အောင်အောင်-ချင်းမိုင်(မြစ်မခ)
14 Jul, 2012
ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြည်တော်ပြန်ဝင်ရောက်နိုင်ရေးအတွက် payapတက္ကသိုလ်ဟောပြောပွဲ၌ စီးပွားရေး တက္ကသိုလ် ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်က ပြောင်းလဲလာသည့် မြန်မာ့အရေးနှင့် ချိန်ထိုး ပြခဲ့သည်။
ဇူလိုင်လ(၁၃)ရက်နေ့ နေ့လည်ပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ payapတက္ကသိုလ်တွင် IBM and IMBA Programs present: Assessing Myanmar’s Reforms and Doing Business in Myanmar ခေါင်းစဉ်ဖြင့် ဟောပြောပွဲတစ်ရပ် ကျင်းပခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်က မြန်မာနိုင်ငံတွင် စီးပွားရေးရင်း နှီး မြုပ်နှံမှုများလာ ရောက်လုပ်ကိုင်ကြရန် ဖိတ်ခေါ်ခဲ့သလို ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြည်တော်ပြန်ဝင်ရောက်နိုင်ရေးအတွက် ပြောင်းလဲလာ သည့် မြန်မာ့နိုင်ငံရေး အခြေအနေများနှင့် စပ်လျဉ်းကာ အဓိကထား ပြောကြားခဲ့ခြင်း ဖြစ်သည်။
“မြန်မာပြည်ကို ရင်းနှီးမြုပ်နှံမှုတွေလာကြပါ၊ ပြီးတော့မြန်မာပြည်သားတွေပဲ နိုင်ငံခြားမှာပုံစံအမျိုးမျိုးနဲ့ရောက်နေကြတယ်နော် အားလုံး ပြန် လာပါလို့လည်း ဆရာမပြောဘူး၊ ကိုယ့်အခြေအနေရှိလို့ တစ်ရက်ပဲပြန်လာလည်း တစ်ရက်၊ တစ်ပတ်ပဲပြန်လာလည်း တစ်ပတ်၊ အမြဲတမ်းနေဖို့ကလည်း ဒါဖြစ်ချင်မှလည်း ဖြစ်မယ် အထူးသဖြင့် လူငယ်တွေ လူလတ်တွေအတွက် အနာဂတ် ကောင်းဖို့ ဟာ ၀ိုင်း လုပ်ပေးမှ ရတော့မယ်” ဟု ဟောပြောပွဲတွင် ဒေါက်တာအောင်ထွန်းသက်က ပြောကြားခဲ့သည်။
လက်ရှိမြန်မာ့အရေးအပေါ်တွင် ပိတ်ဆို့မှုများလျော့ချလာသည့်အတွက် မြန်မာနိုင်ငံတွင်ယုံကြည်စိတ်ချစွာဖြင့် ရင်းနှီးမြုပ် နှံနိုင်ကြောင်း၊ FDI အများအပြားဝင်ရောက်သည်နှင့်အတူ နိုင်ငံအတွက်လိုအပ်သော နိုင်ငံခြားငွေကြေးသာမကနည်းပညာ များပါ ရရှိနိုင်ကြောင်း ကိုလည်း အဆိုပါပညာရှင်က သုံးသပ်ပြောကြား ခဲ့သည်။
“ဒီ ပြည်တွင်း လုပ်ငန်းရှင်တွေအနေနဲ့က အဲ့လိုဝင်လာရင် ကိုယ့်ဖက်က ဘယ်လို ခုခံကာကွယ်တာထက် ၀င်လာတာကို ကိုယ်က အကျိုးအမြတ်ရှိအောင် ဘယ်လိုလုပ်မလဲဆိုတာကို စဉ်းစားတဲ့အခါမှာလည်း လုပ်ငန်းတစ်ခုချင်း ကုမ္ပဏီတခုချင်း လုပ်တာထက် ကုန်သည်ကြီးများအသင်းမှာ စုပေါင်းပြီးတော့ အများစု အတွက် ကောင်းအောင် ဘယ်လို လုပ်ပေးနိုင်မလဲဆိုတာကို စဉ်စားနေကြတယ်၊ နိုင်ငံတော်ကလည်း စဉ်းစားတယ်”ဟု ၄င်းက ဆက်ပြောသည်။
မြန်မာ့ပြုပြင်ပြောင်းလဲရေးအခြေအနေများအား လက်ရှိအချိန်တွင်ယုံကြည်မှုရရှိရန် ခက်ခဲနေသေးကြောင်း ချင်းမိုင်ရောက် မြန်မာ နိုင်ငံသားတစ်ဦးသားတစ်ဦးက ဆိုသည်။
“ကျွန်တော့်အနေနဲ့ မြန်မာပြည် ပြန်မရောက်တာ (၈၈)ခုနှစ်နောက်ပိုင်းကတည်းကပါ၊ ပြုပြင်ပြောင်းလဲရေး ကာလမှာ စောင့်ကြည့်ဖို့ လိုသေးတယ်လို့မြင်တယ်၊ လာမဲ့ ရွှေးကောက်ပွဲကာလအထိ စောင့်ကြည့်ပြီးမှ ၀င်သင့်ရင် ပြန်ဝင်မယ်”ဟု ချင်းမိုင်ရောက် မြန်မာ တစ်ဦးက ပြောသည်။
ပြည်ပရောက်မြန်မာနိုင်ငံသားများအနေဖြင့် ပြည်တော်ပြန်ဝင်ရောက်ရန် ခက်ခဲသည့်အခြေအနေအပေါ်တွင် နားလည် ကြောင်းကိုလည်း ဒေါက်တာအောင်ထွန်းသက်က ယခုကဲ့သို့ဆိုသည်။
“မြန်မာပြည်မှာရှိတဲ့ ပြောင်းလဲမှုတွေဟာ တကယ်ကို ပကတိ ပြောင်းနေပါပြီး၊ ခုက မေးတဲ့မေးခွန်းတွေ နားထောင်ကြည့်ရင် တချို့တွေ က မယုံသေးဘူး၊ မယုံတဲ့လူတွေလည်း ဆရာအပြစ်မတင်ပါဘူး၊ အပြင်မှာနေတော့ ဘယ်ယုံမလဲ၊ အထဲမှာနေမှ၊ အဲ့လိုပြောတဲ့အတွက် အားလုံးပြီးသွားပြီ ကောင်းပြီလို့လည်း ဆရာတို့ ပြောတာမဟုတ်ဘူးနော် လုပ်စရာတွေ အများကြီး ကျန်သေးတယ်” ဟု ၄င်းက ပြော ကြားခဲ့သည်။
ရန်ကုန်စီးပွားရေးတက္ကသိုလ်ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်သည် နိုင်ငံတော်သမ္မတ၏ အကြံပေးကောင်စီ အဖွဲ့တွင် ပါဝင် သူလည်း ဖြစ်သည်။
Payap တက္ကသိုလ်ဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူများအပါအ၀င် မြန်မာနိုင်ငံအရေး စိတ်ပါဝင်စားသူ မြန်မာနိုင်ငံ သားနှင့် နိုင်ငံခြားသား (၆၀)ကျော် တက်ရာက်ဆွေးနွေးခဲ့သည်။
Ref: မြစ်မခ
Monday, July 16, 2012
ရင်းနှီးမြုပ်နှံမှု ဖိတ်ခေါ်၍ ပြည်တော်ပြန်နိုင်ရေး ချိန်ထိုးပြောကြားခဲ့သည့် Payap ဟောပြောပွဲ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment