July 14, 2012
မြန်မာပြည်က၊ တောင်ထိပ်ကလေးတွေ မှန်သမျှမှာ ထုံးဖြူဖြူစေတီလေးတွေ ရှိနေတာဟာ ကျက်သရေမင်္ဂလာ ရှိယုံတင် မကဘူး၊ ကျမတို့ ဘူမိဗေဒကျောင်းသူဘဝ ကွင်းဆင်းတုန်းကဆိုရင်၊ မြေပုံပေါ်မှာ သိပ်ကိုအသုံးဝင်တဲ့ လမ်းညွှန်အမှတ် အသားလေးတွေလည်း ဖြစ်တယ် လေ။
အခုဒီတောင်ထိပ်မှာတော့ ထူးထူးခြားခြား၊ လက်ဝါးကပ်တိုင်ကြီးတခု၊ ထီးထီးမားမားကြီးရှိနေတာကို၊ မြင်လိုက်ရတယ်။
နော်ဘူဘောတောင်က ဆုတောင်းပြည့်တောင်လို့ သူပြောလာတော့၊ ဆုတောင်းစရာတွေအမြဲပြည့်နေတဲ့ ကျမအတွက်၊ သာမန်ကာ
လျှံကာတော့ စိတ်ဝင်စားသွားတယ်။
အဲဒီတောင်ကိုအတူတက်ဖို့ save ထားတယ်လို့ ထပ်ပြောလာတော့၊ သူ့မျက်ဝန်းထဲကို အသေအချာစိုက်ကြည့်ပြီး၊ အ လေးအနက် ကတိတခုပေးလိုက်မိတော့တယ်။
တောင်ငူသားဖြစ်တဲ့သူက၊ တောင်ငူကနေ နေ့ချင်းပြန်ခရီးပဲရှိတဲ့၊ သံတောင်ကြီး တော်ပေါ်စခန်းမြို့လေးကို၊ ငယ်ငယ်က လေးဘဝက သူ့မိခင်ဆရာမတာဝန်ထမ်းဆောင်ရင်း တခါ၊ လူပျိုပေါက်မှာတခါ၊ နှစ်ခါလောက် ရောက်ခဲ့ဖူးပေမဲ့၊ သံ တောင်ကြီးကနေမှ၊ ပေ ၄ဝဝဝ ကျော်ရှည်တဲ့၊ တောင်ပတ်လမ်းနဲ့ ဆက်တက်ရမဲ့၊ နော်ဘူဘောတောင်ပေါ်ကိုတော့ တခါ မှမရောက်ဖူးသေးလို့ ရောက်ဖူးချင်နေ တာ တဲ့လေ။
ခုတော့၊ သူတို့နှစ်ယောက်လုံး ဆုမတောင်းရသေးခင်မှာကို၊ ဆုတောင်းပြည့်လေပြီ။
မိုးတွင်းကြီးတောင်ပေါ်တက်ဖို့ လာငှါးတဲ့လူတွေကို၊ ကားသမားက၊ အံ့သြတကြီး ကြည့်လိုက်သေးတယ်။ ပြီးတော့ “ရပါတယ် ကျနော်တို့က ဒီလမ်းတွေကို၊ မျက်စိမှိတ်တောင်မောင်းလို့ရနေပြီ” တဲ့။
သူပြောသလိုဆိုရင်တော့ ဟုတ်သား။ ခုတော့၊ မျက်စိကိုပြူးပြဲနေအောင် ကြည့်နေရတော့တယ်။ မိုးကမရွာသေးပေမဲ့၊ မိုးငွေ့မြူမှုန်တွေနဲ့ ဖုံးပိတ်နေတဲ့၊ တောင်တန်းတောင်စွယ်တွေက၊ ရှေ့ကဘွားကနဲထွက်လာတဲ့၊ အကွေ့ကိုတောင် မမြင်ရ ချင်။ တော်နေသေးတာက၊ အတက်လမ်းနဲ့အဆင်းလမ်း သပ်သပ်စီ ခွဲထားပေလို့သာ။
မတော်လို့များ၊ ဘေးက ချောက်ထဲပြုတ်ကျရင်တော့ ဆိုတဲ့၊ စိုးရိမ်စိတ်ပါးပါးလေးကို၊ ကျေနပ်ရွှင်လန်းစိတ်တခုက၊ လွှမ်း မိုးအုပ်စိုး နေလို့သာပေါ့။ တကယ်တော့၊ အဲဒီခဲပြာရောင်အခိုးအငွေ့တွေက၊ သူတို့နဲ့အတူ၊ တောင်ပေါ်ကို အတူလိုက် တက်လာတဲ့၊ မိုးတိမ် တိုက်တွေဆိုတာ၊ တောင်ပေါ်ရောက်မှပဲ၊ သိလိုက်ရသည်။
ငါ့အိမ်ကို လူအမျိုးမျိုးဆုတောင်းရာအိမ်ဟူ၍ ခေါ်လတ္တံ့ (ဟေရှာယ-၅၆း၇) လို့ စာတမ်းလေးရေးထားတဲ့၊ အုပ်တိုက်အ ဆောက်အဦ လေးရှေ့မှာ၊ ကားရပ်ပြီး၊ ဆင်းလိုက်ကြတော့၊ တကိုယ်လုံးစိုစွတ်နေသလို ဖြစ်နေတယ်။ ချမ်းလိုက်တာ လည်း အခိုက်ပဲ။ ဒါပေမဲ့ လက်ဖြန့်ခေါင်းမော့ကြည့်တော့၊ မိုးရွာနေတာလည်းမဟုတ်ဘူး။ မိုးများရွာလေမလားလို့ မျှော်ပြီး မော့ကြည့်စရာကိုမလိုတဲ့၊ ရေငွေ့ မိုးတိမ်တွေရဲ့အထဲမှာကို၊ ရောက်နေတာလေ။
တိုက်ကလေးထဲက ထွက်လာတဲ့၊ သင်းအုပ်ဆရာလို့ထင်ရတဲ့၊ ကရင်လူကြီးတယောက်က၊ အတူပါလာတဲ့၊ သူ့ရဲ့မိခင် (မားမီ) ကို၊ ငယ်ပေါင်းကြီးဖော်တယောက်လို၊ ဝမ်းသာအားရ၊ ကရင်စကားနဲ့ နှုတ်ဆက်ပြီးတော့မှ၊ တခြားဧည့်သည်တွေ ကို လှမ်းကြည့်ရင်း ဒီနေ့ တိမ်တွေတအားထူတယ်လေလို့၊ ဗမာလို၊ လှမ်းပြောတယ်။ တခြားဧည့်သည်ဆိုတာလည်း ကိုယ်ရယ်၊ သူရယ်၊ မားမီ့ ညီမတ ယောက် ရယ်၊ ကားသမားကြီးရယ် ပါပဲ။
ပြီးတော့ သင်းအုပ်ဆရာရဲ့ အိမ်သူဖြစ်ပုံရတဲ့၊ အမျိုးသမီးက၊ သူတို့ကို၊ တောင်ထွတ်ပေါ်လမ်းပြပြီး လိုက်ပို့တယ်။ တောင် ထွတ်ပေါ် တက်တဲ့ အုပ်လှေခါး ၃၁၁ ထစ်ကို၊ ၁၉၉ဝ နောက်ပိုင်း၊ ထောင်ထိပ်မှာ လက်ဝါးကပ်တိုင်စိုက်ထူပြီးမှ၊ ဖြည်း ဖြည်းချင်း၊ စုပေါင်း အလှူငွေတွေနဲ့ လုပ်ထားတာဖြစ်ကြောင်း၊ ပြောပြတယ်။ မိုးငွေ့တွေနဲ့ စိုစွတ်နေတဲ့လှေခါးထစ်တွေကို သတိထားပြီးတက်နေတုန်း၊ လေပြင်းတချက်နှစ်ချက်ဝှေ့လာတယ်။ လူတောင်ယိုင်သွားမတတ်ပဲ။ ဘေးကိုကြည့်တော့ လည်း၊ ဘာမှမမြင်ရတဲ့၊ လျှိုမြောင် တောင် ကြား ချောက်ကမ်းပါးကြီးတွေ။ နော်ဘူဘောတောင်က၊ ပေပေါင်း ၄၈ဝဝ ကျော် မြင့်တယ်ဆိုတော့၊ ကျိုက်ထီးရိုးတောင်နဲ့ ကျောက်လုံး ပေါ်က ဆံတော်ရှင်စေတီကြီးကို သွားသတိရလိုက်မိတယ်။ ကျိုက် ထီးရိုးက နန်းရွှေကျင်နဲ့ ဟောဒီက နော်ဘူဘော၊ ကရင်မလေး နှစ် ယောက်ရဲ့ ဘဝဖြစ်ထွေတွေက ဆင်ဆင်တူပေမဲ့၊ မိုး ပေါ်ကို ထိုးထွက်နေတဲ့ တောင်နှစ်လုံးရဲ့ အနေအထားခြင်းကတော့ အဆင်ကွဲ တယ်လို့ပဲ ဆိုရမယ်ပေါ့။
ထုံးစံအတိုင်း၊ နော်ဘူဘော ဒဏ္ဍာရီလေးမှာလည်း၊ အချစ်နဲ့အာဏာ ပါပဲ။ လူတွေရဲ့ဘဝတွေကို အခြယ်လှယ်နိုင်ဆုံး အ ရာတွေလေ။ ဟောဒီ ဘွယ်ဟီခိုလို့ခေါ်တဲ့ ဘွဲ (ကရင်) လူမျိုးတွေနေထိုင်ကြတဲ့၊ တောင်တန်းကြီးတွေကို ပိုင်စားတဲ့ တောင်များသခင်ရဲ့ သား၊ တောင်မင်းသား စောသာဂေါ်ခွါးနဲ့ ဟိုးအဝေးက ပင်လယ်များသခင်ရဲ့သမီးတော်၊ ပင်လယ် မင်းသမီး နော်ဘူဘော တို့ ချစ်ခင်စုံဖက် မိတ်ဖက်ပြုကြတယ်ပေါ့။ နော်ဘူဘော ဖက်ကပါတဲ့ ရွှေဘီးလေးတချောင်း ကြောင့်၊ တောင်မင်းသားလေးက စစ်တိုက်တိုင်းအနိုင် ရတယ်တဲ့။ တနေ့တော့၊ ရွှေဘီးလေးကိုနင်းပြီး စစ်တိုက်နေရာက၊ ခေါင်းပေါ်ပြန်တင်လိုက်တဲ့အချိန်မှာ၊ မသေဘဲကျန်နေတဲ့ ရန်သူ တယောက်ရဲ့ မြားချက်နဲ့ မင်းသားလေး သေရော ဆိုပါ တော့။ သူစိမ်းတွေကြားထဲ၊ အားကိုးရာမဲ့သွားတဲ့ မင်းသမီးလေးဟာ၊ ဟိုဟိုဒီဒီ မလိုမုန်းထား စွပ်စွဲချက်တွေနဲ့အတူ၊ ဟော ဒီတောင်ထိပ်ပေါ်မှာ၊ အချုပ်အနှောင်ခံ၊ အပြစ်ပေးရင်း သေသွားရတယ်တဲ့လေ။
လိုက်ပြတဲ့အမျိုးသမီးက၊ နော်ဘူဘောကို ချုပ်နှောင်ထားခဲ့တယ်ဆိုတဲ့ ကျောက်လုံးကြီးတွေအုပ်မိုးနေတဲ့ တွင်းပေါက် လေးကိုပြပြီး၊ တောင်အောက်ကိုပြန်ဆင်းသွားပြီ။ အဲဒီအချိန်မှာ၊ လေတွေပိုပြီးကြမ်းလာတယ်။ မားမီက နာဂစ်အတိုင်း ပဲလို့ ပြောတော့၊ ဆုတောင်း ဖို့လုပ်ထားတဲ့ အုပ်တိုက်ကလေးထဲကို အမြန်ပြေးဝင်ကြတယ်။ အထဲကိုရောက်တာနဲ့ လေ တွေဆိုတာ တဝုန်းဝုန်းနဲ့ ဘယ်နေရာက ဘာသံတွေမြည်ဟည်းနေမှန်းကို မသိတော့ဘူး။အားလုံး တိတ်တိတ်ဆိတ်ဆိတ် ညိမ်ပြီး ဆုတောင်းနေတဲ့အချိန်မှာ၊ စိတ်ထဲကြောက် သလို၊ စိုးသလိုဖြစ်နေတယ်။ နော်ဘူဘော သခင်မရှင် တကယ်အ စွမ်းရှိရင်၊ ကျမတို့ကို နေရောင်ခြည်လေး တမျှင် လောက် အရင် ပေးသနားပါလို့၊ လောလောလတ်လတ်၊ အရေးကြီးဆုံး ဆုကို တောင်းနေမိတယ်။
လေတွေကတော့၊ တဝုန်းဝုန်းတဒုန်းဒုန်းပဲ။ ခုနပြောပြတဲ့ဒဏ္ဍာရီထဲကလို၊ သူ့သမီးလေးသေသွားလို့စိတ်ဆိုးတဲ့၊ ပင်လယ် ဘုရင်ကြီးက လာတိုက်လိုက်၊ တောင်တန်းဘုရင်ကြီးက ပြန်တိုက်လိုက်နဲ့များ ဖြစ်နေလေရော့သလား။ တကယ့်ကိုပဲ၊ ပင်လယ်တွေဆီကလာတဲ့၊ ရေခိုးရေငွေ့တွေလေ ၊ စိတ်ဆိုးမာန်ဆိုးနဲ့ကို၊ တောင်တွေဆီကို၊ အော်ပြီးပြေးလာနေတာ။ မားမီကတော့ ပြောပြတယ်။ ပုံမှန်ဆို သုံး ပန်လှလို့ခေါ်ကြတဲ့ နေရာတဲ့။ တိမ်တွေဖုံးသွားလိုက်။ နေရောင်ခြည်လေး လင်း လိုက်။ မြူငွေ့တွေ ဖြတ်ပြေးသွားလိုက်နဲ့တဲ့လေ။ ခုတော့၊ ဘာဆိုဘာမှကိုမမြင်ရအောင် မှုန်မှိုင်းချမ်းစိမ့်နေလေတော့ နော်ဘူဘောရေ နေရောင်ခြည်လေးတမျှင်လောက်သာ အရင်ပြပါလို့ ထပ်ကာထပ်ကာ ကျိတ်ပြီး ဆုတောင်းနေမိတော့ တယ်။
လေနည်းနည်းညိမ်သွားတယ်လို့ ထင်ရတော့မှ၊ အပြင်ထွက်ပြီး၊ ရှိတဲ့အလင်းရောင်နဲ့ပဲ၊ ဓါတ်ပုံရိုက်ကြတယ်။ ကင်မရာ မှန်ဘီလူးကို သုတ်လိုက်ရိုက်လိုက်ပဲ။ ကမ္ဘာကြီးရေကြီးခဲ့တဲ့တချိန်မှာ၊ တောင်ထိပ်မှာ တင်ကျန်ခဲ့တယ်ဆိုတဲ့၊ နောဧရဲ့ သဘောင်္ကြီးကို၊ ပုံပမာယူပြီး၊ ဆောက်ထားတဲ့၊ သဘောင်္ဦးပိုင်းကြီးငေါထွက်နေတဲ့ နေရာမှာ၊ မတ်တပ်ရပ်ပြီး၊ လောကတ ခွင်တပြင်လုံးကို၊ မိန့်မူးနေမိတယ်။
တောင်တောင်ဝန်းကျင်ရှုခင်းတွေကို ဘာရယ်မှသဲသဲကွဲကွဲ မမြင်နေရပေမဲ့လည်း၊ နော်ဘူဘောတောင်ကြီးရဲ့ အမြင့်ဆုံး နေရာမှာ တက်ပြီး ရပ်ကြည့်လိုက်ရတယ်ဆိုတဲ့ အရသာက၊ ဘာနဲ့မှမတူ။ နော်ဘူဘောဆိုတဲ့ တကယ်ရှိခဲ့ဖူးမဲ့၊ အမျိုးသမီး တယောက်ကို၊ စိတ်မှန်းနဲ့မြင်ယောင်ကြည့်မိတယ်။ အဲဒီလိုတုန်း၊ နေရောင်လေး လျှောကနဲလင်းသွားသလို ခံစားလိုက်ရ တယ်။ စိတ်ထဲမှာ ဘာရယ် လဲမသိ၊ လှုပ်ရှားသွားတယ်။ ဝမ်းသာအားရနဲ့ ကျန်တဲ့သူတွေကို လှမ်းပြောမလို့လုပ်တုန်း၊ လေတွေ တဝုန်းဝုန်း တိုက်လာပြန်တယ်။ ဘာပဲပြောပြော သဘာဝပတ်ဝန်းကျင် တောတောင်ရေမြေရဲ့၊ ကြီးမားဆန်း ကျယ်လှတဲ့ အရှိန်အောက်မှာ၊ အဟုန်တခုရှိနေတာကို တော့ခံစားလို့နေရသည်။ ဒါကပဲ လူသားတွေနဲ့ သဘာဝကြီးအ ကြား၊ အသံတိတ်ဆက်သွယ်မှု တခုလေလား။
သူတို့တွေ၊ လှေခါးထစ်တွေအောက်၊ ဆင်းလာတော့၊ အခုနတိုက်တဲ့ လေကြမ်းတွေထဲမှာ၊ မိုးတိမ်တချို့ မျောပါလွင့်တက် သွားလို့ ထင်ရဲ့ မိုးစက်အမှုံအမွှားလေးတွေ၊ ကိုယ်ပေါ်ကျစပြုလာသည်။ သူတို့ကိုယ်သူတို့ ဒရဝမ်လင်မယားလေလို့ ရီရီ မောမောပြောရင်း စောင့်ကြိုနေတဲ့၊ သင်းအုပ်ဆရာလင်မယားက၊ သူတို့နေတာက ဟိုးဖက်တောင်ခြေမှာဖြစ်ပြီး၊ နေ့တိုင်း ဒီမှာ ဝေယျာဝစ္စလာလုပ်တာလို့ ပြောပြတယ်။ အုပ်တိုက် ဇရပ်ကလေးထဲမှာ၊ ဧည့်ခန်း၊ အိမ်သာတွေကို၊ အသေအချာ အကျအန လုပ်ထားတာတွေ့ရသည်။ ရာသီဥတု သာယာတဲ့ မတ်လတို့ ဧပြီလတို့ဆိုရင်တော့၊ ဒေသတဝိုက်က၊ လူမျိုးစုံ၊ ဘာသာစုံ၊ လာပြီးတောင်တက်ရင်း၊ ဆုတောင်းကြတာ၊ တော် တော်များတယ်လို့ ဆိုတယ်။ အလှူငွေပေးရင်း၊ နော်ဘူ ဘော သမိုင်းစာအုပ်ကလေးတအုပ်ကို ကောက်ကိုင်လိုက်သည်။ စာအုပ် ပေါ်မှာရေးထားတဲ့ ဆရာ့နာမည်က၊ ‘Rev နေဘ လု’ တဲ့။ ဘာအဓိပ္ပါယ်လည်းတော့မသိ။ “ဒါဘလု” လို့ ပြောပြီးနှတ်ဆက်ခဲ့တယ်။ ဒါဘလုဆိုတာက ကျေးဇူး ဆိုတာတော့ သိသည်လေ။
မိုးတွေသည်းစပြုလာတဲ့ အဆင်းလမ်းမှာ၊ မားမီက၊ သူဆရာမလုပ်ခဲ့ဖူးတဲ့၊ စာသင်ကျောင်းလေးကို၊ လက်ညိုးထိုးပြရင်း၊ သူတို့ငယ်ဘဝ တွေနဲ့ သံတောင်ကြီးရဲ့သမိုင်းကြောင်းတွေကို ရောနှောပြီး၊ အားရပါးရကို၊ စားမြုံ့တွေပြန်လို့။
သံတောင်ကြီးကို၊ အင်္ဂလိပ်တွေ မြန်မာပြည်ဝင်တော့၊ ပထမဆုံး၊ တောင်ပေါ်အပမ်းဖြေစခန်းမြို့ လုပ်ဖို့ကြိုးစားတာလို့ ဆိုသည်။ မှတ်လိုအကောင်မျိုးတွေ၊ ပေါများလွန်းတာကြောင့်၊ ရောက်လာတဲ့ အင်္ဂလိပ်အရာရှိကတော်တွေမှာ၊ ယားယံအ နာတရတွေဖြစ်ပြီး၊ မနေနိုင်ဘဲပြေးကြရသတဲ့။ နောက်မို့ဆို၊ မေမြို့လိုဖြစ်နေပြီလို့ မားမီက၊ လွမ်းလိုက်သေးတယ်။ ခုလည်း မေမြို့လိုပါပဲလေလို့၊ ကားသမားကြီးက၊ စကားဝင်ထောက်ရင်း၊ ဒီကနေ ဆက်တက်ရင်၊ စစ်သင်တန်းကျောင်း အသစ်ကြီးတခု ရှိကြောင်း လက်ညိုးညွှန် ပြတယ်။ စနေတနင်္ဂနွေတွေဆို၊ မြို့ပေါ်ကို အားချင်းဆင်းလည်တဲ့၊ စစ်ဗိုလ်တွေ ကြောင့်၊ သူတို့ကားသမားတွေ၊ အတော်အလုပ် ဖြစ်တယ်ဆိုပဲ။ ပြောနေတုန်းပဲ၊ မိုးရေတွေစိုစိထဲမှာ၊ ခြေလျှင်ကင်းလှည့် နေတဲ့၊ စစ်သားလေးတချို့ကို တွေ့လိုက်ရသည်။ ငယ်ငယ် တုန်းကတော့၊ ဒီဒေသတွေဟာ၊ အညိုရောင်နယ်မြေတွေလို့၊ ကြားဖူးခဲ့သည်ပဲ။ ခုတော့ ဘာအရောင်ကိုပြောင်းသွားပြီလည်း မသိ။ ပတ်ဝန်းကျင်တခုလုံး စိမ်းစိုနေတာကိုသာ၊ သဘော ကျနေမိသည်။
တောင်အဆင်းလမ်းက၊ တဖြည်းဖြည်း အောက်ရောက်လာတာနဲ့အမျှ၊ မိုးမြူတွေ ရှင်းလာတာကြောင့်၊ တောင်စောင်းတွေ မှာ စိုက်ထား တဲ့၊ လက်ဖက်ခင်းတွေကို၊ မြင်လာရသည်။ လမ်းဘေးဝဲယာတချို့နေရာတွေမှာ၊ ရွာသားတချို့ကို ခပ်ကျဲကျဲ တွေ့ရတယ်။ တချို့ ခြေလျှင်ဖိနပ်ပင်မပါ၊ မိုးရေထဲမှာ။ တချို့ကတော့၊ တရုတ်ဆိုင်ကယ်လေးတွေနဲ့ မိုးကာဂျာကင်နဲ့ လမ်းဘေးခြုံစပ်တွေမှာ၊ တောထပြီး အလေ့ကျလိုပေါက်နေတဲ့၊ အရွက်ရှည်ရှည်နဲ့ အပင်လေးတွေကို၊ လက်ညိုးထိုးရင်း၊ အဲဒါ ဖာလာပင်တွေလို့၊ ဘေးမှာထိုင်နေတဲ့ တောင်ငူသားက၊ အားတတ်သရောပြရှာတယ်။ သူအမြဲတမ်း ပြောပြောနေ လေ့ရှိတာလေ။ ဒီဒေသမှာ၊ မိရိုးဖလာ လုပ်ကိုင်စား သောက် နေတဲ့၊ ဖာလာတောင်သူတွေ၊ တဖြည်းဖြည်းနဲ့ နယ်မြေတွေ ပျောက်လာကုန်တာတို့။ IDP တွေ ဖြစ်ကုန်တာတို့။တောင်သူဆိုတော့လည်း ယာသမားတွေလောက်တော့၊ တပင်တပန်း လုပ်စရာလိုပုံမပေါ်။ တနှစ်တခါ ဖာလာခူးချိန်မှ၊ ခူးပြီးမြို့တက်ရောင်းယုံ။ ရိုးရိုးရှင်းရှင်း ရောင့်ရောင့်ရဲရဲနဲ့၊ ဘဝကိုရှင်သန် နေထိုင်ကြတဲ့ လူတွေအတွက်၊ ကမ္ဘာကြီးမှာ၊ နေရာတွေကျဉ်းလာနေပြီလားလို့သာ၊ တွေးနေမိတယ်။ တနေရာမှာ၊ သက် ရင့်ကျောက်တောင်တွေအကြား၊ မီးသင့်ကျောက်ကျောကြီးတခု၊ လှလှပပကြီးတိုးဝင်နေတဲ့၊ Query အဟောင်းတခု ကို တွေ့တော့၊ နှစ်ယောက်သား၊ မနေနိုင်ဘူး။ ကျောက်လှလှဆန်းဆန်းဆိုရင်၊ ဆမ်ပဲလ်ကောက်တာ အကျင့်ပါခဲ့ သူနှစ် ယောက်မို့၊ ကား ရပ်ခိုင်းပြီး၊ အပြေးဆင်းကြည့်ကြသေးတယ်။
တောင်ဆင်းလမ်းတွေပြေလာပြီး၊ မြေပြန့်ရောက်စပြုပြီ။ ကျွန်းစိုက်ခင်းကြီးတွေတွေ့လာရသည်။ သူတို့အလုပ်လုပ်နေ တုန်းက စိုက်ခါ စတွေဆိုတော့ အခု အနှစ်လေးဆယ်သားတွေလောက်တော့ ရှိပြီလို့၊ မားမီက၊ ခန့်မှန်းသည်။ တဖြည်း ဖြည်းနဲ့ အိမ်ခြေတွေစိပ် လာ သည်။ သံတောင် (၁၃) မိုင်ကိုတောင်ကျော်ခဲ့ပြီ။ လမ်းဘေးတဖက်တချက်မှာ၊ ဒူးရင်းသီးတွေ ပုံပြီးရောင်းနေတာတွေ့လို့၊ ကားသမား ကြီးကို ရပ်ခိုင်းရသည်။ သံတောင်ဒူးရင်းနာမည်ကြီးလို့ စားချင်တယ်ဆိုတဲ့၊ မေမေ့ အတွက်၊ ဒူးရင်းသီးဝယ်လိုက်အုံးမည်။ သံတောင် အလွန် ဘောဂလိရွာကထွက်တာလို့ ပြောသည်။
ကျောက်တုံးကျောက်ခဲတွေကြောင့် ပိုပြီးလှနေတဲ့၊ ပသိချောင်းကိုကျော်လာတော့၊ နော်ဘူဘောတို့ရဲ့ သဘာဝရင်းမြစ် တွေ ကြွယ်ဝ နေတဲ့၊ ကရင်ပြည်နယ်က၊ အနောက်မှာ ကျန်ခဲ့လေပြီ။
ရှေ့ကိုဆက်ရမဲ့ခရီးကတော့၊ နော်ဘူဘောတောင်ပေါ်မှာ ဆုတောင်းခဲ့တဲ့၊ များပြားလှသော၊ ဆန္ဒများနှင့်ပေါ့။
ကေ
(၆နာရီ၄၃မိနစ်)
၁၂ရက်ဇူလိုင်၂ဝ၁၂
Ref:
Monday, July 16, 2012
နော်ဘူဘော
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment