October 6, 2011
ရွှေအောင်
ရန်ကုန်က ဂျာနယ်သတင်းထောက်တချို့နဲ့ မြန်မာနိုင်ငံ အခြေစိုက် ပြည်ပ သတင်းဌာနတွေက သတင်းထောက် တချို့ကို အထူး စုံစမ်းစစ်ဆေးရေး အဖွဲ့က လိုက်လံ စုံစမ်းမေးမြန်းနေပါတယ်။
ကာယကံရှင်သတင်း ထောက်တွေကို မေးမြန်းစုံစမ်းတာမဟုတ်ဘဲ သူတို့ နေအိမ်နဲ့ နေထိုင်တဲ့ ရပ်ကွက်ရုံးတွေကို သွားရောက်ပြီး ဗုဒ္ဓဟူးနေ့က မေးမြန်း စုံစမ်းခဲ့တာပါ။
ရပ်ကွက်ထဲ နေထိုင်ခြင်းရှိမရှိ၊ သတင်းထောက်လုပ်တာ ဟုတ်မဟုတ် စတာတွေ မေးမြန်း စုံစမ်းကြတာလို့ အယ်ဒီတာ တဦးက ပြောပါတယ်။
အခုလို မေးမြန်းစုံစမ်းတာတွေ မလုပ်ခင်ကတည်းက သတင်းယူတဲ့နောက် တကောက်ကောက် လိုက်တာမျိုးတွေ မကြာခဏ ကြုံရတယ်လို့ သတင်းဂျာနယ် အယ်ဒီတာတဦးက ပြောပါတယ်။
အထူးသဖြင့် နေပြည်တော် လွှတ်တော် သတင်းသွားယူအခါမျိုးတွေမှာ သန့်စင်ခန်းဝင်တာကအစ နောက်ကနေ နောက်ယောင်ခံ လိုက်ကြည့်နေတာမျိုးထိ ကြုံကြရတာလို့လည်း ဆိုပါတယ်။
သတင်းရေးသား ဖော်ပြခွင့်ကို အရင်ကထက်ပိုပြီး ဖော်ပြခွင့်ပေးနေချိန်မှာ အခုလိုမျိုး သတင်းထောက်တွေကို လိုက်လံစုံစမ်းမေးမြန်းတာ၊ တကောက်ကောက် နောက်ယောင်ခံ လိုက်နေတာမျိုးတွေကို လုပ်နေတာနဲ့ပတ်သက်လို့ ရန်ကုန်တိုင်မ်း မီဒီယာဂရုပ်ဖ်ရဲ့ အမှုဆောင်အရာရှိချုပ် ဦးကိုကို (စက်မှု) က ခုလိုပြောပါတယ်။
“ကျနော်တို့ သတင်းအဖွဲ့တွေက ဒီအတိုင်း မှတ်ပုံတင်ပြပြီး ဝင်ကြရတာ မဟုတ်ဘူး။ ရုပ်ရှင်ရုံမှာလို လက်မှတ်ဖြတ်ပြီး ဝင်လို့ရတာ မျိုးမှ မဟုတ်တာ။ ကျနော်တို့ အကုန်လုံးက ကြိုတင်ပြီးတော့ အသိမှတ်ပြုထားရတယ်။ နိုင်ငံခြားသတင်းထောက်တွေဆို ရင်လည်း အသိအမှတ်ပြုပြီးတော့မှ တရားဝင် ဖြတ်သန်းပြီးတော့မှ စိစစ်ပြီးတော့မှ ခွင့်ပြုထားတဲ့ လူတွေပဲ ဖြစ်တယ်။ လွှတ်တော် သတင်းယူတယ်ဆိုရာမှာလည်း သတင်းယူမှာကို ကျနော်တို့က တန်းပြီးတော့ မင်းသွားဆိုပြီး သတင်းယူရတာမျိုးလည်း မဟုတ်ဘူး။ ကြိုတင်ပြီးတော့ လိုအပ်တဲ့ ကိုယ်ရေးအချက်အလက်တွေ ဘာတွေနဲ့ ဖြည့်စွက်ပြီးတော့မှ ယူရတဲ့ လူတွေဖြစ်ပါတယ်။ ဆိုလိုတာကတော့ စိစစ်ခံပြီးမှ ခွင့်ပြုထားတဲ့ လူတွေ ဖြစ်တဲ့အတွက်ကြောင့် ဒီလူတွေကိုတော့ ကျနော်ကတော့ သတင်းယူတဲ့အချိန်မှာ လွတ်လွတ်လပ်လပ် သတင်းယူခွင့် ပြောစေချင်တယ်။
“လွှတ် တော်လိုဟာ မျိုးကိုတောင်မှ လွတ်လွတ်လပ်လပ် ပြောဆိုဆွေးနွေးခွင့် ရနေပြီး နိုင်ငံရေးနဲ့ ပတ်သက်တာ အရင်တုန်းကတော့ နိုင်ငံရေးအရ အစိုးရကို ဝေဖန်တာတွေ ပြောလို့ မရဘူးဗျာ။ ဝေဖန်တာပြောမိရင် ဒုက္ခရောက်တယ်။ အခု ဝေဖန်ပြောဆိုမှုတွေကိုတောင်မှ တရားဝင်ခွင့်ပြုနေပြီ အခုဆိုရင် ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်လို ဟာမျိုးကိုတောင်မှ ဥပဒေကြမ်းတွေ ထွက်နေတဲ့အချိန်မှာ ဒီလိုမျိုး သတင်းအဖွဲ့တွေ နောက်ကနေ နောက်ယောင်ခံလိုက်တာတို့ တခုခု လုပ်တာမျိုးကတော့ စိတ်အနှောင့်အယှက် ပေးရုံကလွဲလို့ ဘာမှ အကျိုးမရှိဘူးလို့ ကျနော် မြင်တယ်ခင်ဗျ။”
Ref: ဒီဗွီဘီ
Friday, October 7, 2011
သတင်းထောက်များ၏အကြောင်း အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က လိုက်လံမေးမြန်း
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment