ဆက်လက်အကောင်အထည် ဖော်ဆောင်နိုင်လား၊ ရပ်တန့်ပြီး political deadlock ဖြစ်သွားလာဆို တာကတော့ ဒီမိုကရေစီဘက်က ခေါင်းဆောင်တွေဟာ လူထုတိုက်ပွဲအရှိန်ကောင်းစဉ်မှာဖွဲ့ရမယ့် အတိုက်အခံဦးဆောင် ကြားဖြတ်အစိုးရ (သို့မဟုတ်) အာဏာရှင်နဲ့ တွဲဖက်ဖွဲ့စည်းရမယ့် ပါဝါရှယ်ယာ ကြားဖြတ်အစိုးရ စတဲ့ကြားဖြတ်အစိုးရ တွေကို ဖွဲ့စည်းနိုင်တဲ့ အရည်အချင်းနဲ့ အမြော်အမြင်ရှိမရှိ ဆိုတာမှာ မူတည်ပါတယ်။ ဒါကြောင့် ဒီပြောင်းလဲမှုဖြစ်စဉ် မ အောင်မြင်ဖူးဆိုရင် ဒါဟာ လူထုကြီးကြောင့် မဟုတ်ဘဲ လူထုကြီးရွေးချယ်လိုက်တဲ့ elite တွေရဲ့ အရည်အချင်း၊ အတွေး အခေါ်၊ စီမံလုပ်ကိုင်ပုံတွေနဲ့ပဲ ဆိုင်ပါတယ်။
ဒီလိုနဲ့ ဒီ elite တွေက ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်ကို အကောင်အထည် မဖော်နိုင်တော့ဘူးဆိုတာ သေချာလာတဲ့အခါ နောက်တကြိမ် လူထုတိုက်ပွဲတွေ ထပ်မံ ပေါ်ထွက်ရပြန်ပါတယ်။ cycle of protests လို့ခေါ်ဆိုနိုင်ပါတယ်။ အဲဒီအခါမှာ ဒီလူထုတိုက်ပွဲတွေကနေ elite တွေ ထပ်ထွက်လာနိုင်ပါတယ်။ ဒီဖြစ်စဉ်မှာ တခုသတိထားစရာရှိတာက ရှေ့ပိုင်း လူုထု တိုက်ပွဲတွေက elite တွေရဲ့ အခန်းကဏ္ဍပဲဖြစ်ပါတယ်။လူထုတိုက်ပွဲတွေဖြစ်လာပြီး ထပ်မံပေါ်ထွက်လာတဲ့ elite အသစ် တွေက ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်ကို အောင်အောင်မြင်မြင် စတင်သွားမှာကို ရှေ့က တချို့ elite တွေက စိုးရိမ်တတ် ပါတယ်။ ဒီအခါမှာ ဒီလိုစိုးရိမ်တဲ့ elite တွေထဲမှာ လုပ်ဆောင်ပုံ ပုံစံနှစ်မျိုးထပ်ထွက်လာပါတယ်။ ပထမတမျိုးက လူထု တိုက်ပွဲတွေ ထပ်ပြီး မပေါ်လာအောင် နည်းမျိုးစုံနဲ့ တားဆီးတာဖြစ်ပါတယ်။ ရှေ့လဲမတက်၊ နောက်လဲ မဆုတ်တဲ့ ပိုနေမြဲ၊ ကျားနေမြဲပုံစံပါ။
ဒုတိယတမျိုးကတော့ လူထုလှုပ်ရှားမှု အားကောင်းလာတဲ့အခါ နေရာဝင်ယူဖို့ ကြိုးစားတာတွေဖြစ်ပါတယ်။ခေါင်းဆောင် သစ်တွေ ထပ်မထွက်လာအောင် ရှေ့ပိုင်းကနေ ပိတ်ပင်ထားမှုတွေ လုပ်လေ့ရှိပါတယ်။ ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်မှာ political deadlock ဖြစ်သွားတဲ့ နိုင်ငံတွေရဲ့ ဒီမိုကရေစီ အင်အားစုတွေအကြားမှာ ဖြစ်လေ့ရှိတဲ့ နေရာယူမှုတွေ၊ အချင်း ချင်း တိုက်ခိုက် ပြောဆိုမှုတွေ၊ မျိုးဆက်သစ်လက်ဆင့်ကမ်းမှု အားနည်းတာတွေ၊ မအောင်မြင်ခဲ့တဲ့ အတွေ့အကြုံနဲ့ ဖြတ် သန်းမှုကိုပဲ တိုင်းတာသတ်မှတ်နေတာတွေ အားလုံးဟာ ဒီသဘောတရားမှာ အခြေတည်ပါတယ်။ ဒီမိုကရေစီအင်အား စုတွေမှာ ဒီလို elite တွေများနေရင် နောက်တကြိမ်လူထုတိုက်ပွဲကနေ ထပ်ထွက်လာမယ့် elite တွေရဲ့ အခန်းကဏ္ဍကို ကန့်သတ်လိုက်သလို ဖြစ်သွားတာကြောင့် ပြောင်းလဲမှုဖြစ်စဉ် အောင်မြင်ဖို့ ခက်ခဲတတ်ပါတယ်။ အမြော် အမြင်ကြီးမှု၊ ကိုယ်ကျိုးထက် အများအရေးကို ဦးစားပေး စဉ်းစားမှုတွေရှိဖို့က ဒီအသွင်သဏ္ဌာန်အောင်မြင်မှုရဲ့ သော့ချက်ပါပဲ။
Initial democratization စတင်သွားပြီဆိုရင်လဲ လူထုလှုပ်ရှားမှုတွေက တခြားအသွင်သဏ္ဌာန်တွေနဲ့ ဆက်ရှိနေရမှာ ဖြစ်ပါတယ်။ တချို့နိုင်ငံတွေမှာ ကနဦးဒီမိုကရေစီ စတင်ပြီးတဲ့အခါ နိုင်ငံတည်ဆောက်မယ့် ခေါင်းဆောင်တွေ ပေါ်ထွက် နေပြီအထင်နဲ့ လူထုလှုပ်ရှားမှုက အားနည်းသွားပါတယ်။ ဒါပေမယ့် ဒီခေါင်းဆောင်တွေက လူထုရဲ့ အနာဂတ် ဘ၀တိုး တက်မှုကို ဖန်တီးအားထုတ်တာ မပြုလုပ်ဘဲ အာဏာလုမှုတွေ၊ ကိုယ်ကျိုးရှာမှုတွေ ပြုလုပ်လာတာလဲ ရှိနေတတ်ပါတယ်။ ဒါဟာ ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်မှာတင် မဟုတ်ပါဘူး။ နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်တိုင်းမှာ ဖြစ်လေ့ရှိပါတယ်။ အာရှ နဲ့ အာဖရိကနိုင်ငံတွေမှာ ကိုလိုနီအစိုးရလက်အောက်က လွတ်မြောက်ကာစမှာ လွတ်လပ်ရေးနဲ့ အတူ ပေါ်ပေါက်လာ ခဲ့တဲ့ အစိုးရတွေမှာလဲ ဖောက်ပြန်တဲ့ ခေါင်းဆောင်တွေ အများကြီးပေါ်ထွက်ခဲ့ဖူးပါတယ်။
အာဏာရှင်စနစ်ကနေ ဒီမိုကရေစနစ် ပြောင်းလဲမှုဖြစ်စဉ် ကနဦးအစမှာလဲ လှုပ်ရှားမှုမှာ ပါဝင်ခဲ့တာကို အခွင့်ကောင်းယူ ပြီး ခေါင်းဆောင်နေရာလုဖို့ ကြိုးစားသူတွေ၊ အာဏာရှင်ဘက်တော်သားဟောင်းတွေထဲက အုပ်ချုပ်ရေး၊ တည်ဆောက် ရေး ယန္ထရားထဲမှာ ကျန်ရစ်ခဲ့သူတွေနဲ့ ဒီမိုကရေစီဘက်တော်သားတွေအကြားက ပဋိပက္ခတွေ၊ နိုင်ငံရေးသမားအချင်း ချင်း စောင်းမြောင်းတိုက်ခိုက်မှုတွေ၊ ငွေကြေးအရှုပ်အရှင်းတွေ စတဲ့ အထွေထွေ ပြဿနာတွေဟာ ပေါ်ပေါက်လာမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီစနစ်ဆိုတာ လူထုဆီက အာဏာသက်ဆင်းတဲ့ စနစ်ဖြစ်တာကြောင့် ဒီလိုပြဿနာ တွေကို လွတ်လပ်ပွင့်လင်းတဲ့ မီဒီယာတွေ၊ အာဏာရနိုင်ငံရေးပါတီတွေကို တခြားပါတီနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေက ပြန်လှန်စောင့်ကြည့်မှုတွေ၊ လာဘ်ပေးလာဘ်ယူကိစ္စတွေကို ထိန်းချုပ်နိုင်တဲ့ အုပ်ချုပ်ရေးယန္တရားတွေနဲ့ ဖြေရှင်းသွားနိုင် မှာ ဖြစ်တယ်။
ဒီမိုကရေစီဆိုတာ စနစ်တခုဖြစ်ပြီး၊ ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်ဆိုတာက တခြားစနစ်တွေကနေ ဒီမိုကရေစီစနစ်ကို ပြုပြင်တည်ဆောက်တဲ့ ဖြစ်စဉ်တရပ်သာဖြစ်တယ်။ အာဏာရှင်စနစ်နဲ့ ကွာခြားတာက အာဏာရှင်စနစ်ကို လူတွေရဲ့ စိတ်နေစိတ်ထားတွေ၊ အတ္တတွေ၊ လောဘ၊ မောဟက ထိန်းချုပ်မောင်းနှင်ပြီး၊ ဒီမိုကရေစီစနစ်မှာကျတော့ စနစ်ရဲ့ တန် ဖိုးတွေ၊ ယုံကြည်ချက်တွေက လူတွေရဲ့ အတ္တတွေ၊ လောဘ၊ မောဟတွေကို ထိန်းချုပ်မောင်းနှင်တာဖြစ်တယ်။ အာဏာ ရှင် ဘက်တော်သားတွေက မကောင်းဘူးလို့ တထစ်ချ ပြောလို့မရသလို ဒီမိုကရေစီဘက်တော်သားတွေကိုလဲ သူတော် စင်တွေလို့ ဘယ်သူမှ တပ်အပ်မပြောနိုင်ဘူး။ပိုက်ဆံလက်ထဲ မရှိခင်မှာ ဟိုလူ၊ ဒီလူ ကူညီဖို့ စဉ်းစားသူတွေဟာ လက်ထဲ ပိုက်ဆံတကယ်ရောက်လာတဲ့အချိန်မှာ ကိုယ့်အကျိုးနဲ့ ကိုယ့်မိသားစုအတွက် ပိုပြီး ဦးစားပေးကြတာပဲ။ ဒါဟာ အပြစ်ဆို စရာမဟုတ်ဘူး။ လူ့သဘာဝပဲ ဖြစ်တယ်။
ဒီလို လူ့အတ္တတွေကို အာဏာရှင်စနစ်က တွန်းအားပေးတယ်။ အာဏာရယူလိုစိတ်၊ အာဏာဆုပ်ကိုင်ထားလိုစိတ်၊ အာ ဏာနဲ့ ပျော်မွေ့တဲ့ စိတ်တွေဟာ အာဏာရှင်စနစ်က တွန်းပို့ပေးတဲ့ စိတ်နေစိတ်ထားတွေပဲဖြစ်တယ်။ ဒီမိုကရေစီစနစ်က ကျတော့ ဒီလို လူ့အတ္တတွေကို ထိန်းချုပ်လိုက်တယ်။ လူအများ ဆန္ဒနဲ့ လူအများအကျိုးကို ဆောင်ရွက်ဖို့ လူအများက ရွေးချယ် ထားသူတွေဟာ အများအကျိုးမကြည့်ပဲ ကိုယ့်အတ္တနောက်ကိုပဲ လိုက်နေတာကို ဒီမိုကရေစီ စနစ်က ခွင့်မပြု ဘူး။ ဒါကြောင့် လူထုတရပ်လုံးရဲ့ အနာဂတ်တိုးတက်ရေးကို ပြည်သူလူထုအပေါ်မှာ အခြေတည်တဲ့ ပြည်သူ့ဒီမိုကရေစီ စနစ်ကသာ ဖော်ဆောင်ပေးနိုင်တာ ဖြစ်တယ်။
တချို့က နိုင်ငံရေးအတွေးအခေါ်နဲ့ ဘက်လိုက်မှုတွေမှာ လူကို အခြေခံပြီး စဉ်းစားဆုံးဖြတ်တတ်ကြတယ်။ စနစ်ပေါ် အ ခြေခံ မစဉ်းစားကြဘူး။ ဒီလိုလူမျိုးတွေဟာ ဒီမိုကရေစီအင်အားစုတွေထဲက လူတွေရဲ့ အားနည်းချက်တွေ၊ အတ္တတွေကို တွေ့လာ၊ သိလာတဲ့အခါကျတော့ ဒီမိုကရေစီလှုပ်ရှားမှုအပေါ် အထင်အမြင်လွဲလာတောတွေရှိတယ်။ဒါဟာ လူအပေါ်မှာ အခြေတည်စဉ်းစားမှု၊ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေရဲ့ ရလာဒ်တွေပဲဖြစ်တယ်။ လူ့စိတ်ဆိုတာ အင်မတန်ဆန်းကျယ်တယ်။ အချိန်၊ နေရာ၊ အခြေအနေတွေဟာ လူတွေရဲ့ စိတ်ကို လွှမ်းမိုးနိုင်တယ်။ အခြေအနေ၊ အချိန်အခါအရ လူသတ်မှုကျူး လွန်သွားမိသူ အများစုဟာ မကျူးလွန်ခဲ့စဉ်တုန်းက လူအချင်းချင်း သတ်ဖြတ်တာဟာ မကောင်းဘူးလို့ လက်ခံခဲ့ကြသူ တွေချည်းပါပဲ။ ဒါပေမယ့် အသိတခုနဲ့ မပြီးဘူး။ ဒါကြောင့် ထိန်းချုပ်ပေးဖို့ဥပဒေဆိုတာ ပေါ်လာတယ်။ ဒီမိုကရေစီ ဆို တာလဲ ဒီလိုပဲ။ အစိုးရအုပ်ချုပ်ရေးယန္တရားနဲ့ ဒီယန္တရားထဲက လူတွေကို ထိန်းချုပ်ပေးတဲ့ စနစ်သာလျှင်ဖြစ်တယ်။
ဒီတော့ ဒီမိုကရေစီဘက်တော်သားတွေရဲ့ စနစ်နဲ့ မကိုက်ညီနိုင်တဲ့ အတ္တတွေ၊ လုပ်ရပ်တွေဟာလဲ ဒီမိုကရေစီ ပြောင်းလဲ မှုဖြစ်စဉ် စလာတဲ့အခါမှာ စနစ်က ပြန်ထိန်းချုပ်သွားမှာပဲဖြစ်တယ်။ စနစ်နဲ့ မကိုက်ညီသူတွေကို စနစ်က ဖယ်ရှားပစ်လေ့ ရှိတာ ဓမ္မတာသာဖြစ်တယ်။ တိုင်းပြည်တခုမှာ စနစ်ဆိုးရှိနေရင် စနစ်ဆိုးနဲ့ မကိုက်ညီသူတွေ ပြည်ပထွက်တာများပြီး brain drain ဆိုတဲ့ ဦးနှောက် ယိုစီးမှုပြဿနာဖြစ်လေ့ရှိတယ်။ စနစ်ကောင်းကို ပြန်တည်ဆောက်တဲ့အခါ brain gain ဖြစ်လာတတ်စမြဲပါပဲ။ ဒီအခါမှာ စနစ်နဲ့ မကိုက်ညီတဲ့ လူတွေရဲ့ စိတ်တွေကို စနစ်က ပြုပြင်မှာ ဖြစ်သလို၊ ပြုပြင်လို့ မရ သူတွေကလဲ စနစ်ကနေ လွင့်ထွက်သွားမှာပါပဲ။ ဒါကြောင့် လူတွေကို ကြည့်ပြီး စနစ်ရေးရာကို ဆုံးဖြတ်လို့ မရဘူးဆိုတာ လူအများ သိနားလည်ဖို့ လိုအပ်ပါတယ်။
ဒီလိုလူတွေရဲ့ အာဏာ၊ ငွေကြေးနဲ့ ပတ်သက်ပြီး ဖောက်လွဲဖောက်ပြန်ဖြစ်တတ်တဲ့ သဘာဝတွေကို ထိန်းချုပ်နိုင်တဲ့ ဒီမို ကရေစီစနစ် အမြစ်တွယ်ခိုင်မာဖို့ အတွက် လူထုလှုပ်ရှားမှု တွေဟာ အလွန်ပဲ အရေးကြီးပါတယ်။
လူထုလှုပ်ရှားမှုနှင့် ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်
လူထုလှုပ်ရှားမှုတွေဟာ ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်တလျှောက်လုံးမှာ အလွန်ပဲ အရေးကြီးလှပါတယ်။ နိုင်ငံရေးပညာ ရှင်တွေက လူထုလှုပ်ရှားမှုတွေရဲ့ အခန်းကဏ္ဍကို ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ် အဆင့် ငါးဆင့်ခွဲပြီး ပုံဖော်ပြသကြပါ တယ်။ ပထမအဆင့်ကတော့ ဆန့်ကျင်တော်လှန်ရေး (resistance) အဆင့်ဖြစ်ပါတယ်။ မိသားစုအတွင်းမှာ ဒီမိုကရေစီ စနစ် ကျင့်သုံးခြင်းက အစပြုလို့ အာဏာရှင်စနစ်အမြစ်တွယ်နေတဲ့ ထုံးတမ်းစဉ်လာတွေကို ဆန့်ကျင်တာ၊ နိုင်ငံရေးလှုပ် ရှားမှု ကွန်ယက်တွေတည်ဆောက်တာတွေဖြစ်ပါတယ်။ အလုပ်သမား၊ ကျောင်းသား၊ တောင်သူလယ်သမား၊ ဘာသာ ရေးအဖွဲ့အစည်းတွေ အပါအ၀င် လူထုလူတန်းစားအလွှာမျိုးစုံ အကြားမှာ ဒီမိုကရေစီပြောင်းလဲမှုကို ထောက်ခံ အားပေး မှု ရှိလာအောင် စည်းရုံးလှုံဆော်ပေးရမှာ ဖြစ်ပါတယ်။ ဒီကနေတဆင့် အာဏာရှင်ဆန့်ကျင်ရေး ကွန်ယက်ကြီးကို တည် ဆောက်ရမှာဖြစ်ပါတယ်။ ဒီကွန်ယက်တည်ဆောက်မှုဟာ အဆုံးအဖြတ်ပေးမယ့် လူထုတိုက်ပွဲအတွက် အလွန်ပဲအရေး ကြီးပါတယ်။ ချီလီ၊ ပိုလန်၊ အာဂျင်တီးနား နိုင်ငံတွေမှာ ဘာသာရေးအဖွဲ့အစည်းတွေက ဒီမိုကရေစီ လှုပ်ရှားမှု ကွန်ယက် တွေကို ထောက်ခံပေးခဲ့ကြတယ်။ ကွန်ယက်ချိတ်ဆက်လှုပ်ရှားမှုတွေအတွက် အထောက်အကူပေးခဲ့တယ်။
တချို့ ဒီမိုကရေစီ လှုပ်ရှားမှုတွေမှာကျတော့ ဒီကွန်ယက် တည်ဆောက်မှုကို အားကောင်းအောင် မတည်ဆောက်ဘဲ လူ ထုကို အတင်းတွန်းပြီး လှုပ်ရှားခိုင်းတတ်ကြတယ်။ ဒီအဆင့်မပါဘဲ လူထုတိုက်ပွဲခေါ်တတ်ကြတယ်။ သက်ဆိုင်ရာနီးစပ် သူများနဲ့ အစုအဖွဲ့လေးတွေဖွဲ့ပြီး လူထုလှုပ်ရှားမှုကို ဇောင်းတင်ကြတယ်။ အဲဒီလို လှုပ်ရှားမှုတွေက အောင်မြင်နိုင်ချေ နည်းပါးတယ်။ ဘာလို့လဲဆိုတော့ ကွင်းလယ်ခေါင်မှာ ယာယီတဲလေးတွေ သွားထိုးတာနဲ့ တူလို့ပဲဖြစ်တယ်။ လေပြင်းမုန် တိုင်း လဲကျရော ဒီယာယီတဲလေးတွေက အလွယ်တကူ ပြိုပျက်သွားပြန်ရော။ အုတ်မြစ် မခိုင်ပဲ အိမ်ဆောက်လို့ မရဘူး။ အိမ်မှာမှ အထပ်ပေါင်းများစွာပါတဲ့ တိုက်ကြီးတွေ ဆိုရင် အချိန်ယူအုတ်မြစ်ချရတယ်။ တချို့ ဒီမိုကရေစီ လှုပ်ရှားမှုတွေ ကျတော့လဲ လူထုထဲမှာ မတည်ဆောက်ပဲ နီးရာစုပြီး အဖွဲ့ဖွဲ့ကြတာတွေ သိပ်အားသန်ပြန်ရော။ ဘာနဲ့ တူလဲဆိုတော့ အိမ်မဆောက်ပဲ ခေါင်မိုး ထုတ်လုပ်ရေးလုပ်တာနဲ့ တူတယ်။ ခေါင်မိုးတွေပဲရှိပြီး အုတ်မြစ်ရှိဖို့ နေနေသာသာ၊ အိမ်ရဲ့ structure တောင် စာရွက်ပေါ်မှာ မရှိဖြစ်နေတဲ့ လှုပ်ရှားမှုတွေ အာရှနဲ့ အာဖရိကက ဒီမိုကရေစီ လှုပ်ရှားမှုတွေမှာ ရှိနေ ဆဲပဲ ဖြစ်တယ်။
ဒီလိုနဲ့ တည်ဆောက်မှုတွေ လုပ်ပြီး ကွန်ယက်တွေ ချိတ်ဆက်လာကြတဲ့ အခါ အခြေအနေကို ကြည့်ပြီး တိုက်ပွဲငယ်၊ တိုက်ပွဲလတ်၊ တိုက်ပွဲကြီးတွေ ပုံဖော်ရတယ်။ တိုက်ပွဲမဖော်ဆောင်ရင် ညီညွတ်ရေးဆိုတာ တည်ဆောက်လို့ မဖြစ်နိုင် တာကြောင့်ပဲ။ ညီညွတ်ရေးဆိုတာ တိုက်ပွဲနဲ့ ပေါင်းစပ်ပြီးမှ တည်ဆောက်ရတာ ဖြစ်တယ်။ တချို့ဒီမိုကရေစီ လှုပ်ရှားမှု တွေကျတော့ တိုက်ပွဲမရှိပဲ ညီညွတ်ရေးတည်ဆောက်မှုကို ဇောင်းပေးလုပ်ကြ၊ အချိန်ကုန်နေကြပြန်တယ်။ တိုက်ပွဲအ ဆင့်မရှိဘဲ ညီညွတ်ပါတယ်ဆိုရင် ဒီညီညွတ်ရေးက တကယ့်ညီညွတ်ရေးတော့ ထွက်လာမှာ မဟုတ်ဘူး။စာရွက်ညီညွတ် ရေးပဲ ဖြစ်လာမှာပဲ။ ကမ္ဘာမှာ အောင်မြင်ခဲ့တဲ့ ဒီမိုကရေစီပြောင်းလဲမှု ဖြစ်စဉ်တွေမှာကတော့ ဒီစာရွက် ညီညွတ်ရေးပုံစံ တွေ ခေတ်မစားခဲ့ဘူး။ အလုပ်သမားသပိတ်၊ ကျောင်းသားသပိတ်၊ ဘာသာရေးလှုပ်ရှားမှု၊ မြို့ပြလူထု လှုပ်ရှားမှု၊ လယ် သမား လှုပ်ရှားမှုစတဲ့ တိုက်ပွဲတွေကနေတဆင့် တိုင်းပြည်တခုလုံးရဲ့ လူထူလူတန်းစားအလွှာ အသီးသီး ပါဝင်လာတဲ့ ညီညွတ်ရေးကို ဖော်ဆောင်နိုင်ခဲ့ကြတယ်။ ဒီအဆင့်ကို upsurge of mobilization အဆင့်လို့ ပညာရှင်တွေက သတ် မှတ်ကြတယ်။ ဒီအဆင့်မှာ လူထုတိုက်ပွဲအားကောင်းလာတဲ့အခါ အာဏာရှင် စနစ်ပြိုလဲသွားတယ်။
ဒါပေမယ့် အာဏာရှင်စနစ်ပြိုလဲတယ်ဆိုတာ အုပ်ချုပ်ရေးယန္တရားတခုလုံး ပြိုလဲသွားတာ မဟုတ်ဘူး။ ခေတ္တရပ်ဆိုင်း သွားတာပဲဖြစ်တယ်။ ဒါကို ပြန်ပြီး ဘယ်သူက အသက်သွင်းမလဲ။ အာဏာရှင်ဟောင်း ဘက်တော်သားတွေက အသက် သွင်းနိုင်မလား၊ ဒီမိုကရေစီဘက်တော်သားတွေက အသက်သွင်းနိုင်မလား။ အာဏာရှင်ဟောင်း ဘက်တော်သားတချို့နဲ့ ဒီမိုကရေစီ ဘက်တော်သားတချို့ ပူးပေါင်းပြီး အသက်သွင်းနိုင်မလား။ ဒီအဆင့် ကို transition to procedural democracy လို့ ပညာရှင်တွေက သတ်မှတ်ထားတယ်။ အဓိက ထွက်လာရမယ့် ရလာဒ်ကတော့ ကြားဖြတ်အစိုးရပဲ။ ကြားဖြတ်အစိုးရမထွက်လာမချင်း ဒီအဆင့်မအောင်မြင်သေးဘူးလို့ ဆိုနိုင်တယ်။ ကြားဖြတ်အစိုးရ ဆိုတာမှာလဲ ဒီမိုက ရေစီဘက်တော်သားတွေက ဦးဆောင်ဖွဲ့စည်းတဲ့ ကြားဖြတ်အစိုးရ၊ အာဏာရှင်ဘက်က ပြုပြင်ပြောင်းလဲလိုသူတွေက ဦးဆောင်ဖွဲ့စည်းတဲ့ ကြားဖြတ်အစိုးရ၊ ဒီမိုကရေစီနဲ့ အာဏာရှင်ဘက်တော်သားတွေ ပူးပေါင်းဖွဲ့စည်းတဲ့ ကြားဖြတ်အစိုးရ ဆိုပြီးရှိသလို တခါတရံ ဘယ်လိုမှ ညှိမရတဲ့ ဘက်နှစ်ဘက်အကြားမှာ နိုင်ငံတကာက ခေတ္တလာအုပ်ချုပ်ပေးတဲ့ ကြား ဖြတ်အစိုးရဆိုပြီး ပုံစံအမျိုးမျိုးရှိတယ်။
ဒီလိုကြားဖြတ်အစိုးရပေါ်ပေါက်လာပြီးမှ ရွေးကောက်ပွဲကျင်းပတာ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆွေးနွေးတာတွေ ကို လုပ်ရမှာဖြစ်တယ်။ တချို့ ဒီမိုကရေစီလှုပ်ရှားမှုတွေမှာကျတော့ အဆင့်တွေက တော်တော်ကျော်ကြတယ်။ Transition to procedural democracy အဆင့်ဝေးလို့၊ upsurge of mobilization အဆင့်တောင် မရောက်သေးဘူး။ resistance အဆင့်မှာ ယာယီတဲလေးတွေ ထိုးပြီးရုံလောက်နဲ့ တွေ့ဆုံဆွေးနွေးရေး၊ ဒိုင်ယာလော့ခ်ဆိုပြီး အော်တတ်ကြ တယ်။ “မုန့်ဆီကြော်ဘယ်နေမှန်းမသိ၊ နှုတ်ခမ်းနာနဲ့ တည့်ပါ့မလား”ဆိုသလို ဒိုင်ယာလော့ခ်အတွက် conditions တွေပါ ချတတ်ကြတယ်။ Upsurge of mobilization အဆင့် ဖြစ်သွားပြန်ရင်လဲ ကြားဖြတ်အစိုးရဖွဲ့စည်းရေးလိုလို၊ ဒိုင်ယာ လော့ခ် လုပ်ရေးလိုလို သဲသဲကွဲကွဲမရှိကြပြန်ဘူး။ ဒိုင်ယာလော့ခ် ဆိုတာ ဘယ်လိုအခြေအနေ၊ ဘယ်လိုအဆင့်မှာ ခေါ်ရ တယ်ဆိုတာလဲ နားမလည်ကြပြန်ဘူး။ Transition to procedural democracy အဆင့်မရောက်ပဲနဲ့ ဒိုင်ယာလော့ခ် ဆို တာ ခေါ်လို့မရဘူး။ တောင်အာဖရိကမှာ ဒိုင်ယာလော့ခ်အောင်မြင်ခဲ့တယ်ဆိုတာက ဒီဖြစ်စဉ်မှာ နိုင်ငံတကာစစ်မျက်နှာ အားကောင်းမှုနဲ့ လူထုလှုပ်ရှားမှုကို မလွန်ဆန်နိုင်တော့ပဲ incumbent de Klerk အစိုးရက ကြားဖြတ် အိမ်စောင့်အစိုးရ အနေနဲ့ transition to procedural democracy အဆင့်ကို အရင်ကျော်ဖြတ်ခဲ့ပြီးမှ ဒိုင်ယာလော့ခ်နဲ့ power-sharing coalition အစိုးရ ဖြစ်လာတယ်။ နောက်မှ နိုင်ငံတော်အစိုးရကို ရွေးကောက်ပွဲနဲ့ ရွေးချယ်တင်မြှောက်ခဲ့တာဖြစ်တယ်။ ဒီလိုမဟုတ်ဘဲ တချို့နိုင်ငံတွေကျတော့ အဆင့်တွေခုန်ခုန်ကျော်ပြီး၊ အမြင့်ဆုံးအဆင့် ကြားဖြတ်အစိုးရ၊ အနိမ့်ဆုံး ဒိုင် ယာလော့ခ်စတဲ့ မဟာဗျူဟာမျိုးတွေ ရောထွေး ချကြလေတော့ resistance အဆင့်ကတည်းက ဒိုင်ယာလော့ခ် အော်သူ ကအော်၊ upsurge of mobilization အဆင့်မှာ အော်သူကအော် ဖြစ်လာပါလေရော။ ဆိုးကျိုးကတော့ ကိုယ့်ဗျုဟာ၊ ရန် သူ့ဗျူဟာပြန်ဖြစ်ပြီး transition to procedural democracy အဆင့်ထိမရောက်ခင်မှာ ဒိုင်ယာလော့ခ်နဲ့ လမ်းလွဲတာ တွေ ခံရတော့တာပါပဲ။
ဒီလို strategic failures တွေဟာ အာဏာရှင်တွေအတွက်တော့ အကောင်းဆုံးအသုံးချလက်နက်တွေပါပဲ။နိုင်ငံရေးကိစ္စ ရပ်တွေလို လူသန်းပေါင်းများစွာရဲ့ အနာဂတ်ကံကြမ္မာကို ဖန်တီးပြောင်းလဲနိုင်တဲ့ မဟာဗျူဟာတွေ အသာထားလို့ လူ တယောက်ဘ၀ အောင်မြင်တိုးတက်ရေးမှာတောင် အဆင့်ကျော် ဖြတ်လမ်းလိုက်လို့မရပါဘူး။ တက်နေချိန်မှာ မသိသာ ပေမယ့် ပြုတ်ကျတဲ့အချိန်မှာ တလိမ့်ခေါက်ကွေးနဲ့ ဘယ်လိုမှ ပြန်တည်ဆောက်ယူလို့မရအောင် ပြုတ်ကျတတ်ပါတယ်။ ဒါကြောင့် အခြေခံအုတ်မြစ်တည်ဆောက်မှုဟာ အရမ်းကို အရေးကြီးလှပါတယ်။
ဒီလိုနဲ့ transition to procedural democracy အဆင့်မှာ ကြားဖြတ်အစိုးရတွေလဲ ပေါ်ပေါက်ပြီး အမျိုးသားရင်ကြားစေ့ ရေးတွေ၊ တွေ့ဆုံဆွေးနွေးပွဲတွေ ပေါ်ပေါက်လာပြီးတဲ့အခါကျတော့ နောက်တဆင့်ဖြစ်တဲ့ democratic consolidation အဆင့်ကို တက်လှမ်းရပါတော့တယ်။ ဒီအဆင့်အောင်မြင်ဖို့ဆိုတာကလဲ လူထုလူတန်းစားအားလုံးရဲ့ တန်းတူရည်တူ အခွင့်အရေးတွေကို အာမခံချက်ပေးနိုင်မယ့် ပြည်သူ့ဒီမိုကရေစီကို စွဲစွဲမြဲမြဲယုံကြည်လက်ခံသူတွေ ပေါ်ပေါက်လာမှ ဖြစ် နိုင်ပါတယ်။ လူဆိုတာကလဲ လောဘ၊ မောဟတွေနဲ့ မကင်းနိုင်ပါဘူး။ ရာထူး၊ အာဏာ၊ ဂုဏ်သိက္ခာတွေကို သိပ်မြတ်နိုး တတ်ကြပါတယ်။ ငွေကြေးမမက်မောပါဘူး၊ အာဏာမမက်မောပါဘူး၊ နေရာမလိုချင်ပါဘူးလို့ ဘယ်လောက်ပဲပြောနေ ပါစေ၊ လက်ထဲ ဒါတွေ ရောက်လာတဲ့အခါ၊ လုပ်ပိုင်ခွင့်တွေ ရောက်လာတဲ့အခါကျမှ ပြောခဲ့တဲ့စကားတွေကို မေ့သွား တတ်သူတွေ တကမ္ဘာလုံးမှာ ဒုနဲ့ဒေးပဲ ဖြစ်ပါတယ်။
လူ့သဘာဝဆိုတာကလဲ အစွဲအလန်းက ကြီးတတ်ပါတယ်။ တခြား ဥစ္စာ၊ အာဏာမဆိုထားနဲ့။ နေထိုင်ရာ အိမ်လေးက ထိုင်နေကျ ကုလားထိုင်လေးကို သူတပါးဝင်ထိုင်နေရင်တောင် ရက်ကြာလာတဲ့အခါ စိတ်ထဲ စနိုးစနောင့်ကတော့ ဖြစ် တတ်ကြစမြဲ။ ဘာမဟုတ်တဲ့ အလုပ်လေးမှာတောင် နာမည်လေးနဲ့ ရာထူးလေးရဲ့အပေါ်မှာ ကိုယ့်လက်မှတ်လေး ထိုး လိုက်ရတာကို အရသာတွေ့တတ်ကြစမြဲ။ အလုပ်က ထွက်လိုက်ရရင်၊ ဒါမှ မဟုတ် ပင်စင်ယူလိုက်ရတယ်ဆိုရင်တောင် တခါတရံမှာတော့ ပြန်တွေးရင်း တသသ ဖြစ်တတ်ကြစမြဲ။ ဒီလိုသဘောသဘာဝရှိနေတဲ့ လူ့လောကမှာ ရာထူး၊အာဏာ၊ လုပ်ပိုင်ခွင့်တွေကို တမ်းတမက်မောတတ်ကြတာ၊ ကုလားထိုင်တွေကို ထိုင်ပြီးရင် နေရာဖယ်မပေးချင်ကြတာ အဆန်း တော့ မဟုတ်ပါ။ ဒီအစွဲတွေဟာ ရေရှည်ကြာရင် အာဏာရှင်အသွင်ဆောင်သွားတာကြောင့် ဒီမိုကရေစီစနစ်နဲ့ ပြန်ထိန်း ချုပ် ပေးကြရတာပါ။
ဒါကြောင့် ဒီအဆင့်အောင်မြင်ဖို့မှာ စာနယ်ဇင်းမီဒီယာတွေ၊ ဒီမိုကရေစီစနစ်ကို ယောင်ပြအပေါ်ယံ ယုံကြည်ချက် မဟုတ် ဘဲ အမှန်တကယ်ယုံကြည်သူတွေရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးကြီးပါတယ်။ စစ်ဘက်- အရပ်ဘက် ဆက်ဆံရေး တွေ၊ ဒီမိုကရေစီစနစ်အပေါ် အခြေတည်တန်ဖိုးထားတဲ့ နိုင်ငံတော်ကာကွယ်ရေး၊ နိုင်ငံတော်လုံခြုံရေး၊ နိုင်ငံခြားဆက် ဆံရေး မူဝါဒတွေ၊ နိုင်ငံသုံးစရိတ်ခွဲဝေမှုတွေ၊ ဒီမိုကရက်တစ် functioning နဲ့ ကိုက်ညီမယ့် ကျင့်ထုံးတွေ၊ good governance ကျင့်ထုံးတွေ ပေါ်ထွက်လာဖို့ တည်ဆောက်ယူရပါတယ်။ အတတ်ပညာရှင်တွေနဲ့ အသိပညာရှင်တွေ အ ချိုးညီညီ ပေါ်ထွက်လာဖို့ လိုအပ်လှပါတယ်။ Civil Society အားကောင်းလာဖို့ လိုပါတယ်။ ဒီမိုကရေစီ စနစ်နဲ့ ကိုက်ညီ မယ့် နိုင်ငံရေးယဉ်ကျေးမှု နဲ့ အတွေးအခေါ်တွေ ထွန်းကားလာအောင် ပြုပြင်တည်ဆောက်ရပါမယ်။ တချို့နိုင်ငံတွေမှာ democratic consolidation အဆင့်ရောက်ပြီးမှ အာဏာရှင်စနစ်ကို ပြန်ရောက်သွားတတ်ပါတယ်။
ဒီလို democratization’s derailment ဖြစ်ရတဲ့ အကြောင်းရင်းတွေကို ပညာရှင်များက လေ့လာဖော်ထုတ်ကြရာမှာ အ ချက်ကြီး ငါးချက်ကို တွေ့ရှိကြရပါတယ်။ ပထမအချက်က နိုင်ငံတော်ရဲ့ ကာကွယ်ရေးအင်အားစုဖြစ်တဲ့ တပ်မတော်က နိုင်ငံရေးမှာ ၀င်ရောက်စွက်ဖက်မှုဖြစ်ပါတယ်။ ဒီလိုစွက်ဖက်နိုင်မှုတွေ ဖြစ်ပွားရတာကတော့ နိုင်ငံတော်အရေးပေါ် အခြေ အနေတွေမှာ power of the command of the army ဟာ အရပ်သား နိုင်ငံတော်အကြီးအကဲ လက်ထဲမှာ မရှိလို့ပဲ ဖြစ် ပါတယ်။ ဒီအခြေအနေမျိုးမှာ တိုင်းပြည်ဟာ စစ်အာဏာရှင်လက်အောက်ကို ပြန်လည်ကျရောက် သွားတတ်ပါတယ်။ နောက်တချက်ကတော့ ပြည်ပနိုင်ငံများရဲ့စွက်ဖက်မှုဖြစ်ပါတယ်။ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်မှာ ပေါ်ပေါက်လာတဲ့ အ စိုးရဟာ ပြည်ပနိုင်ငံတခုခုရဲ့ သြဇာခံ အစိုးရဖြစ်လို့မရပါဘူး။ ပြည်သူလူထုအကျိုးကိုပဲ ပထမဦးစားပေးကြည့်ရှုတဲ့ အစိုးရ ဖြစ်ရပါမယ်။ ဒီလိုမဟုတ်ပဲ လက်ဝဲ၊ လက်ယာအင်အားကြီးနိုင်ငံတွေရဲ့ ရုပ်သေးအစိုးရတွေဖြစ်လာတဲ့အခါမှာ မူဝါဒရေး ရာတွေမှာ conflict of interests ဖြစ်တာတွေ၊ အင်အားကြီးနိုင်ငံတွေရဲ့ မူဝါဒရေးရာ၊ ဒေသတွင်းရေးရာ အားပြိုင်မှုတွေ ကနေ ပေါ်လာတဲ့ proxy political conflicts တွေဖြစ်ပြီး ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်ဟာ နှောင့်နှေးသွားတာတွေ ဖြစ် တတ်ပါတယ်။
နောက်တချက်ကတော့ ပြည်တွင်းစစ်ဖြစ်ပါတယ်။ ပြောင်းလဲမှုကာလမှာ ခေါင်းဆောင်တွေရဲ့ အမြော်အမြင်နဲ့ ဆုံးဖြတ် သုံးသပ်မှုတွေဟာ အလွန်အရေးကြီးပါတယ်။ လူမျိုးရေး၊ ဘာသာရေး ကွဲပြားမှုများတဲ့ တိုင်းပြည်တွေမှာ နိုင်ငံတည် ထောင်မှုသဏ္ဌာန်နဲ့ စနစ်မှန်ကန်ဖို့ လိုပါတယ်။ state formation conflicts တွေ ရှိတဲ့အခါမှာ စနစ်တကျမဖြေရှင်းနိုင်ရင် ရေရှည် ပြည်တွင်းစစ်ဖြစ်လာပါတယ်။ ပြည်တွင်းစစ်ပွဲတွေ များလာတာနဲ့အမျှ တပ်မတော်အခန်းကဏ္ဍကလဲ တိုးမြင့်လာ ပါတယ်။ ကြာလာတော့ ပြည်တွင်းစစ်နဲ့အတူု တပ်မတော်က အင်အားကြီးလာပါတယ်။ ဒီလိုဖြစ်လာတဲ့အခါမှာ ဒီမိုကရေ စီ ပြောင်းလဲမှုဖြစ်စဉ်ကို နောက်ပြန်ဆွဲသလိုဖြစ်ပါတော့တယ်။ စစ်အသုံးစရိတ်က ကြီးမြင့်လာတော့ စီးပွားရေးတိုးတက် မှုက နှောင့်နှေးလာပြန်ပါတယ်။ စီးပွားရေးတိုးတက်မှုနှောင့်နှေးတော့ နိုင်ငံရေး မတည်ငြိမ်မှုတွေက ဖြစ်လာပါလေရော။ ဒီလိုနဲ့ပဲ အာဏာရှင်နိုင်ငံဖြစ်လိုက်၊ ဒီမိုကရေစီနိုင်ငံဖြစ်လိုက်နဲ့ သံသရာလည်နေကြတဲ့ နိုင်ငံတွေ ကမ္ဘာမှာ အများကြီး ပါပဲ။
နောက်တချက်က တရားဥပဒေစိုးမိုးရေးဖြစ်ပါတယ်။ အပြောလွယ်သလောက် လက်တွေ့မှာ အလွန်ခဲယဉ်းတဲ့ ကိစ္စရပ် တခုပါ။ အာဖရိကနိုင်ငံတွေရဲ့ ဒီမိုကရေပြောင်းလဲမှုဖြစ်စဉ် တုံ့နှေးနေရခြင်း အကြောင်းရင်းတွေမှာ ဒီအချက်က အဓိက ဖြစ်ပါတယ်။ အာဏာရှင်စနစ်လက်အောက်မှာ နှစ်ပေါင်းများစွာ ကျရောက်ခဲ့တဲ့ နိုင်ငံတွေမှာ organized crimes တွေ ကြီးစိုးပါတယ်။ အာဏာရှင်ဘက်တော်သားတွေကော၊ ဒီမိုကရေစီဘက်တော်သားတွေပါ လူကုန်ကူးမှုတွေ၊စိန်နဲ့ကျောက် မျက်ရတနာ ခိုးထုတ်မှုတွေ၊ သစ်ခိုးထုတ်မှုတွေ အပါအ၀င် တခါတရံမှာ ဘိန်းကုန်ကူးမှုတွေနဲ့ပါ ဆက်စပ်တတ်တာတွေ ရှိပါတယ်။ ဥပမာဆိုရင်- အာဖရိကတိုက်မှာ အာဖရိကအနောက်ပိုင်းဒေသဟာ အရှေ့တောင်အာရှ ဘိန်းဖြူသယ်ယူရေး ရဲ့ port of entry ဖြစ်ပြီး၊ အာဖရိကတောင်ပိုင်းဒေသဟာ တကမ္ဘာလုံးက ခိုးယူထားတဲ့ယာဉ်နဲ့ ယာဉ်အပိုပစ္စည်းတွေရဲ့ ကုန်သွယ်မှုဇုံ ဖြစ်ပါတယ်။
ဒီလို ဥပဒေပြင်ပ စီးပွားရေးတွေဟာ ဒီမိုကရေစီစနစ်နဲ့ good governance practices တွေကို လာဘ်ပေးလာဘ်ယူမှု တွေ၊ အကြမ်းဖက်မှုတွေ၊ money laundering activities တွေနဲ့ undermine လုပ်လေ့ရှိပါတယ်။ တခါတရံမှာဆိုရင် အ မတ်လောင်းတွေကို နောက်ကွယ်က ကျားကန်ပေးပြီး မူဝါဒရေးရာမှာ ကြိုးဆွဲမှုတွေ ရှိလာတတ်ပါတယ်။ ဒါကြောင့် ဥပ ဒေပြင်ပလုပ်ငန်းတွေကို နှိမ်နင်းတဲ့အခါမှာ တရားဥပေဒေစိုးမိုးရေးပြဿနာကနေ နိုင်ငံရေး၊ လူမျိုးရေးပြဿနာ မတက် အောင် စနစ်တကျ ကိုင်တွယ်ဖြေရှင်းတတ်မှုတွေ လိုအပ်ပါတယ်။ ဒီလိုမဟုတ်ရင် နိုင်ငံက စစ်ဘုရင်နိုင်ငံ (warlords state) ဖြစ်သွားတတ်ပါတယ်။ ဒီအချက်ဟာ အလွန်ပဲ အရေးကြီးလှပါတယ်။ democratic consolidation ကို ခြိမ်း ချောက်မှုပေးနိုင်တဲ့ အန္တရာယ်ပဲ ဖြစ်ပါတယ်။
နောက်တချက်ကတော့ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုဖြစ်တယ်။ လူအချင်းချင်းလေးစားမှုနဲ့ လူအချင်းချင်း ကိုးကွယ်မှု အသွင် သဏ္ဌာန်မတူဘူး။ လေးစားမှုက ဒီမိုကရေစီသဘောတရားပေါ် အခြေခံပြီး၊ ကိုးကွယ်မှုက အာဏာရှင် သဏ္ဌာန်ဆန် တယ်။ လူတယောက်ကို လေးစားသူက ဆက်ဆံရေးမှာလဲ လေးစားစွာ ဆက်ဆံတယ်။ ပြုမူဆောင်ရွက်မှုတွေမှာလဲ ကိုယ့်အမြင်ကို ပြတ်ပြတ်သားသား တင်ပြတယ်။ ဝေဖန်စရာရှိရင် ဝေဖန်ရေးလုပ်တယ်။ သူတပါးဝေဖန်သံကြားရင်လဲ အပြုသဘောလား၊ အပျက်သဘောလား ခွဲခြမ်းဆုံးဖြတ်တယ်။ ကိုးကွယ်သူကျတော့ အဲလိုမဟုတ်တော့ဘူး။ ဘာလုပ် လုပ် ထောက်ခံတယ်။ စိတ်ထဲမှာ မမှန်ဘူးထင်ရင်တောင် သူလုပ်တာဆိုရင် မမှားလောက်ပါဘူး။ ငါပဲ မှားတာပါလို့ တွက် ပြန်တယ်။ ကိုယ်ကမဝေဖန်သလို သူတပါးက ဝေဖန်ရင်လဲ မကြိုက်ဘူး။ ကြက်ခေါင်းဆိတ်မခံ လိုက်ထိုးနှက်တတ်တယ်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်လုပ်ငန်းဆောင်တာ ဆိုတာ မရှိတော့ဘူး။ ကိုးကွယ်သူရဲ့ ဆုံး ဖြတ်ချက်၊ အတွေးအေခါ်၊ လုပ်ငန်းဆောင်တာကိုပဲ အတည်ပြုတယ်၊ အကောင်အထည်ဖော်တယ်။
ဒီလိုအခြေအနေမျိုးက စီးပွားရေး၊ လူမှုဆက်ဆံရေးမှာဆိုရင်တောင် လောင်းရိပ်မိနေတတ်တယ်။ မိသားစုရေးမှာတောင် သားသမီးက မိဘကို ကိုးကွယ်မှု လွန်ကဲနေရင် မိဘမရှိချိန်မှာ မလုပ်တတ်၊မကိုင်တတ်နဲ့ မိဘလက်ငုတ်လက်ရင်း စီးပွား ရေးကိုတောင် ဆက်မထိန်းနိုင်ဖြစ်တတ်တယ်။ လူဆိုတာ အသက်အရွယ်အရ ရင့်ကျက်လာရတယ်။ ငယ်စဉ်ကာလမှာ “ငါ့ဖေဖေပဲ တော်တယ်၊ တတ်တယ်” ဖြစ်တတ်တာ သဘာဝပေမယ့် အရွယ်ရောက်လာချိန်မှာ ငါ့အဖေက ဘယ်နေရာ မှာတော်တယ်၊ ဘယ်နေရာမှာ ချော်တယ်၊ ဘယ်နေရာမှာ အားသာချက်ရှိတယ်၊ ဘယ်နေရာမှာ အားနည်းချက်ရှိတယ်၊ မှန်တယ်၊ မှားတယ် ဆိုတာကို သုံးသပ်ရတော့တယ်။ သူပြောတဲ့စကားတွေထဲက ဘယ်စကားကိုဆောင်ရမယ်၊ ဘယ်စ ကားကို ပယ်ရမယ်ဆိုတာကိုလဲ လက်ရှိအခြေအနေနဲ့ကိုက်ညှိပြီး စဉ်းစားရတော့ မှာဖြစ်တယ်။ ဒီလိုဆိုလို ဒါဟာ မလေး စားတာ မဟုတ်ဘူး။ ဖခင်အနေနဲ့ လေးစားမှုက သပ်သပ်၊ သူ့အပြော၊ သူ့လုပ်ရပ်ကို သုံးသပ်လေ့လာမှုက သပ်သပ် ဖြစ် တယ်။ ဒီလိုမဟုတ်ဘဲ မျက်ကန်းကိုးကွယ်မှုလုပ်ရင် ကိုယ့်ဘ၀၊ ကိုယ့်အခြေအနေနဲ့ မကိုက်ညီတဲ့ လိုက်နာဆောင်ရွက် မှုတွေ ဖြစ်လာတတ်တယ်။ ဒါက လူတယောက် ဘ၀ရေးရာတွေမှာတင် ဖြစ်တယ်။
လူတယောက် ဘ၀ရေးရာမှာတောင် ဒီလောက်အရေးကြီးရင် နိုင်ငံတခုကံကြမ္မာမှာကျတော့ ပိုဆိုးတယ်။ ခေါင်းဆောင် ဆိုတာ လေးစားရမယ့် လူသားတွေဖြစ်တယ်။ ဒါပေမယ့် ကိုးကွယ်ပြီး ထိုင်ကန်တော့နေရမယ့် လူတွေ မဟုတ်ဘူး။ ပြော သမျှ ကိုယ့်စိတ်က ပါပါ၊ မပါပါ ခေါင်းညိမ့်လက်ခံနေရမယ့် သူတွေ မဟုတ်ဘူး။ သူဆိုထားသမျှ လိုက်နာဖော်ဆောင်ရ မယ် မဟုတ်ဘူး။ သူနှုတ်ထွက်စကားမှန်သမျှ အမိန့်မဟုတ်ဘူး။ လက်တွေ့အခြေအနေနဲ့ ကိုက်ညီသလား၊ ဖြစ်နိုင်ချေရှိ သလားဆိုတာ သုံးသပ်ရမယ်။ ပြန်လှန် ဆွေးနွေးမှုလုပ်ရမယ်။ တခြားဖြစ်နိုင်ချေတွေကို စဉ်းစားရမယ်။ ဝေဖန်ဆွေးနွေးရ မယ်။ အမြင်ကို ပွင့်ပွင့်လင်းလင်း တင်ပြရမယ်။ အဲလိုမဟုတ်ပဲ ခေါင်းဆောင်ကြီးဆိုပြီး ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုတွေဟာ ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်ကို နှောင့်နှေးစေတတ်တယ်။ တခုက ဒီလိုကိုးကွယ်ခံရသူတွေ မရှိတော့တဲ့အခါ ဖြစ်စဉ်တ ရပ်လုံး ကသောင်းကနင်းဖြစ်သွားတတ်တာဖြစ်ပြီး၊ နောက်တမျိုးကတော့ “မမှားသောရှေ့နေ၊ မသေသောဆေးသမား” ဆိုသလိုပဲ သူတို့ရဲ့ မှားနေတဲ့ အတွေးအခေါ်၊ လုပ်ရပ်တွေကို လိုက်ပါလုပ်ဆောင်မိတာ ဖြစ်တယ်။
ဒီလို ဒီမိုကရေစီစနစ်အမြစ်တွယ်ခိုင်မာရေးကို အနှောင့်အယှက်ဖြစ်စေတဲ့ အကြောင်းရင်းတွေကို ကျော်လွှားနိုင်ပြီး democratic consolidation အဆင့်ကို ဖြတ်သန်းပြီးတဲ့အခါ expansion to post-representative democracy ဆိုတဲ့ အဆင့်ကိုရောက်ပါတယ်။ ဒီအဆင့်ကတော့ နိုင်ငံတကာ governance system ကို democratic reform ဖြစ်ရေးတွေနဲ့ နိုင်ငံတော်အဆင့်မှာ participatory democracy, deliberative democracy တွေကို စမ်းသပ်အကောင်အထည်ဖော်ပြီး representative democracy ကို transcend လုပ်တာ ဖြစ်ပါတယ်။
နိဂုံး
အခုဆောင်းပါးမှာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုသဏ္ဌာန်တွေနဲ့ ပတ်သက်ပြီး ဒီမိုကရေစီပြောင်းလဲမှု ဖြစ်စဉ်မစခင်မှာ preconditions တွေအနေနဲ့ စီးပွားရေး၊ လူမှုရေးတိုးတက်မှုတွေ လိုအပ်တယ်ဆိုတဲ့ modernization သီအိုရီနဲ့ လူထု လှုပ်ရှားမှုကနေ Elite တွေပေါ်ထွက်လာပြီး Initial democratization စတင်နိုင်မယ့် transitology တို့ကို ဆွေးနွေးထား ပါတယ်။ လူထုလှုပ်ရှားမှုနဲ့ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်တို့အကြားက ဆက်နွယ်မှုတွေနဲ့ ပြောင်းလဲမှုဖြစ်စဉ် အဆင့်ဆင့် ကို တင်ပြထားသလို ဒီမိုကရေစီ စနစ် အမြစ်တွယ်ခိုင်မာမှုကို အနှောင့်အယှက်ဖြစ်စေမယ့် အကြောင်းရင်းတွေကို ထည့် သွင်းဆွေးနွေးထားပါတယ်။တခြားမူကွဲသဏ္ဌာန်တခုဖြစ်တဲ့ political liberalization အကြောင်းကိုတော့ လူထုလှုပ်ရှားမှု နဲ့ မသက်ဆိုင်တဲ့အတွက် ထည့်သွင်းဆွေးနွေးထားခြင်းမရှိပါဘူး။ Political liberalization ကနေ democratic consolidation ကို ကူးပြောင်းရတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုပုံသဏ္ဌာန်ရဲ့ အားသာချက်၊ အားနည်းချက်တွေကို တော့ နောက်ထပ်ဆောင်းပါးတခုမှာ ဆက်လက်တင်ပြပေးပါမယ်။
ခင်မမမျိုး (၁၊ ၈၊ ၂၀၀၉)
ရည်ညွန်းကိုးကား …
Alagappa, M. (ed.) (2001) Civil Society and Political Change in Asia, Standford University Press, Standford
Barnes, S. & Kaase, M. et al. (1979) Political Action: Mass participation in Five Western Democracies, Sage, Beverly Hills
Bell, D., Brown, D., Jayasuriya, K. and Jones, D. (1995) (eds) Towards Illiberal Democracy in Pacific Asia, St. Martin’s Press, New York
Bernhard, M. (1992)’Civil Society and Democratic Transition in East-Central Europe’, Political Science Quarterly, 108 (2), p. 307- 26
Brysk, A. (1993) ‘From above and below: Social movements, the International system, and Human Rights in Argentina’, Comparative Political Studies, 26 (3), p. 259-85
Cavatorta, F. (2005) ‘The International Context of Morocco’s stalled Democratization’, Democratization, 12 (4), p. 549-67
Crouch, C. (2004) Post-Democracy, Polity Press, Cambridge
Dahl, R. (1989) Democracy and its critics, Yale University Press, New Haven
Dalton, R. (2004) Democratic Challenges, Democratic Choices, Oxford University Press, Oxford
Diamond, L. (1999) Developing Democracy: Toward Consolidation, John Hopkins University Press, Baltimore
Ekiert, G. & Kubik, J. (1999) Rebellious Civil Society: Popular pretest and Democratic Consolidation in Poland, 1989- 1993, University of Michigan Press, Ann Harbour
Escobar, A. and Alvarex, S. (1992) (eds.) The makings of social movements in Latin America: Identity, Strategy and Democracy, Westview, Boulder
Foweraker, J. (1989) Making Democracy in Spain: Grassroots struggle in the South, 1955-1975, Cambridge University Press, Cambridge
Lipset, S. (1959) ‘Some social requisites of democracy: Economic Development and Political Legitimacy’, American Political science review, 53 (1), p. 69- 10Moore, B. (1966) Social Origins of dictatorship and democracy: Lord and Peasant in the making of the modern world, Beacon Press, Boston
Myers, M. (1998) ‘The promotion of democracy at the grassroots: The example of radio in Mali, Democratization, 5 (2), p. 200- 216
O’Donnell, G. (2007) ‘The perpetual crises of democracy’, Journal of Democracy, 15 (1), p. 5-19
Opp, K. (1994) ‘Repression and Revolutionary Action’, Rationality and Society, 6, p. 101-38
Przeworski, A. & Limongi, F. (1997) ‘Modernization theories and facts’, World Politics, 49, p. 155-83
Rossi, F. & Parta, D. (2009) “Social movement, trade unions and advocacy networks”, in Haerpfer, C.; Bernhagen, P.; Inglehart, R (2009) (eds.) Democratization, Oxford University Press, Oxford
Schneider, C. (1995) Shantytown Protests in Pinochet’s Chile, Temple University Press, Philadelphia
Ulfelder, J. and Lustik, M/ (2007) ‘Modelling Transition to and from Democracy, Democratization, 14 (3), p. 351-87
Welzel, C. (2007) ‘Are levels of democracy influenced by mass attitudes?, International Political Science Review, 28 (4), p. 397- 424
Ref: ခင်မမမျိုး
Monday, January 9, 2012
လူထုလှုပ်ရှားမှုနှင့် ဒီမိုကရေစီပြောင်းလဲခြင်း ဖြစ်စဉ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment