ဖောင်ဖောင်(မြစ်မခ)
16 Jul, 2012
မြန်မာအစိုးရနှင့် ပြည်ထောင်စုအဆင့်အပစ်ခတ်ရပ်စဲရေးသဘောတူညီထားသည့်ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ ဆက်ဆံရေးရုံးများအားဇူလိုင်လအတွင်း တရားဝင် ဖွင့်လှစ်တော့မည် ဖြစ်သည်။
“အားလုံးအတွက်နေရာတွေကတော့ ကျွန်တော်တို့ စီစဉ်ထားပြီးသွားပါပြီ၊နေ့ရက်က ဘယ်နေ့ဖွင့်ဖြစ်မလဲဆိုတာတော့ မဆုံးဖြတ် ရ သေးဘူး။ ဒီလအတွင်းမှာပဲဆက်ဆံရေးရုံး(၃)ခုကို တရားဝင်ဖွင့်မှာတော့ သေချာပါတယ်”ဟု KNPP( Karenni National Progressive Party) အတွင်းရေးမှူး ခူးဦးရယ်က ပြောသည်။
လွိုင်ကော်မြို့တွင် ဆက်ဆံရေးရုံးချုပ်အဖြစ်ဖွင့်လှစ်ပြီးရှားတောနှင့်ဖားဆောင်းမြို့များတွင် ရုံးခွဲအဖြစ် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရုံးချုပ်တွင် KNPP ဗဟိုကော်မတီဝင်ခူဒယ်နီယာနှင့်ကရင်နီပြည်တပ်မတော်စစ်ရေးချုပ်ဗိုလ်မှူးကြီးဘုန်းနိုင် တို့နှစ်ဦးအားကြီးကြပ်သူများ အဖြစ်ထားရှိမည်ဖြစ်ကြောင်းနှင့် ရှားတောရုံးတွင်ဗဟိုကော်မတီဝင် ခူးညေးရယ်နှင့် ဖားဆောင်းရုံးခွဲတွင် ပြည်ထဲရေးဌာနမှ ပဒို ဦးကွယ် တို့ အား ထားရှိမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
“တခြားရုံးဝန်ထမ်းတွေအနေနဲ့တော့ ကျွန်တော်တို့တပ်မှူးအပါအ၀င်၊တပ်သားတွေကိုခန့်ထားမှာပါ၊ နောက်ပြီး ဒေသခံ တွေကို လည်းဝင်လုပ်ခွင့်ပြုဖို့ ရှိပါတယ်”ဟု ခူးဦးရယ်က ဆက်ပြောသည်။
ဆက်ဆံရေးရုံးများ ဖွင့်လှစ်ပြီးပါက KNPP လုပ်ဆောင်ရမည့်လုပ်ငန်းများ၊အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်သွားမည့် လုပ်ငန်းများ၊ ဒေသခံ လူထုမှလာရောက်ပေးအပ်မည့် လုပ်ငန်းများကို ဆက်ဆံရေးရုံးများမှ တဆင့် အဓိကလုပ်ဆောင်သွားမည်ဟု၍လည်း သိရသည်။
KNPP သည် ပြီးခဲ့သည့်မတ်လ(၇)ရက်နေ့ကကယားပြည်နယ်လွိုင်ကော်မြို့ပြည်နယ်ဧည့်ရိပ်သာကန္တာရ၀တီခန်းမတွင် အစိုးရရထား ပို့ဆောင်ရေး ၀န်ကြီးဦးအောင်မင်းဦးဆောင်သည့်ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိုယ်စားလှယ် အဖွဲ့တို့သည် ပြည်နယ်အဆင့် ပဏာမအပစ်ခတ်ရပ်စဲရေး သဘောတူညီခဲ့သလို ဇွန်လ (၉)ရက်နေ့တွင် ထပ်မံ၍ပြည်ထောင်စုအဆင့် ထပ်မံ တွေ့ဆုံခဲ့ကြသည့် အဖွဲ့အစည်းလည်းဖြစ်သည်။
Ref: မြစ်မခ
Tuesday, July 17, 2012
ဇူလိုင်လအတွင်း လွိုင်ကော်တွင် တရားဝင်ဖွင့်လှစ်မည့် KNPP ဆက်ဆံရေးရုံး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment