Wednesday, November 28, 2012

နယ်သာလန်ရောက် ရခိုင်များ ပူးပေါင်းဆောင်ရွက်ရေး ကော်မီတီဖွဲ့

November 27, 2012

ရခိုင်အရေး အင်တိုက် အားတိုက် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး နယ်သာလန် နိုင်ငံရောက် ရခိုင်အမျိုးသားများက ပူးပေါင်း ဆောင်ရွက်ရေး ကော်မီတီ တစ်ခုကို ဖွဲ့စည်းလိုက်သည်ဟု သတင်း ရရှိသည်။

နိုဝင်္ဘာလ ၂၄ ရက်နေ့က ပြုလုပ်သော နယ်သာလန်ရောက် ရခိုင်များ တွေ့ဆုံဆွေးနွေးပွဲတွင် တက်ရောက်လာသူ အားလုံး၏ သဘောတူညီမှုဖြင့် အဆိုပါ ကော်မီတီကို ဖွဲ့စည်းနိုင်ခဲ့ခြင်း ဖြစ် သည်ဟု အိန္ဒိယထောင်မှ လွှတ်မြောက်လာပြီး နယ်သာလန်နိုင်ငံတွင် နေထိုင်ခွင့်ရထားသူ ကိုဓညလင်းက ပြောသည်။

“အဓိကတော့ ကျွန်တော်တို့ ရခိုင်ပြည်ဟာ အလွန်ကြီးမားတဲ့ အန္တာရယ်ဘေးနဲ့ ရင်ဆိုင်နေရတယ်။ ဒီအရေးကို ကာကွယ်ရန်နဲ့ ကျော်လွှားနိုင်ဖို့ဆိုရင် တကမ္ဘာလုံးရှိ ရခိုင်တမျိုးသားလုံး စုစုစည်းစည်း ညီညီ ညွှတ်ညွှတ်နဲ့ လုပ်ကိုင်ဖို့ လိုတယ်။ ဒါကြောင့် ဒီ ပူပေါင်းဆောင်ရွက်ရေး ကော်မီတီကနေ ဒီလို ဖြစ်နိုင်အောင်ထိ ကြိုးပမ်းသွား ဆောင်ရွက်သွားဖို့ဆိုတဲ့ မျှော်မှန်းချက်နဲ့ ဖွဲ့စည်းရ တာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

နယ်သာလန် နိုင်ငံတွင် ရခိုင်အမျိုးသား အမျိုးသမီး ၅၃ ဦး ရှိရာ ထိုအထဲမှ လူပေါင်း၃၈ ဦး တက်ရောက်ခဲ့သည်ဟု သိရသည်။

“ အဓိကတော့ အိန္ဒိယကနေ ရောက်ရှိလာတဲ့ တော်လှန်ရေးသမား ၂၂ ဦးကနေ ကမကထ လုပ်ပြီး ဒီတွေ့ဆုံပွဲကို ပြုလုပ်တာ ဖြစ်ပါတယ်။ နယ်သာလန်မှာရှိတဲ့ ရခိုင်အများသားတွေကြားထဲမှာ လက်ရှိ အခြေအနေထက် ပိုမို စည်းလုံးညီညွှတ်ပြီး ရခိုင်ပြည် နယ်မှာ ဖြစ်နေတဲ့ လက်ရှိ အခြေအနေတွေကို အနီးကပ် စောင့်ကြည့်ကာ ဒီထက်မက ရခိုင်အရေးကို ပိုမို ဆောင်ရွက်နိုင်ရေး အတွက် ရည်ရွယ် ပြုလုပ်တာ ဖြစ်ပါတယ်” ဟု ဆိုသည်။

နယ်သာလန်နိုင်ငံတွင် ရခိုင်အရေးနှင့် ပတ်သက်ပြီး ပေါ်ပေါက်လာ အရေးကိစ္စများကို ယခု ဖွဲ့စည်း လိုက်သော ပူးပေါင်းကော်မီတီမှ ဦးဆောင် ပြုလုပ်သွားမည် ဖြစ်ပြီး လစဉ်ကြေးများ ကောက်ယူခြင်း၊ သုံးလတစ်ကြိမ် (သို့မဟုတ်) ခြောက်လ တစ်ကြိမ် အစည်း အဝေးများ ခေါ်ယူပြီး ရခိုင် အရေးကိစ္စများ ကို ဆောင်ရွက် လုပ်ကိုင်သွားမည်ဟု ဆိုသည်။

နိုင်ငံတကာတွင် ရောက်ရှိနေသော ရခိုင်အမျိုးသားများ အကြားတွင် အဖွဲ့အစည်းပေါင်း များ စွာ ပေါ်ပေါက်နေပြီး အဆိုပါ အဖွဲ့ အစည်းများအား တစ်ခုတည်းသော အဖွဲ့အစည်း အဖြစ် ပြုလုပ်ရန် မှာ မလွယ်ကူသော်လည်း ယခုလို ပူးပေါင်းကော်မီတီ ဖွဲ့စည်း ပြုလုပ်ခြင်းဖြင့် လူတိုင်းပါဝင်နိုင်ပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင် နိုင်သည်ကို ပြသလို၍လည်း ယခု ပူးပေါင်း ကော်မီတီကို စံပြ အနေဖြင့် ဖွဲ့စည်း လုပ်ကိုင်ရခြင်း ဖြစ်သည်ဟု ကိုဓညလင်းက ဆက်လက် ပြောကြားသည်။

ထိုမှတဆင့် တကမ္ဘာလုံးရှိ ရခိုင်တမျိုးသားလုံး ညီညွတ်ရေးကို ရည်ရွယ် ပြုလုပ်သွား မည်ဟုဆိုသည်။

ပူးပေါင်း ဆောင်ရွက်ရေး ကော်မီတီတွင်အဖွဲ့ဝင်များအဖြစ် ဦးကျော်သိန်း၊ ကိုညီညီထွေး၊ ကိုရန်နိုင်စိုး၊ ကိုဓညလင်း၊ ကိုသန်းစိုး၊ ကိုအောင်ကျော်မိုး၊ ကိုမင်းမင်းထွီး၊ ကိုဌေးဝင်း၊ ကိုမျိုးမြတ်၊ ဘယ်လ်ဂျီ ယံမှတစ်ဦး ပါဝင်သည်ဟု သိရသည်။

တွေ့ဆုံပွဲအား နယ်သာလန် နိုင်ငံ De Lange Slagen, Wijheတွင် ပြုလုပ်ခဲ့ပြီး နေ့လည် ၁၂ နာရီမှ ညနေ ၆ နာရီ ပြုလုပ်ခဲ့သည်ဟု သိရသည်။

Ref: နိရဉ္စရာ

0 comments:

အပေါ်သို့