Monday, March 19, 2012

မဲစာရင်းမှားယွင်းမှုများကြောင့် နိုင်ငံရေးပါတီများမှ စီစစ်ကန့်ကွက်မှုများ ပြုလုပ်လျက်ရှိ

အောင်ကိုကိုလတ်၊ ယမင်း (မြစ်မခ)

ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်လစ်လပ်မဲဆန္ဒနယ်၌ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးနိုင်သည့် လူဦးရေစာရင်း မှားယွင်းနေမူများကြောင့် ၀င်ရောက်ယှဉ်ပြိုင်မည့် ပါတီများမှ စီစစ်ကန့်ကွက်မူများပြုလုပ်လျက်ကြောင်း သိရသည်။

ဆန္ဒမဲပေးရာတွင် ပေးပိုင်ခွင့်မရှိသော သေဆုံးသူများ၊ အသက်မပြည့်သူများ၊ ပြောင်းရွေ့သွားသူများ၊ သာသနာဘောင် ၀င်သူများ ပါဝင် နေမူတွေ့ရှိကြောင်းကို အမျိုးသားဒီမိုကရေစီအင်းအားစုပါတီမှ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စား လှယ်လောင်း ဦးကြီးမြင့် ကပြောခဲ့သည်။

“ဟိုတနေ့ကဆို မဲရုံ ၁၂ ရုံကစာရင်းစစ်ကြည့်တာ လူဦးရေ ၃၆၀၀ ကျော်လောက်လွဲနေတယ်။ သေပြီးသားတွေရော အသက်မပြည့် သေးတဲ့ မဲပေးပိုင်ခွင့်မရှိသေးတဲ့သူတွေရောထည့်ထားတာတွေ့ရတယ်။ အဲဒါကြောင့် ကော်မရှင်ရုံးတွေကို ပုံစံ (၄) ကန့်ကွက်စာ တင် ထားတယ်။ အမှားအယွင်းမဖြစ်အောင်လို့ပေါ့။ အခုလည်း ၁၄၉ ဦးမှားနေတာထပ်တွေ့ပြန်တယ်”ဟု ၄င်းကဆက်လက်ပြောသည်။


စီစစ်ကန့်ကွက်မူများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ (NLD) မှ ပုံစံ (၃) ဖြင့် မဲပေးပိုင်ခွင့်ရှိပြီး မဲစာရင်းမပါရှိ သူများအား ပြန်လည်ဖြည့် စွပ်စီစစ်ပေးရန် ကော်မရှင်ရုံးသို့ တင်သွင်းခဲ့ကြောင်း၊ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ (NDF) မှ ပုံစံ (၄)ဖြင့် သေဆုံးသူ၊ အသက် မပြည့်သူ၊ ပြောင်းရွေ့သွားသူ၊ သာသနာဘောင်ဝင်သူများ မဲပေးနိုင်သူမဲစာရင်းတွင်ထဲထားခြင်းကြောင့် ကော်မရှင်ရုံးသို့ ကန့်ကွက်စာ တင်ထားကြောင်း သိရသည်။

“ကျွန်တော်တို့လည်း ပုံစံ (၃)နဲ့မဲစာရင်းမပါတဲသူတွေကို ပြန်ပြီးတော့ ဖြည့်စွပ်ပေးဖို့ ကော်မရှင်ကိုတင်ခဲ့ပါတယ်။ သူတို့ကလည်း ပြန်ပြီး ဖြည့်ပေးပါတယ်။ အခုအဲဒါမျိုးတွေနည်းနည်းပါးသွားပေးမယ့် ကျန်မှားယွင်းနေတာ တွေတော့ ရှိသေးပါတယ် ” ဟု အမျိုးသားဒီမို ကရေစီအဖွဲ့ (NLD)မှ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် ဒေါက်တာမျိုးအောင် ကပြောသည်။

အဆိုပါမြို့နယ်တွင် ပြည်သူများ၏ထောက်ခံမူကိုရရှိရန် ကိုယ်စားလှယ်လောင်းအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ (NLD)၊ အမျိုးသားဒီမို ကရေစီအင်အားစုပါတီ (NDF) ၊ မြန်မာအမျိုးသားကွန်ကရက်ပါတီ၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၊ ညီညွတ်ရေးနှင့် ငြိမ်း ချမ်းရေးပါတီ (D ငြိမ်း)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တ.စ.ည)၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ တို့မှ ၀င်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်းသိရသည်။

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တွင် မဲရုံ ၆၇ ရုံရှိပြီး၊ မဲပေးနိုင်သူဦးရေ ၇၉၈၁၄ ဦးရှိကြောင်းသိရသည်။

“ဘယ်ပါတီကိုထောက်ခံတယ်ဆိုတာနောက်မှာပါ။ အခုက မဲပေးခွင့် စာရင်းတွေအများကြီးမှားနေတာ တွေ့ရတယ်။ ကျွန်မတို့ဆို အရင် ၂၀၁၀ တုန်းက မဲစာရင်းလာပြတယ်။ လက်မှတ်ထိုးလိုက်ရတယ်။ မဲမပေးလိုက်ရဘူး။ အခုကြားဖြတ်ရွေးကောက်ပွဲတော့ မဲပေးဖြစ် အောင်မဲပေးမှာ။ ပေးပိုင်ခွင့်ရှိရဲ့သားနဲ့ မဲမပေးခွင့်မရလို့တော့ မရဘူး”ဟု ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်မှ ဒေသခံတစ်ဦ်း ကပြောသည်။

ထို့ပြင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၉၄ ရပ်ကွက်တွင်လည်း ယာယီသန်းခေါင်စာရင်းဖြင့်နေထိုင်သူအချို့အား နောက်တိုးမဲစာရင်းတွင် အမည်စာရင်းထည့်သွင်းခြင်း မရှိနိုင်ဟု အကြောင်းကြားစာများအား ပို့ထားလျက်ရှိကြောင်း သိရှိရသည်။

ယာယီသန်ခေါင်းစာရင်းဖြင့် နေထိုင်ကြသူများမှ မဲပေးလိုသောကြောင့် ရပ်ကွက်ကော်မရှင်ရုံးသို့ လျှောက်ထားသော်လည်း မဲပေး ခွင့်မပြုဟူသော ထုတ်ပြန်ချက်သာ ရရှိကြောင်း ၉၄ ရပ်ကွက်တွင် နေထိုင်သူ တဦးပြောသည်။

`ကျနော်တို့က မဲပေးချင်လို့ ဆိုတာကိုခွင့်မပြုဘူးဆိုတဲ့ အကြောင်းကြားစာပဲ ရောက်လာတယ်၊ ကျနော်တို့ တိုင်ဖို့လည်း စဉ်းစား ထားတယ်`ဟု အဆိုပါ ဒဂုံဆိပ်ကမ်း ၉၄ ရပ်ကွက်တွင် နေထိုင်သူက ပြောသည်။

အဆိုပါ ၉၄ ရပ်ကွက်တွင် မဲပေးမခွင့်မရှိဟု ရပ်ကွက်ကော်မရှင်ရုံးမှ ထုတ်ပြန်ထားသူ အိမ်ထောင်စု ၂၀ ၀န်းကျင်ခန့်ရှိကြောင်း သူက ပြောသည်။

Ref: ရွှေမြစ်မခ

0 comments:

အပေါ်သို့