August 10, 2011
အံ့ဘုန်းမြတ်
သမ္မတ ဦးသိန်းစိန်ဦးဆောင်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့က အာဏာလွှဲပြောင်းယူပြီး ၄ လ ကျော်အကြာမှာ ပထမဆုံး သတင်းစာရှင်းလင်းပွဲကို နေပြည်တော်မှာ ပြုလုပ်ဖို့ရှိနေပါတယ်။
လာမယ့် ၁၂ ရက် သောကြာနေ့ မနက် ၁၀ နာရီ နေပြည်တော်က ပြန်ကြားရေးဝန်ကြီးဌာနမှာ သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ဖို့ရှိနေတာပါ။
ဒီသတင်း စာရှင်းလင်းပွဲကို အစိုးရအဖွဲ့သစ်ရဲ့ ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဦးကျော်ဆန်းနဲ့အတူ အခြားပြည်ထောင်စုဝန်ကြီး ၇ ဦးလောက်က လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။
ဒီသတင်း စာရှင်းလင်းပွဲကို တက်ရောက်ဖို့ စာပေစိစစ်ရေးကနေ ဂျာနယ် တာဝန်ရှိသူတွေဆီကို ဒီကနေ့ ဆက်သွယ်ပြီး ဂျာနယ်တစ်တိုက်ကို သတင်းထောက် နှစ်ဦးနှုန်းတက်ရောက်ခွင့်ရှိကြောင်း အကြောင်းကြားခဲ့တယ်လို့ ပြည်တွင်းက ဂျာနယ် အယ်ဒီတာချုပ်အချို့က ပြောပါတယ်။
ဒီလို အစိုးရအဖွဲ့သစ်က ပထမဆုံး သတင်းစာရှင်းလင်းပွဲပြုလုပ်ဖို့ စီစဉ်လာတဲ့အပေါ် သတင်းဂျာနယ် တာဝန်ခံအယ်ဒီတာတဦးကတော့ အခုလို သုံးသပ်ထားပါတယ်။
“ဘာပဲပြော ပြော တချက်တော့ စောင့်ကြည့်ရမှာပေါ့။ ပထမဆုံး အကြိမ်လည်း ဖြစ်နေတာကို။ ဒီဘက်ပိုင်းမှာ ထိပ်တိုက်မတွေ့ရသေးဘူး။ ပြောရမှာ နဲနဲတော့ စောနေသေးတယ်။ အပြောင်း အလဲလုပ်မလုပ် တချက်တော့ ကြည့်ရမယ်။ ပြီးတော့ လွှတ်တော်နီးလာတော့ အသံထွက်သွားအောင် တမင်လုပ်တဲ့ သဘောတော့ ရှိတယ်။ ဘာလို့လည်းဆိုတော့ ဒါမျိုးမလုပ်ခဲ့ရင် လွှတ်တော် ကိုယ်စားလှယ်တွေစီက တယောက်တစစီ ဆွဲထုတ်လာရင် အသံတွေက မျိုးစုံထွက်လာမှာ မကြိုက်ဘူးထင်ပါတယ်။ အဲဒီတော့ ဗဟိုအစိုးရရဲ့ ပေါ်လစီကို တခါတည်း ထုတ်ပြချင်တဲ့သဘောလို့တော့ ထင်တာပဲ။”
အခြားဂျာနယ်အယ်ဒီတာတဦးကလည်း အရင်သတင်းစာရှင်းလင်းပွဲတွေနဲ့ နှိုင်းယှဉ်ပြီး အခုလို သုံးသပ်ထားပါတယ်။
“တ လျှောက်လုံးလုပ်ခဲ့တာ အစီအစဉ်တကျနဲ့ ကောင်းကောင်းမွန်မွန် လုပ်ခဲ့တာ တွေ့မှမတွေ့တာပဲ။ ဟိုတုန်းကဆို မေးခွန်းစာရွက်တွေကို သူတို့ကိုယ်တိုင် ဝေပြီးတော့မှ ဘယ်သူက ဘာမေးဆိုပြီး လုပ်ခဲ့ဖူးတယ်။ တက်တော့တက်တာပေါ့။ တကယ့်သတင်းစာ ရှင်းလင်းပွဲ ပုံစံကတော့ မထွက်ခဲ့ဘူး။ အခုတော့ ဘယ်လိုလုပ်မလဲ မသိသေးတော့ ပြောရခက်တယ်။ ဘယ်သူတွေက တာဝန်ခံဖြေပေးမယ်။ ဘယ်အကြောင်းအရာတွေကို မေးနိုင်တယ်။ အခုက ဘာတခုမှ မသိရဘူး။ မသိရတော့ ဝေဖန်ရခက်တယ်။ နောက် တခု အခုချိန်က ပိုပြီး ပွင့်လင်းမြင်သာမှု ရှိတဲ့ပုံစံမျိုးတော့ မတွေ့ရသေးဘူး။”
အစိုးရအဖွဲ့ သစ်ဟာ လာမယ့် ၂၂ ရက်နေ့မှာပြုလုပ်မယ့် ဒုတိယအကြိမ် လွှတ်တော်ပုံမှန်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားမှာလည်း သတင်းမီဒီယာတွေကို ဖိတ်ခေါ်မှုတွေရှိနေပါတယ်။
အဲ့ ဒီမှာဆိုရင်လည်း ဂျာနယ်တတိုက်ကို မေးခွန်း ၃ ခု မေးမြန်းခွင့်ရရှိကြမှာဖြစ်ပြီး အခုအချိန်ကတည်းက ကြိုတင်ပြီး ဒီမေးခွန်းတွေကို ပေးပို့ကြဖို့လည်း ပန်ကြားထားပါတယ်။
ဒီအ ပေါ်ကိုလည်း ပြည်တွင်းမီဒီယာအချို့ ကတော့ ဝေဖန်မှုတွေလည်း ရှိနေသလို အချို့ကတော့ သတင်းစာရှင်းလင်းပွဲတွေ အစိုးရသစ်က မလုပ်တာထက် လုပ်လာ တာကို အပြုသဘောဆောင်ကြိုဆိုကြတာမျိုးတွေလည်း ရှိကြပါတယ်။
ဒီအခြေအနေအ ပေါ်မှာတော့ အစိုးရအဖွဲ့သစ်အနေနဲ့ အရင် စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခဲ့တဲ့ အစိုးရတွေထက် ပိုမိုပြီး ဒီမိုကရေစီ ဆန်ဆန် ပွင့်လင်းမြင်သာမှုရှိရှိ သတင်းစာရှင်းလင်းပွဲတွေကို လုပ်ဆောင်လာမယ်ဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
Ref: ဒီဗွီဘီ
Thursday, August 11, 2011
အစိုးရသစ် ပထမဆုံး သတင်းစာရှင်းလင်းပွဲ လုပ်မည်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment