August 10, 2011
ဩဂုတ် ၂၂ ရက်နေ့မှာ ပြန်လည်ကျင်းပမယ့် လွှတ်တော်အတွင်း ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) အရေးနဲ့ ပတ်သက် လို့ ဆွေးနွေးသွားဖို့ရှိနေပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရ အကြား ငြိမ်းချမ်းရေးကိစ္စရပ် ဆွေးနွေးရေးအတွက် အဖွဲ့တခု ဖွဲ့စည်းဖို့ ရှိနေပါတယ်။
ကချင်ပြည်နယ် တည်ငြိမ်းအေးချမ်းမှု ညှိနှိုင်းရေးအဖွဲ့နဲ့ ကေအိုင်အို ကိုယ်စားလှယ်တွေအကြား ဩဂုတ်လ ၂ ရက်နေ့က လိုင်ဇာဌာနချုပ်အနီး လဂျားယန်ရှိ ကေအိုင်အို ဆက်ဆံရေးရုံးမှာ ပြုလုပ်တဲ့ အပစ်ရပ်ရေး ဆွေးနွေးပွဲအတွင်း ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင်က အခုလို ပြောဆိုခဲ့တာပါ။
“နိုင်ငံ တော်ရဲ့ အမြင့်ဆုံးဖြစ်တဲ့ လွှတ်တော်မှာ ကေအိုင်အိုအရေးကို တင်ပြဆွေးနွေးသွားမယ်။ ဒါလည်း ကျနော်တို့ ပြည်နယ်လွှတ်တော်အဖွဲ့ကော ကျန်တဲ့အနေအထားကော အားလုံး ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ နောက်တချက်က ဘယ်လိုဆောင်ရွက် မလဲ အနေအထားကတော့ တလအတွင်းမှာ နိုင်ငံတော်က ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးနိုင်ဖို့အတွက် အဖွဲ့အစည်းတခု တရားဝင် အမိန့်ထုတ်ပြန် ကြေညာသွားဖို့၊ အဲဒီအဖွဲ့မှာ မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်အနေနဲ့ ပထမ သို့မဟုတ် ဒုတိယ ခေါင်းဆောင်အဖြစ် ပါဝင်ဆောင်ရွက်မှာ ဖြစ်တယ်။
အစိုးရက ဖွဲ့ပေးမယ့် ငြိမ်းချမ်းရေးအဖွဲ့မှာ ခေါင်းဆောင်တယောက်အဖြစ် ပါဝင်မယ့် ယခင် ဆက်သွယ်ရေး၊ စာတိုက်၊ ကြေးနန်းဝန်ကြီးဟောင်းလည်း ဖြစ်သူ မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းဇော်ဟာ ကချင်ပြည်နယ် ကြံ့ဖွံ့ပါတီ တာဝန် ခံလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းကစလို့ ကေအိုင်အေနဲ့ မြန်မာအစိုးရတပ်တွေအကြား တိုက်ပွဲတွေ စဖြစ်ပြီး မကြာမီမှာ ဦးသိန်းဇော်က အပစ်ရပ်ရေး ကမ်းလှမ်းမှုတွေ လုပ်ခဲ့ဖူးပြီး သမ္မတဦးသိန်းစိန်ရဲ့ ခွင့်ပြုချက်အရ ကချင်ပြည်နယ် တည်ငြိမ်းအေးချမ်းမှု ညှိနှိုင်းရေးအဖွဲ့ကို တိုက်ရိုက်ဆက်သွယ်ညွှန်ကြားနေသူလို့ အများက ယူဆနေကြပါတယ်။
Ref: ဒီဗွီဘီ
Thursday, August 11, 2011
ငြိမ်းချမ်းရေးကိစ္စ ဆောင်ရွက်မည့်အဖွဲ့တခု အစိုးရက တရားဝင် အမိန့်ထုတ်ပြန်ဖွဲ့ပေးမည်
Subscribe to:
Post Comments (Atom)
















































0 comments:
Post a Comment