August 10, 2011
မင်းလွင်
မွန်ပြည်နယ်အစိုးရက တိုင်းရင်းသားလက်နက်ကိုင် မွန်ပြည်သစ်ပါတီကို ငြိမ်းချမ်းရေး ကမ်းလှမ်းတယ်လို့ မွန်ပြည်သစ်ပါတီက ပြောပါတယ်။
မွန်ပြည်နယ်အစိုး ရရဲ့ ဝန်ကြီးချုပ် ဦးအုန်းမြင့်က မွန်တိုင်းရင်းသား သံဃာတော်တွေကတဆင့် မွန်ပြည်သစ်ပါတီကို ငြိမ်းချမ်းရေးကမ်းလှမ်းခဲ့တာလို့ ပါတီအထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောပါတယ်။
“သူက ပွဲတခုမှာ ဘုန်းကြီးတွေကိုပြောတယ်။ မွန်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ မွန်ဒေသမှာ ပြည်သူတွေ အေးအေးဆေးဆေး နေနိုင်ဖို့ သူတို့နဲ့ မွန်ပြည်သစ်ကြားမှာ နားလည်မှုရှိကြရင် အားလုံးအေးချမ်းနိုင်ပါတယ်။ အဲဒီလို ဖြစ်စေချင်တာပေါ့။ ဘုန်းကြီးတွေကနေ သူ့ရဲ့သဘောထားကို ကျနော်တို့ကို လာပြီးတီးခေါက်တယ်။ ကျနော်တို့ကို လာပြောပြတယ်။ ကျနော်တို့က အပစ်အခတ်ရပ်စဲရေး လုပ်ထားတာ ၁၅ နှစ်ရှိပြီ။ ဟိုတုန်းကတော့ နဝတ၊ နအဖ၊ စစ်အစိုးရနဲ့ပေါ့။ အခုက ပြည်နယ်အစိုးရအနေနဲ့ လာပြီးတော့ ဒီလို ကမ်းလှမ်းတယ်ဆိုတာတော့ ဖြစ်နိုင်ခြေမရှိဘူး။ အပစ်ရပ်ရုံနဲ့ နိုင်ငံရေးအရ မဆွေးနွေးဘူးဆိုရင် ဒါကလည်း အဓိပ္ပာယ် မရှိဘူးလို့ ကျနော်တို့ပြောလိုက်တယ်။ နောက်ပြီးတော့ ဒေသတခုတည်းနဲ့ ငြိမ်းချမ်းရေး လုပ်တာသဘာဝ မကျဘူး။ တပြည်လုံးအတိုင်းအတာနဲ့ လုပ်ပါ။ တပ်ပေါင်းစုအနေနဲ့ ဆွေးနွေးမယ်၊ အဲဒါတော့ ပြန်ပြောလိုက်တယ်လေ။”
မွန်ပြည်သစ်ပါတီဟာ တပါတီတည်းအနေနဲ့ ဆွေးနွေးမှာ မဟုတ်ဘဲ ညီညွတ်သော ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး ကော်မတီအနေနဲ့သာ ဆွေးနွေးမယ်လို့ သူကပြောပါတယ်။
ဒေါ်အောင်ဆန်း စုကြည်ရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းမှုနဲ့ပတ်သက်လို့ တိုင်းရင်းသားလွှတ်တော်အမတ် ၂၃ ဦးကို ဖိအားပေးပြီး သဘောထားထုတ်ပြန်တဲ့အပေါ်ကိုလည်း အခုလို့ ဝေဖန်ပြောဆိုသွားပါတယ်။
“ဒေါ် အောင်ဆန်းစုကြည်ရဲ့ ၂၈ ရက်နေ့ အိတ်ဖွင့်ပေးစာ အပေါ်မှာ ကျနော်တို့ဘက်ကတော့ သဘောထား ပြန်ကြားပေးပြီးပြီ။ ဒါပေမယ့် သမ္မတ သိန်းစိန်ဘက်က သူကိုယ်တိုင် မပြန်ကြားဘဲနဲ့ တိုင်းရင်းသားလွှတ်တော် အမတ်တချို့ ၂၃ယောက်ကို လက်မှတ် ထိုးခိုင်းပြီးမှ လုပ်တာ။ ဒါကျတော့ ကျနော်တို့မြင်တာ တွန်းအားတမျိုးမျိုးကြောင့်လို့ ကျနော်တို့ တွက်တယ်။ အမှန်တော့ ဒါက သမ္မတ ဦးသိန်းစိန်မှာ တာဝန်ရှိတယ်။ သူ့အနေနဲ့ တုံ့ပြန်ရမယ်လို့ ကျနော်တို့ ခန့်မှန်းတယ်။”
အလားတူ မကြာသေးခင်ကလည်း ရှမ်းပြည်တိုးတက်ရေးပါတီရဲ့ ဝမ်ဟိုင်းဌာနချုပ်ကို သံဃာတော် နှစ်ပါးစေလွှတ်ပြီး ငြိမ်းချမ်းရေးကိစ္စ စကားကမ်းလှမ်းခဲ့ပါသေးတယ်။
ကချင်ဘက်မှာလည်း ကချင်အစိုးရနဲ့ ကေအိုင်အိုကြား အပစ်ရပ်ရေးကိစ္စ ဆွေးနွေးနေကြသလို တိုက်ပွဲတွေလည်း ဆက်ဖြစ်နေပါတယ်။
မွန်ပြည်သစ်ပါတီဟာ ယခင် မြန်မာစစ်အစိုးရနဲ့ ၁၉၉၅ ခုနှစ်မှာ အပစ်ခတ်ရပ်စဲရေး လုပ်ခဲ့ပြီး နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် ပြောင်းလဲဖွဲ့ရေးမှာ သဘောမတူခဲ့တဲ့အတွက် ၂၀၁၀ စက်တင်ဘာလ ကတည်းက မွန်ပြည်နယ်နဲ့ မြန်မာနိုင်ငံအတွင်းက ဆက်ဆံရေးရုံးတွေ ပိတ်ပစ်ခဲ့ပါတယ်။
Ref: ဒီဗွီဘီ
Thursday, August 11, 2011
မွန်ပြည်သစ်ပါတီကို မွန်ပြည်နယ်အစိုးရက ငြိမ်းချမ်းရေးကမ်းလှမ်း
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment