Friday, March 22, 2013

မြန်မာ့ သဘာဝဓာတ်ငွေ့ကို အိန္ဒိယ ပြည်နယ်များကလည်း လိုချင်နေ

မတ်လ ၂၂ ရက် ၂၀၁၃ ခုနှစ်

အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ပိုင်း ပြည်နယ်များ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းရန် မြန်မာနိုင်ငံ၏ ကြီးမားလှသော အရန်သဘာဝ ဓာတ်ငွေ့များကို အကျိုးရှိစွာ အသုံးချ နိုင်မည့် နည်းလမ်းများ ရှာဖွေသင့်သည်ဟု Meghalaya ပြည်နယ် အုပ်ချုပ်ရေးမှူး က ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံမှာ ကမ္ဘာပေါ်တွင် အရန်သဘာဝ ဓာတ်ငွေ့ ပမာဏ အများဆုံး ၁၀ နိုင်ငံထဲမှ တနိုင်ငံ ဖြစ်ပြီး အိန္ဒိယနိုင်ငံ(အထူးသဖြင့် အရှေ့မြောက်ဒေသ) အနေဖြင့် လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေးအတွက် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သို့ သယ်ဆောင်သကဲ့သို့ မြန်မာ့ သဘာဝ ဓာတ်ငွေ့များကို အသုံးပြုနိုင်သည်ဟု အုပ်ချုပ်ရေးမှူး မူရှာဟာရီ အား ကိုးကား၍ အိန္ဒိယ သတင်းစာများတွင် ရေးသားပါရှိသည်။

“ကျနော်တို့မှာ လျှပ်စစ်ဓာတ်အား မလုံလောက်ဘူး။ ရေအား လျှပ်စစ် ထုတ်လုပ်ရေး အလားအလာ ရှိပေမယ့် အဲဒီ စွမ်းအင်ထုတ်လုပ်မှုက ကျနော်တို့ လိုအပ်ချက် ပြည့်မီဖို့ မရှိဘူး” ဟု ၎င်းက ပြောသည်။

အရှည် ၃,၈၀၀ ကီလိုမီတာအောက် လျော့သော သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းများသည် တွက်ချေကိုက်သည်ဟု အမေရိကန်ပြည်ထောင်စု စွမ်းအင် သတင်းအချက်အလက် အေဂျင်စီမှ ဖေါ်ပြချက်ကို ကိုးကား၍ သူက ရှင်းပြသည်။

အိန္ဒိယ အရှေ့မြောက် ပြည်နယ် ၇ ခုအနက် မဏိပူရ၊ မီဇိုရမ်၊ နာဂလဲန်းနှင့် အရူနာချာ ပရာဟေ့ရှ် ပြည်နယ်တို့မှာ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည်။ မြန်မာ့ သဘောဝဓာတ်ငွေ့များကို ပိုက်လိုင်းဖြင့် အိန္ဒိယ သွယ်ယူမည်ဆိုပါက ယင်းစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၂.၃ ဘီလျံကျော် လိုအပ်မည်ဟု ၎င်းက ခန့်မှန်းပြောဆိုသော်လည်း အိန္ဒိယ၏ မည်သည့်အရပ်ထိ သယ်ယူမည်ကိုမူ ပြောဆိုမထားပေ။

“တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်က မြန်မာနိုင်ငံဖြတ် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း သွယ်သလိုမျိုး အလားတူ အကျိုးတရား ရမယ့်ဟာကို ကျနော်တို့ ပုံဖေါ်စဉ်းစားနိုင်ပါတယ်” ဟု သူက ဆက်ပြောသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ထိ ကီလိုမီတာ ၁၁၀၀ ကျော် ရှည်လျားသည့် ပိုက်လိုင်းကို ၂၀၁၀ ခုနှစ်က စတင်ဆောက်လုပ်ခဲ့ရာ ယခုနှစ် မေလကုန်တွင် အစသတ်နိုင်မည်ဟု တရုတ်အမျိုးသားရေနံကုမ္ပဏီ (CNPC)က ဆိုသည်။

တနှစ်လျှင် ရေနံတန်ချိန် ၂၂ သန်း သယ်ဆောင်ကာ သဘာဝဓာတ်ငွေ့ ကုဗမီတာ သန်းပေါင်း ၁၂,၀၀၀ သယ်ဆောင်ပေးမည့် ထို တရုတ်ပိုက်လိုင်းများအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၅,၀၀၀ ကုန်ကျသည်။

အိန္ဒိယအတွက်လည်း ဆောင်ရွက်ဖြစ်ပါက သယ်ယူပို့ဆောင်ရေး၊ ကုန်သွယ်မှု၊ တဆင့်ခံ သယ်ယူ ပို့ဆောင်ရေးနှင့် ခရီးသွား လုပ်ငန်းတို့တွင် ကြီးမားသော အကျိုးဖြစ်ထွန်းမှု ရှိမည်ဟု မစ္စတာ မူရှာဟာရီ က ဆိုသည်။ ၎င်းဒေသအတွက် အကျိုးဖြစ်ထွန်းမှုက အိန္ဒိယ ဗဟိုအစိုးရ၏ ‘အရှေ့မျှော်မူဝါဒ’ အတွက် အရေးအပါဆုံး ရှုထောင့်တခုဖြစ်သည်ဟု မဂါလာယာပြည်နယ် အုပ်ချုပ်ရေးမှူးက ဆိုသည်။

အာဆီယံ နိုင်ငံများ၏ ဈေးကွက် ဝယ်လိုအားကို ဆက်လက်သုံးသပ်ရင်း ဒေသတွင်း ကုန်ထုတ်လုပ်မှုပိုင်း ဖွဲ့စည်းတည်ဆောက်ပုံ အရှိန်အဟုန်ဖြင့် ပြောင်းလဲနေသည်နှင့်အညီ ရည်မှန်ချက်ထား ဆောင်ရွက်မှုများ လိုအပ်သည်ဟုလည်း မစ္စတာ မူရှာဟာရီက ပြောသည်။

အရှေ့မြောက်ပြည်နယ်များတွင် အပါအဝင်ဖြစ်သော အာသံပြည်နယ်တွင် အိန္ဒိယ၏ အကြီးဆုံး ရေနံသိုက်ကြီး တခု ဖြစ်သည့် Assam Oil တည်ရှိ သော်လည်း ၎င်းမှာ အိန္ဒိယ တနိုင်ငံလုံးသို့ ဖြန့်ဖြူးပေးနေရသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက် တည်ရှိသော မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာလည်း လျှပ်စစ်မီး မလုံလောက်မှု အပါအဝင် ဒုတိယ အဆင်းရဲဆုံး ပြည်နယ်တခုအဖြစ် တည်ရှိနေဆဲ ဖြစ်သည်။

တရုတ်ပြည်သို့ ရေနံနှင့် သဘာဝဓာတ်ငွေ ပိုက်လိုင်းများ ဖောက်လုပ်မှုမှ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ မြေသိမ်းမှုများနှင့် အန္တရာယ်များကြောင့် ဒေသခံများနှင့် တက်ကြွ လှုပ်ရှားသူများ၏ ကန့်ကွက်မှုများလည်း ကြုံနေရဆဲဖြစ်ပြီး ပိုက်လိုင်း လုံခြုံရေးလည်း အာမခံချက် မရှိကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ က ပြောဆိုထားသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့