Friday, August 12, 2011

ငြိမ်းချမ်းရေးကို အလေးထားဆောင်ရွက်ဖို့ အစိုးရသစ်ကို ဘုရင်ကြီး မိန့်မှာ

August 11, 2011

ကမ္ဘာ့နေရာအတော်များများမှာ ဆူပူအုံကြွမှုတွေ ဖြစ်နေတော့ တိုင်းပြည်အတွင်းမှာ ငြိမ်းချမ်းအောင်လုပ်ဖို့ ၀န်ကြီးချုပ် ယင်လပ် ရှီနာဝပ်ထ်နဲ့သူ့အစိုးရအဖွဲ့ကို ဘုရင်ကြီးက တောင်းဆိုလိုက်ပါတယ်။

ဘုရင်ကြီးက အစိုးရအဖွဲ့ဝင်တွေကို တိုင်းပြည်အကျိုးစီးပွားအတွက် ရိုးရိုးသားသားလုပ်မယ်ဆိုတဲ့ သူတို့စကားအတိုင်း တည်ပြီး နမူနာကောင်းတရပ်အနေနဲ့လုပ်ကိုပြစေချင်ပါတယ်။ မစ္စခွန်ယင်လပ်ဦးဆောင်တဲ့ အစိုးရအဖွဲ့ဝင်တွေဟာ တ နေ့က ဆီရိရာ့ခ်ျ ဆေးရုံမှာ တက်နေတဲ့ ဘုရင်ကြီးရှေ့မှောက်မှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။


နိုင်ငံနဲ့ပြည်သူတွေ ကောင်းမွန်ရာကောင်းမွန်ကြောင်း လုပ်ဆောင်ပါ့မယ်ဆိုတဲ့ သူတို့ကတိစကားတွေအတိုင်း ဆက် လက်လုပ် ဆောင်ကြဖို့ ဘုရင်ကြီးက သူတို့ကို မိန့်မှာပါတယ်။ “တိုင်းပြည်ကို ဦးဆောင်ဖို့ ခေါင်းဆောင်ကောင်းလိုတယ်။ ဒါမှ တိုင်းပြည် တိုးတက်မှာ ဖြစ်တယ်။ မင်းတို့သစ္စာဆိုထားတဲ့ ကတိသစ္စာနဲ့အညီ မင်းတို့အားလုံး အလုပ်တွေ လုပ်နိုင် ပါစေ။ မင်းတို့ လုပ်မယ် ဆိုရင် တိုင်းပြည်ဟာ ကြွယ်ဝချမ်းသာပြီး မင်းတို့အားလုံး ပျော်ရွှင်ချမ်းမြေ့မှုတွေ ရမှာ ဖြစ်တယ်” လို့ ဘုရင်ကြီးက မိန့်ခြွေပါ တယ်။ တိုင်ပြည်ငြိမ်းချမ်းရေး၊ ကြွယ်ဝချမ်းသာရေးနဲ့ ပြည်သူတွေရဲ့ နေထိုင်မှု ဘ၀ကောင်း မွန်ရေးကို အာမခံဖို့အတွက် ရိုးသား မှုရဲ့အရေးကြီးမှုကို ဘုရင်ကြီးက အသေအချာ မိန့်မှာပါတယ်။ ကမ္ဘာတ၀ှမ်း တိုင်း ပြည် အတော်များများဟာ ပြဿနာတွေ နဲ့ရင်ဆိုင်နေရတယ်။ ဒီနှစ်မှာ ထိုင်းနိုင်ငံက ရှောင်ရှားနိုင်တယ်။ ဒါကြောင့် အစိုးရအနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဆက်ရှိအောင် ကြိုးစားအားထုတ်သင့်တယ်လို့ သူက မိန့်မှာပါတယ်။

ဆက်ပြီး မစ္စခွန်ယင်လပ်က သူ့ဝန်ကြီးတွေကို သူတို့အရည်အချင်းတွေ သက်သေပြနိုင်ဖို့ အချိန်ပေးကြဖို့ ပြည်သူလူထု ကို တနေ့က ပန်ကြားလိုက်ပါတယ်။ ၀န်ကြီးအားလုံးကို သူတို့လုပ်ဆောင်ချက်တွေကို တန်ဖိုးမဖြတ်ခင် အနည်းဆုံး ၆ လ လောက် အချိန်ပေးပါမယ်လို့ သူမက ပြောပါတယ်။ သူဟာ အမတ်အဖြစ် သက်တမ်း ၂ ကြိမ်လုပ်ဖူးပြီး၊ အောက်လွှတ် တော်ကော်မတီ အတော်များများမှာ တာဝန်ထမ်းဖူးတာကြောင့် နိုင်ငံရေးကိစ္စတွေမှာ ကောင်းကောင်းလုပ်နိုင်တဲ့ သူဖြစ် တယ်လို့ ပြောဆိုလိုက်ပြီး ဖွေ့ထိုင်းပါတီဒုခေါင်းဆောင် ဆူရာဖုန်ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရွေးချယ်ခဲ့တာကို သူမက ကာကွယ်ပြောဆိုပါတယ်။ နိုင်ငံခြာရေးရာ ကိစ္စတွေမှာ အတွေ့အကြုံမရှိတာနဲ့ ၀န်ကြီးချုပ်ဟောင်း ထပ်စင် နဲ့ ရင်းနှီး တာတွေကြောင့် မစ္စတာ ဆူရာဖုန်ဟာ အပြင်းအထန် ဝေဖန်ပြောဆိုခံနေရပါတယ်။

ဘုရင်ကြီးရှေ့မှောက်မှာ ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက်မှာ ပါလီမန်မတိုင်ခင် အစိုးရရဲ့မူဝါဒပေါ်လစီတွေ ကြေညာဖို့ မစ္စခွန်ယင်လပ်မှာ အချိန် ၁၅ ရက် ရပါတယ်။ မစ္စတာ ဆူရာဖုန်ဟာ လောလောဆယ်ဆယ်မှာ နိုင်ငံခြားရေးဝန်ကြီးဌာ နရဲ့ ထိပ်တန်းရာထူးအတွက် သင့်လျော်ပါတယ်လို့ အာဆီယံအတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်က ပြောပါတယ်။ သူ့ အရည်အသွေးတွေ ပြဖို့ ဝေဖန်ရေးသမားတွေအနေနဲ့ သူ့ကို အချိန်ပေးသင့်ပါတယ်။ ခွန်ယင်လပ်အစိုးရဟာ ထိုင်းနဲ့ ကမ္ဗောဒီးယား ဆက်ဆံရေး ပြန်လည်ကောင်းမွန်ရေးကို လုပ်နိုင်မှာ ဖြစ်တယ်လို့ သူမျှော်မှန်းကြောင်း မစ္စတာ ဆူရင်က ပြောပါတယ်။ ဒါကြောင့် နှစ်နိုင်ငံစလုံးဟာ ဖရားဝိဟာ ဘုရားကျောင်းကိစ္စအပါအ၀င် နယ်စပ်အငြင်းပွားမှုတွေကို ဖြေ ရှင်းနိုင်မှာဖြစ်တယ်။

အစိုးရအဖွဲ့သစ်ကို အထူးသဖြင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ အလုပ် သမား ၀န်ကြီးဌာနနဲ့ သဘာဝသယံဇာတရင်းမြစ်နှင့်ပတ်ဝန်းကျင်ဝန်ကြီးဌာနတွေ ဖြစ်တဲ့ အဓိက စီးပွားရေးဝန်ကြီးဌာန တွေကို ကြီးကြပ် ရတဲ့ ၀န်ကြီးတွေကို စီးပွားရေးလုပ်ငန်းအသိုင်းအ၀ိုင်းက လက်ခံနိုင်ပါတယ်လို့ ထိုင်း စက်မှု လုပ်ငန်း အဖွဲ့ချုပ်၊ ဥက္ကဋ္ဌ၊ ဖယွန်း ဆာ့က် ချာ့တ်ဆူသီပိုးလ် က ပြောပါတယ်။ ဘဏ္ဍာရေးဝန်ကြီး သီရာချိုင်း ဖူဝမ်နတ် နာရန်နူဘလ ဟာ အရင်က ထိုင်းနိုင်ငံ ဘဏ်နဲ့ အာမခံစာချုပ်များနှင့်ငွေကြေးဖလှယ်ရေးကော်မရှင်မှာ အလုပ်လုပ်ဖူးပြီး၊ စီးပွားရေးလုပ် ငန်းတွေနဲ့ စက်မှုလုပ်ငန်း ကဏ္ဍတွေနဲ့ ရင်းရင်းနှီးနှီးရှိသူ ဖြစ်တယ်လို့ မစ္စတာ ဖယွန်းဆာ့က် က ပြောပါတယ်။

ဒါပေမဲ့ ၀န်ကြီးသစ်တွေရဲ့ စီးပွားရေးနဲ့နိုင်ငံခြားရေးဆိုင်ရာမူဝဒတွေရဲ့ လက်တွေ့စွမ်းဆောင်နိုင်ရည်နဲ့ပတ်သက်ပြီး သူ့ အနေနဲ့ စိုးရိမ်မိကြောင်း ဒီမိုကရက်ပါတီခေါင်းဆောင် အဖိဆစ်ဝေ့ချာချီဝက ပြောပါတယ်။ ဖွေ့ထိုင်းပါတီဟာ စီးပွားရေး ၀န်ကြီးရာထူး နေရာတွေမှာ မူဝါဒမူကြမ်းရေးဆွဲရေးအဖွဲ့ဝင်တွေကို ခန့်မထားတာတွေနဲ့ ရှင်ကော်ပိုရေးရှင်း အစုရှယ်ယာ တွေရောင်းချမှုနဲ့ အခွန်ရှောင်တာတွေနဲ့ ဆက်စပ်တဲ့ အမှုတွေမှာ ထပ်စင်ကို ခုခံကာကွယ်ပေးတာမှာ ပါဝင်ခဲ့တဲ့ လူတွေ ကို ရွေးချယ်ခန့်အပ် ထားတာတွေအပေါ် သူ့အနေနဲ့ စိတ်ပျက်မိကြောင်း သူက ပြောပါတယ်။ ဒီအတောအတွင်း ဒီလူ တွေက ထပ်စင်ရဲ့ အက်ဆက် ပိုင်ခွင့်တွေ ဖုန်းကွယ်ထားတဲ့အမှုမှာ ထပ်စင်မိသားစုကို ကူညီခဲ့တဲ့လူတွေဖြစ်တယ်လို့ ပြောဆိုလိုက်ပြီး ဒုဝန်ကြီးချုပ်နဲ့ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ကစ်တီရတ် နရာနွန်နဲ့ မစ္စတာ သီရာချိုင် တို့ ခန့်အပ်မှု အပေါ် ဘဏ္ဍာရေးဝန်ကြီးဟောင်း ခေါန်ချတ်တီ က၀မ်နစ်ခ်ျ က မေးခွန်းထုတ်လိုက်ပါတယ်။

Ref: နေ့သစ်

0 comments:

အပေါ်သို့