October 6, 2011
မြစ်ဆုံ ရေကာတာ ဆောက်လုပ်ခြင်းဟာ မြန်မာပြည်သူတွေအပေါ် ထိခိုက်မှုမရှိတဲ့အကြောင်း တရုတ်ရေအားလျှပ်စစ် ကုမ္ပဏီ တာဝန် ရှိသူက တရုတ်နိုင်ငံ ပိုင်မီဒီယာမှာ ဖြေကြားချက်ဟာ မှားယွင်းတယ်လို့ မြန်မာ့မြစ်ချောင်းများဆိုင်ရာ ကွန်ရက်အဖွဲ့က ပြန်လည်ချေပခဲ့ပတယ်။
ကချင်ပြည်နယ်မှာ စင်ကာပူနိုင်ငံလောက် အရွယ်အစားကြီးမားတဲ့ ရေကာတာဆောက်လုပ်ဖို့ တရုတ်အစိုးရပိုင် စီပီအိုင်ကုမ္ပဏီနဲ့ မြန်မာအစိုးရတို့ သဘောတူထားတာပါ။
ဒါပေမယ့် သမ္မတဦးသိန်းစိန်က စက်တင်ဘာလကုန်ပိုင်းမှာ ဒီစီမံကိန်းကို သူအစိုးရသက်တမ်းကာလတွင်းမှာ ရပ်ထားမယ်လို့ ဆုံးဖြတ်ကြေညာခဲ့ပြီးတဲ့နောက် စီပီအိုင်ကုမ္ပဏီ ဥက္ကဋ္ဌကို တရုတ်မီဒီယာတွေက မေးမြန်းရာမှာ မြန်မာပြည် သူတွေ ထိခိုက်စရာမရှိဘူးလို့ ပြောဆိုခဲ့တာပါ။
တရုတ်နိုင်ငံ လျှပ်စစ်ဆိုင်ရာရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း ဥက္ကဋ္ဌ လုချူအိုက်ဇောဝ်က မြစ်ဆုံစီမံကိန်းဟာ တရုတ်မြန်မာ နှစ်နိုင်ငံ အကျိုးစီးပွားအတွက် ဖြစ်တယ်လို့ဆင်ဟွာသတင်းအေဂျင်စီနဲ့ ပြောကြားချက်အပေါ် မြန်မာ့မြစ်ချောင်း များဆိုင်ရာ ကွန်ရက်အဖွဲ့က မဟုတ်မမှန်ကြောင်း အောက်တိုဘာလ ၄ ရက်နေ့မှာ ထုတ်ပြန်ချေပခဲ့တာပါ။
ကွန်ရက်အဖွဲ့ ပြောခွင့်ရသူ မအားနန်က “သတင်းမီဒီယာတခုမှာ အင်တာဗျူးလုပ်ထားတယ်ပေါ့ ဒီဟာက ဆိုးကျိုးမရှိဘူး သူတို့ဘက်ကနေ နှစ်ဦးနှစ်ဖက် အကျိုးရှိတယ်ဆိုတဲ့ဟာကို ပြောနေတဲ့ဟာက တကယ်တမ်း ဒေသခံ ပြည်သူလူထုတွေအတွက် အကျိုးမရှိဘူးဆိုတဲ့ဟာတွေကို ကျမတို့ ပြချင်လို့ ဒါကို အဓိက ရည်ရွယ်ပြီး ထုတ်တာပေါ့နော်” လို့ ပြောပါတယ်။
တရုတ်ကုမ္ပဏီဥက္ကဋ္ဌက တော့ နှစ်နိုင်ငံအကျိုးရှိစေမယ့် ဒီစီမံကိန်းကို အချိန်ယူလေ့လာပြီးမှ အကောင်အထည်ဖော် ခဲ့ကြောင်း၊ တရုတ်နိုင်ငံကို လျှပ်စစ်ဓာတ်ရောင်း ချခြင်းအားဖြင့် မြန်မာပြည်က အမေရိကန်ဒေါ်လာ သန်းပေါင်း ၅ သောင်း ၄ ထောင်ရမှာ ဖြစ်သလို လျှပ်စစ်ဓာတ်အားလည်း အခမဲ့ရမှာဖြစ်တယ်။ ရေကာတာကြောင့် ရေကြီးတာကိုလည်းထိန်းထားနိုင်မယ်။ ဒီအကျိုးတွေအတွက် တရုတ်ဘက်က ငွေအားလူအားနဲ့ ဆောင်ရွက်နေတုန်းမှာ ကြိုတင် အကြောင်းမကြားဘဲ ရေကာတာ စီမံကိန်း တဖက် သတ်ရပ်စဲကြောင်း ကြေညာတာကို အံ့အားသင့်မိကြောင်း။ ဒီကိစ္စ တရား ဥပဒေကြောင်းအရ ပြန်ဖြေရှင်းမယ့် အကြောင်း ပြောကြားခဲ့ပါတယ်။
ဒီအချက်တွေ မှန်ကန်မှုမရှိတာကို တချက်စီပြန်လည်ချေပထားတဲ့အကြောင်း မအားနန်က ခုလိုဆက်ပြောပါတယ်။
“လျှပ်စစ်မီး ၉၀ ရာခိုင်နှုန်းက တရုတ်ရမယ်၊ ကျန်တဲ့ ဒီ ပိုက်စံကတော့ သူတို့ ပေးတာကတော့ အစိုးရပေါ့နော် သဘောတူ စာချုပ် ချုပ်တဲ့ အစိုးရ တစုရမယ်၊ ပြီးတော့ တရုတ်ဘက်ကနေပြီးတော့ အကျိုးအမြတ်ရမယ်ပေါ့နော်။ အဲဒီ အစိုးရကလည်း ကျမတို့ ပြည်သူလူထုတွေ ရွေးထားတဲ့ အစိုးရမဟုတ်ဘူး။ နောက်တချက်ကတော့ ဒီရေလွှတ်မှုကတော့ ကျမတို့ မြန်မာနိုင်ငံက ဧရာဝတီမြစ်ကို ထိန်းသိမ်းမှာ မဟုတ်ဘူး။ နေပြည်တော်ကနေပြီးတော့ ထိန်းသိမ်းနိုင်မှာ မဟုတ်ဘူး။ ဒါက ပေကျင်းမှာ ရှိတဲ့ တရုတ်တွေကနေပြီးတော့ ရေ ဘယ်လောက်လွှတ်မယ်၊ ဘယ်လောက် ထိန်းချုပ်ထားမယ် ဆိုတာက ဒီ တရုတ်နိုင်ငံကနေပဲ ပြန်ထိန်းချုပ်ထားမယ်ပေါ့နော်။”
ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းမှာ တရုတ်ဘက်က အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၆၀၀ ရင်းနှီးမြှုပ်နှံပြီး ၁၀ နှစ် စီမံကိန်းနဲ့ ဆောင်ရွက်သွားဖို့ ၂၀၀၆ ခုနှစ် ကတည်းက မြန်မာနဲ့ လက်မှတ်ရေးထိုးထားခဲ့တာပါ။ မြစ်ဆုံစီမံကိန်းအနီးမှာ ရေအားလျှပ်စစ်စီမံကိန်းအတွက် ရေကာတာ အငယ်စား လေးတွေကတော့ ဆက်လက်ဆောက်လုပ်နေကြပါတယ်။
Ref: ဒီဗွီဘီ
Friday, October 7, 2011
မြစ်ဆုံစီမံကိန်း ပြည်သူများ ထိခိုက်မှုမရှိဟု တရုတ်ကုမ္ပဏီပြောဆိုချက် မှားယွင်းဟု ဆို
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment