Monday, July 16, 2012

ရွှေဥဒေါင်းချောင်းကမ်းပါးပြိုမှုတွင် ဒေသခံများအား အဓမ္မစေခိုင်းမှုရှိနေဟု သတင်းများထွက်ပေါ်

ကောင်းမြတ်ဖြိုး ( မြစ်မခ )
14 Jul, 2012

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ညောင်ရင်းကျေးရွာရှိ ရွှေဥဒေါင်းချောင်းသည် နှစ်စဉ် ကမ်းပါး ပြိုမှုများဖြစ်ပေါ် လျက် ရှိသောကြောင့် အာဏာပိုင်များက ဒေသခံပြည်သူများအား အတင်းအဓမ္မစေခိုင်းမှုများ ရှိနေကြောင်း ဒေသခံရွာသားများ၏ ပြောပြ ချက်အရသိရသည်။

“ကျွန်တော်တို့ ရွာဘေးက ချောင်းကို ကမ်းပါးမပြိုအောင် အထက်ကလုပ်ခိုင်းတော့ အုပ်ချုပ်ရေးမှူးတွေက ပန်းရံဆရာတွေတော့ ခေါ် လာတယ်၊ ပြီးတော့ ရွာသားတွေကိုလည်း မဖြစ်မနေ လုပ်ပေးရမယ်လို့ ပြောတယ်။” ဟု ညောင်ရင်းကျေးရွာမှ ဦးမျိုးလွင်က ပြောသည်။

ညောင်ရင်းကျေးရွာတွင် မိုးတွင်းအခါ၌ ရွှေဥဒေါင်းချောင်းသည် နှစ်စဉ် ဖြစ်ပေါ်လျက်ရှိသော ကမ်းပါးပြိုမှုအား ပြုပြင်နိုင်ရန် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ ဒေသခံများအား အတင်းအဓ္ဓမ ခိုင်းစေနေ ခြင်းလည်း ဖြစ်သည်ဟု သိရသည်။

လုပ်အားပေးခိုင်းစေမှုတွင် မလာမနေရ အိမ်လုံးစေ့ ပါဝင်ခိုင်းစေခဲ့ခြင်းဖြစ်ပြီး မလာသောအိမ်ထောင်စုအား ကျပ်ငွေ (၅၀၀၀) ကောက် ခံခဲ့ကြောင်း ရွာခံများကဆိုသည်။

“အထက်က အဲ့ဒီချောင်းပြင်ဖို့ ခိုင်းပါတယ်၊ ကျွန်တော်တို့က ရွာသားတွေကော ပါဝင်နိုင်မလားလို့ မေးပြီး အဲ့ဒီ ချောင်းကမ်းပါးတွေ ပြုပြင်တာပါ၊”ဟု သပိတ်ကျင်းမြို့နယ် ဒုတိယဦးစီးမှူး ဦးစန်းမြင့်က ကမ်းပါးပြုပြင်နေကြောင်း အတည်ပြု ပြောကြားခဲ့သည်။

ညောင်ရင်းအုပ်ချုပ်ရေးမှူးကလည်း ၎င်းတို့ဒေသခံများရွာသားများအား အတင်းစေခိုင်းမှုမျိုးမရှိကြောင်း မြစ်မခသို့ ပြောကြားခဲ့သည်။

ဒေသခံများမှာ ဝမ်းစာအတွက် နေ့စားအလုပ်လုပ်ကိုင်နေရ၍ ကျပ်ငွေ (၅၀၀၀) မှာလည်း ၎င်းတို့အနေဖြင့် မတက်နိုင် သည့်အတွက် ညောင်းရမ်းဒေသခံများက စုပေါင်းကာ ဇူလိုင်လဆန်းတွင် နိုင်ငံတော်သမ္မတထံသို့ စာတင်ပြထားကြောင်းကိုလည်း သိရသည်။

သပိတ်ကျင်းမြို့နယ် ညောင်ရင်းကျေးရွာတွင် အိမ်ထောင်စု စုစုပေါင်း(၁၁၉)အိမ်ထောင်ရှိကြောင်း ရွာသားများက ဆိုသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့