Wednesday, November 28, 2012

အမာရီလိုမြို့ တွင် မဟာဘုံကထိန်ပွဲတော် အောင်မြင်စွာကျင်းပပြီးစီး

27 November 2012

အမေရိကန် ပြည်ထောင်စုရှိ မြန်မာတိုင်းရင်းသားပေါင်းစုံ ဒုတိယအကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန်ပွဲတော်နှင့် ဇေယျသုခ ဓမ္မရိပ်သာ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တနန္ဒ၀ံသ၏ သိက္ခာဆင့်၊ ကံမြင့် အလှူတော် မင်္ဂလာပွဲတော်ကို နိုဝင်ဘာလ ၂၅ ရက် တနင်္ဂနွေနေ့ တွင် နံနက် ၁၁ နာရီမှ ညနေ ၅ နာရီထိ စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

အလှူတော်မင်္ဂလာပွဲကို တောင်ဖက်ခြမ်း တက္ကဆက်ပြည် အမာရီလိုမြို့ ဇေယျသုခ ဓမ္မရိပ်သာ ထေရ၀ါဒ မြန်မာဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း၌ ကျင်းပခဲ့ပြီး မဟာဘုံကထိန်ပွဲနှင့် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တနန္ဒ၀ံသ သိက္ခာဆင့်၊ ကံမြင့် အလှူ မင်္ဂလာပွဲတော်ကို နံနက် ၁၁ နာရီခွဲခန့် အချိန်မှာ စတင်ပြီး ရပ်ဝေး ရပ်နီးမှ ကြွရောက်လာကြသော ပင့်သံဃာတွေကို မဟာ ဘုံကထိန်အတွက် အဟာရဒါန ကျွေးမွေးရေး အလှူရှင်များတွေက စုပေါင်းဆွမ်း ဆည်းကပ်ပူဇော်ကြပြီး ရပ်ဝေး ရပ်နီးက ကြွ ရောက်လာကြတဲ့ ဧည့်ပရိသတ်အပေါင်းကိုလည်း အဟာရ ဒါနတွေနဲ့  ဧည့်ခံကျွေးမွေးကြကြောင်း၊ အလှူရှင်တွေ အတော် များ များတွေ့ ရသလို အလှူရှင်တွေရဲ့ အဟာရ ဒါနများကလည်း မြန်မာတိုင်းရင်းသားပေါင်းစုံတို့ ရဲ့ ရိုးရာ အစားအသောက်မျိုးစုံ ဖုံဖုံလင်လင်ပါရှိကြောင်း အမာရီလိုမြို့ မြန်မာထေရဝါဒ ဗုဒ္ဓဘာသာ အသင်း၏ ပြောရေးဆိုခွင့်ရှိသူ ကိုချစ်ဆွေကအာရကန်တိုင်းစ် သို့ပြောဆိုသည်။

ဆရာတော် အရှင်သူမြတ်များ နှင့် ဧည့်ပရိသတ်အပေါင်းတို့ကို ဆွမ်းအဟာရဒါနများ ကျွေးမွေးဧည့်ခံပြီးနောက် မွန်းလွဲ ၁ နာရီခန့် တွင် ကထိန်ပဒေသာများ၊ ကထိန်သင်္ကန်းများနှင့် လှူဖွယ်ဝတ္ထု အစုစုတို့ ကို အိုးစည် ဒိုးပတ်ဝိုင်းတွေနဲ့ ဘုန်းတော်ကြီးကျောင်း ၀န်းအတွင်း လှည့်လည်ပူဇော်ခံကြပုံကို ကိုချစ်ဆွေက ဆက်လက်ပြောဆိုသည်။

"ကထိန်ပဒေသာပင်မကြီးနဲ့ ကထိန်ပဒေသာပင် အကြီး၊ အငယ် အရွယ်အစားမျိုးစုံတွေအတော့်ကို ပါဝင်ကြပါတယ်။ ဒီဘုန်းကြီး ကျောင်း ကို မြန်မာ ဗုဒ္ဓဘာသာ တိုင်းရင်းသားပေါင်းစုံက ကိုးကွယ်နေကြတာဆိုတော့ မြန်မာတိုင်းရင်းသားပေါင်းစုံက မတူ ကွဲပြားခြားနားကြတဲ့ ပဒေသာပင်အလှမျိုးစုံတွေ ကိုယ်စီနဲ့ အတူ ပအို့ ဝ်တိုင်းရင်း သားတွေက အိုးစည် ဒိုးပတ် ဓားသိုင်း အက ၀ိုင်းတွေနဲ့  နေ့ လည် ၁ နာရီခန့် မှာ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းကို လက်ဝဲရစ် သုံးပတ် လှည့်လည်ပူဇော်ခံကြပါတယ်။ အရမ်းစည်ကားပါတယ်။ အမေရိကန် အပျော်တမ်း သတင်းထောက်တွေလည်း သတင်းလာယူကြပြီး ဗွီဒီယို နှင့် ဓာတ်ပုံမှတ်တမ်းတွေ ရိုက်ယူကြတာ တွေ့ ရပါတယ်" ဟု ကိုချစ်ဆွေက ပြောဆိုသည်။

ကထိန်ပဒေသာများ၊ ကထိန်သင်္ကန်းများ နှင့် လှူဖွယ်ဝတ္ထု အစုစုတို့ ကို အိုးစည် ဒိုးပတ်ဝိုင်းတွေနဲ ဘုန်းတော်ကြီးကျောင်းဝန်း အတွင်း လှည့်လည်ပူဇော်ခံကြပြီးနောက် မွန်းလွဲ ၂ နာရီခန့် တွင် ကိုလိုရာဒိုပြည်နယ် ဒင်ဘာမြို့  ဓမ္မပါလ မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်ကြီးတပါးဖြစ်သည့် ဘဒ္ဒန္တကိတ္တိဓမ္မက " ရေခြားမြေခြားကို ရောက် နေကြမဲ့ ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံဖွား ဘုန်းဘုန်းတို့ တိုင်းရင်းသား တပည့်တကာ တကာမများဟာ ဘာသာသာသနာရေး ပွဲတော်တွေကို ထုံးတမ်းအစဉ်လာမပျက် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပကြတာကို တွေ့ မြင်ရတော့ ဘုန်းဘုန်းက မြန်မာနိုင်ငံက ကထိန်ပွဲ တခုခုကို ရောက်နေသလား ခံစားမိရပါတယ်။ တစ်နှစ်မှ တစ်ခါ ဆက်ကပ် လှူဒါန်းခွင့် ကြုံလာသည့် ဤကထိန်လျှာသင်္ကန်းကို ဆက်ကပ်လှူဒါန်းခွင့် ရသူများအဖို့  အလှူမှာ ကထိန်၊ ကျောင်းမှာ သိမ်၊ ဆွမ်းမှာ ပိဏ်၊ ဘုရားမှာ စိန် ဆိုသလို အမြင့်မြတ်ဆုံးသော ကုသိုလ်ထူးကို ဆည်းပူးခွင့်ရတဲ့အပြင် ကထိန်ခံ ရဟန်းတော်တို့ကို ဘုရားသော်မှ ပယ်ဖျက် ပေးနိုင်စွမ်း မရှိတဲ့ ၀ိနည်းဒေသနာလာ အာပါတ်တချို့ ကိုပင် အာပါတ်မသင့်အောင် တားမြစ် ပယ် ဖျက်ပေးနိုင်ပါတယ်" ဟု ကထိန်ပွဲအကျိုးကျေးဇူး နှင့် ကထိန်သင်္ကန်းလျာ ဆက်ကပ်လှူဒါန်းရခြင်းကြောင်း ရရှိသည့် အကျိုးကျေးဇူးတရားတော်ထဲတွင် ထိုကဲ့သို့ ထည့်သွင်း မိန့် တော်မူသည်။

ညနေ ၃ နာရီခန့် တွင် ကထိန်လျာသင်္ကန်း နှင့် လှူဖွယ်ဝတ္ထုအစုစုတို့ ကို ဆည်းကပ် လှူဒါန်းကြကာ ရေစက်ချ အမျှဝေပြီးနောက် ကထိန်တော်အောင်ပွဲအထိမ်းအမှတ်အနေဖြင့် အမာရီလိုမြို့ မျိုးဆက်သစ် လူငယ်မောင်မယ်လေးများက ရခိုင်ရိုးရာ ဗုဒ္ဓပူဇနိယ ဆီမီးခွက်အက၊ ဝေသာလီခေတ် ဝေသာလီ အက၊ မွန်ရိုးရာယဉ်ကျေးမှု အက နှင့် အငြမ့်သဘင် အဆိုအကများဖြင့် ဖျော်ဖြေ ဧည့်ခံခဲ့ကြသည်။

"ဘာသာသနာအမွေအနှစ်များကို ထိမ်းသိမ်းစောင့်ရှောက် ဖော်ထုတ်ပေးရုံသာမက မြန်မာတိုင်းရင်းသားပေါင်းစုံတို့ ၏ ရိုးရာယဉ် ကျေးမှု ထုံတမ်းအစဉ်အလာ ရှေးဟောင်း အမွေအနှစ် အဆိုအက အလှများကိုပါ ဖော်ထုတ်ပေးတဲ့အတွက် ဗုဒ္ဓဘာသာဝင် မြန်မာ နိုင်ငံသား တစ်ယောက်အနေနဲ ရခိုင်တိုင်းရင်းသား တစ်ယောက်အနေနဲ့ ပါ လေးစား ဂုဏ်ယူ ၀မ်းသာမိပြီး ကျေးဇူးလည်းအထူး တင်ပါ တယ်။ ဒီကျောင်းသား လူငယ်မောင်မယ်လေးတွေဟာ ကျနော်တို့ ရဲ့ အနာဂတ်တွေပါ" ဟု အမာရီလိုမြို့ မြန်မာထေရ ၀ါဒဗုဒ္ဓဘာသာအသင်း၏ တွဲဖက်အတွင်းရေးမှူးဖြစ်သူ ကိုထွန်းတင်အောင်က အာရကန်တိုင်းစ်သို့ ပြောကြားသည်။

မဟာဘုံကထိန်ပွဲတော် နှင့် ဇေယျသုခ ဓမ္မရိပ်သာ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တနန္ဒ၀ံသ၏ သိက္ခာဆင့် ကံမြင့် အလှူတော် မင်္ဂလာပွဲတော်ကို အမေရိကန်ပြည်ထောင်စု ပြည်နယ်အသီးမှ ပင့်သံဃာ ၅ ပါး၊ ကျောင်းရှိ သံဃာ ၃ ပါး နှင့် ဧည့်ပရိတ်သတ် စုစုပေါင်း ၃၀၀ နီးပါး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ပွဲတော်ကို အမာရီလိုမြို့ မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာအသင်းမှ ဦးဆောင်ဦးရွက်ပြုလုပ်ကာအမာရီလိုမြို့ အနီးအတ၀ိုက် မှီ တင်းနေထိုင်လျက်ရှိကြသည့် ပြည်ထောင်စုဖွား မြန်မာတိုင်းရင်းသားများ မိသားစု၏ ၀ိုင်းဝန်းပံ့ပိုးကူညီမှုဖြင့် စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပခဲ့ကြပြီး ညနေ ၅ နာရီခွဲခန့် တွင် အောင်မြင်စွာ ပြီးဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

Ref: အာရ်ကန်တိုင်းမ်

0 comments:

အပေါ်သို့