Tuesday, January 29, 2013

သတင်းလွတ်လပ်ခွင့်ကို အာမခံသည့် ဥပဒေ ဖြစ်ရေး မီဒီယာသမားများ တောင်းဆို

သာလွန်ဇောင်းထက်
January 28, 2013

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က ရေးဆွဲထားသော ပုံနှိပ်နှင့် သတင်းမီဒီယာ ဥပဒေမူကြမ်းကို ပထမဆုံးအကြိမ် အဖြစ် သတင်းမီဒီယာ သမား များထံ ချပြဆွေးနွေးခဲ့ရာ သတင်းလွတ်လပ်ခွင့်ကို ကာကွယ်အာမခံသော ဥပဒေအဖြစ်ရေး အတွက် စာနယ်ဇင်းသမားများက တောင်းဆိုကြသည်။

သမ္မတ ဦးသိန်းစိန်က ဖွဲ့စည်းပေးထားသော မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က ယမန်နေ့တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ဘဏ်များအသင်း အဆောက်အအုံ၌ ပုံနှိပ်နှင့် သတင်း မီဒီယာဥပဒေမူကြမ်းကို သတင်းမီဒီယာသမားများနှင့် စာနယ်ဇင်းသမားများထံ ဖြန့်ဝေပြီး အကြံဉာဏ်များ တောင်းခံခဲ့ရာ သတင်းသမားများက သတင်းလွတ်လပ်ခွင့်ကို အာမခံရေး၊ လွတ်လပ်စွာ သတင်းရယူခွင့်ရှိရေးနှင့် သတင်းသမားများ အပါအ၀င် နိုင်ငံသားများ၏ အခွင့် အရေးကို ပိတ်ပင်ထားသော ဥပဒေများ ဖျက်သိမ်းပေးရေး စသည်တို့ အပါအ၀င် ဒီမိုကရေစီနှင့် ထိုက်တန်သော သတင်းလွတ်လပ်ခွင့် ရရှိရေး၊ သတင်းသမား များနှင့် စာနယ်ဇင်းသမားများ လိုက်နာရမည့် ကျင့်ဝတ်များ တိကျစွာထားရှိ လိုက်နာရေးတို့ကို ဆွေးနွေးတင်ပြကြကြောင်း သိရှိရသည်။

ပုံနှိပ်နှင့် သတင်းမီဒီယာ ဥပဒေမူကြမ်းအပေါ် စာနယ်ဇင်းသမားများ၏ ဆွေးနွေးချက်များနှင့် တင်ပြချက်များကို မှတ်တမ်း တင်ထားပြီး ဥပဒေမူကြမ်းကို ပြန်လည် ပြင်ဆင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ၏ ပြန်ကြားရေး တာဝန်ခံ ဦးသီဟစောက ပြောသည်။

“မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ကနေ ပုံနှိပ်နဲ့ သတင်းမီဒီယာဥပဒေမူကြမ်းကို ချပြတာ ထူးခြားချက်ပေါ့။ တက်လာတဲ့ သတင်းသမားတွေနဲ့ စာနယ်ဇင်းသမားတွေ၊ ထုတ်ဝေသူတွေ အားလုံးက စိတ်ဝင်တစားနဲ့ ဒီဥပဒေကြမ်း အပေါ်မှာ ဆွေးနွေးကြတယ်။ ပြည့်စုံတဲ့ ဥပဒေမဟုတ်သေးပေမယ့် အားလုံးရဲ့ ပါဝင်မှုနဲ့ ဆွေးနွေးကြတာက ထူးခြားတယ်။ ဒီဆွေးနွေးပွဲက ရတဲ့ အချက်အလက်တွေအပေါ် မူတည်ပြီးတော့ ဒုတိယ ဥပဒေမူကြမ်းကို အချော သတ် ပြင်ဆင်ရေးဆွဲဖို့ ရှိပါတယ်” ဟု ဦးသီဟစောက ဆိုသည်။

ပုံနှိပ်နှင့် သတင်းမီဒီယာဥပဒေကြမ်းတွင် ပုဒ်မ ၃၆ ခုပါရှိပြီး သတင်းမီဒီယာသမားများ၏ ရပိုင်ခွင့်များ၊ ကျင့်ဝတ်နှင့်တာဝန်များ၊ သတင်း မီဒီယာတည်ထောင်မှု၊ သတင်းမီဒီယာကောင်စီ ဖွဲ့စည်းခြင်းအပါအ၀င် အခန်း ၈ ခန်းပါဝင်သည်။

AP သတင်းဌာန၏ မြန်မာနိုင်ငံဆိုင်ရာ သတင်းထောက် ဒေါ်အေးအေးဝင်းကမူ မီဒီယာဥပဒေတွင် သတင်း လွတ်လပ်စွာ ရယူခွင့်ကို ပိတ်ပင်သူများအား ထောင်ဒဏ်နှင့် ငွေဒဏ်ချမှတ်နိုင်သည့် ပြဋ္ဌာန်းချက်များ ပါဝင်သင့်ကြောင်း သုံးသပ်သည်။

“Press Law ဆိုတာက တကယ်တော့ Freedom of Press ကို ဆွဲတဲ့ ဥပဒေလို့ပဲ လုံးလုံးယူဆတယ်။ သတင်းကို လွတ်လပ်စွာ ရေးသားခွင့်တို့၊ သတင်းကို လွတ်လပ်စွာမေးခွင့်၊ သတင်းကို လွတ်လပ်စွာရယူခွင့်က အရေးကြီးတယ်။ သတင်းလွတ်လပ်စွာ ရယူတဲ့နေရာမှာ သတင်းရယူခွင့်ကို ပိတ်ပင်တဲ့သူပါ အရေး ယူနိုင်ခွင့်ကို ထည့်ပေးထားသင့်တယ်။ သတင်း လွတ်လပ်စွာ ရယူခွင့်ပိတ်ပင်သူကို အပြစ်ပေးပိုင်ခွင့်ဆိုတာက ကိုယ့်တိုင်းပြည်တင်မဟုတ်ဘူး၊ အင်ဒိုနီးရှားတို့ တချို့တိုင်းပြည်တွေမှာလည်း ကိုယ်ယူမယ့်သတင်းကို နှောင့်ယှက် ဟန့်တားတဲ့သူတွေကို ငွေဒဏ်တို့ ထောင်ဒဏ်တို့ ရှိကြတယ်။ Press Law ထဲမှာလည်း သတင်းရယူခွင့်ကို ပိတ်ပင်တဲ့သူကို အပြစ်ပေးပိုင်ခွင့် ဆိုတဲ့ ဝေါဟာရလေးတခု ထည့်ထား စေချင်တယ်။ နောက်တခုက သတင်းလွတ်လပ်ခွင့်ကို အနှောင့် အယှက် ဖြစ်နေတဲ့ ဥပဒေတွေ၊ ၀တ္တရား နှောင့်ယှက်မှုတို့၊ လျှို့ဝှက် အက်ဥပဒေတို့ အများကြီးရှိတယ်။ မီဒီယာလွတ်လပ်ခွင့်ကို အနှောင့်အယှက် ဖြစ်နေတဲ့ ဟာတွေကို ထည့်သွင်း စဉ်းစားသင့်တယ်” ဟု ဒေါ်အေးအေးဝင်းက ဆိုသည်။

ပုံနှိပ်နှင့် မီဒီယာဥပဒေမူကြမ်းကို ပြင်ဆင်ရေးဆွဲပြီးပါက မည်သို့မည်ပုံ ဆက်လက်ဆောင်ရွက်မည်ကို မဆုံးဖြတ် နိုင်သေးကြောင်း၊ စာနယ်ဇင်းသမားများ အနေဖြင့် လွှတ်တော်သို့ နောက်ဆုံးရောက်ရှိမည့် မီဒီယာဥပဒေကြမ်း အခြေအနေကို သိရှိရန် ကြိုးစားရမည်ဖြစ်ကြောင်း ပြည်သူ့ခေတ်ဂျာနယ်၏ အတိုင်ပင်ခံ အယ်ဒီတာ ဦးဖေမြင့်က ဆိုသည်။
“နှစ်ပတ်လောက် အတွင်းမှာ အကြံပြုချက်တွေကို ပြည့်ပြည့်စုံစုံပေးဖို့ တောင်းထားတယ်။ အဲဒါတွေကို ယူပြီးတော့ မူကြမ်းကို ပြင်မယ်။ ပြန်ပြင်ရေးပြီးရင်တော့ ဒီစာနယ်ဇင်းသမားတွေကို ဖိတ်ပြမယ်လို့ထင်တယ်။ ပြန်ပြီးတော့ အချောသတ်ပြီးတော့မှ ဘယ်ကိုပို့မလဲလို့ စဉ်းစားကြမယ်။ ဒီဥပဒေကို ပြန်ကြားရေးက တင်သည်ဖြစ်စေ၊ တစုံတယောက် တင်သည်ဖြစ်စေ၊ အဖွဲ့အစည်း တခုခုက တင်သည်ဖြစ်စေ လွှတ်တော်က ဆွေးနွေးဦးမှာပေါ့။

လွှတ်တော်က ဆွေးနွေးပြီးတော့ ဖြည့်စွက်တယ်၊ ပြင်ဆင်တယ်ဆိုတာကို လုပ်မှာပေါ့။ တကယ်ဆုံးဖြတ်တာက လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အဆုံး အဖြတ်ပဲ။ မီဒီယာသမားတွေ အနေနဲ့ လွှတ်တော်ကော်မတီတွေနဲ့ အဆက်အစပ်ရှိတာပဲ။ နောက်ဆုံး လွှတ်တော်ကို ရောက်သွားတဲ့ ဥပဒေကြမ်းက ဘယ် လိုရှိမလဲဆိုတာ သိအောင်လုပ်ရမယ်။ အဲဒီမှာမှ အများသဘောတူတဲ့ ကြိုက်နှစ်သက်တဲ့ဟာ မဟုတ်လို့ရှိရင်တော့၊ အများမနှစ်သက်တာတွေ ပါရင်တော့ ကြိုတင်ပြီးတော့ ပြောရမှာပေါ့” ဟု ဦးဖေမြင့်က ဆိုသည်။

ပြန်ကြားရေးဝန်ကြီး ဌာနကမူ ပုံနှိပ်နှင့်မီဒီယာဥပဒေကြမ်းကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က ရေးဆွဲလျက်ရှိပြီး ဥပဒေပေါ်ပေါက်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) တို့ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကာ ယခု ၂၀၁၃ ခုနှစ်အတွင်း လွှတ်တော်သို့ တင်ပြနိုင်မည်ဟု မျှော်လင့်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ဧရာဝတီသတင်းဌာနနှင့် မကြာသေးမီက တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်တွင် သတင်းဂျာနယ်များအားလုံး စာပေစိစစ်ရေးတင်ပြရန် မလိုအပ်ဘဲ ထုတ်ဝေခွင့်ပြုခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ဧပြီလ ၁ ရက် နေ့မှစတင်ပြီး ပုဂ္ဂလိကနေ့စဉ်ထုတ်သတင်းစာများ ထုတ်ဝေခွင့်ပြုမည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက တရားဝင်သတင်းထုတ်ပြန်ထားသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့