October 4, 2011
မြစ်ကြီး နားမြို့ကနေ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းကို ချီတက်နေတဲ့ အစိုးရစစ်တပ် စစ်ကြောင်းတွေက လမ်းတလျှောက်မှာရှိတဲ့ ကျေးရွာသားတွေကို ပေါ်တာဆွဲနေပြီး ပေါ်တာမလိုက်ချင်တဲ့သူတွေက ငွေကြေးပေးနေရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက မြစ်ကြီးနားကနေ တာလောကြီးဘက်ကို ချီတက် သွားတဲ့ စစ်ကြောင်းတွေက ကျေးရွာသားတွေကို ပေါ်တာ အဖြစ် ဖမ်းဆီးနေပြီး ပေါ်တာ အဖမ်းခံထားရတဲ့သူတွေကို အိမ်ကနေ ငွေနဲ့ လိုက်ရွေးနေကြရတယ်လို့ မြစ်ကြီးနား ဒေသခံတဦးက အခုလို ပြောပါတယ်။
“တာလောကြီး ကိုသွားတဲ့ စစ်ကြောင်းတွေက ဧရာဝတီမြစ်တလျှောက်မှာရှိတဲ့ ရွာတွေကို တရွာပြီးတရွာ ဖြတ်သန်းသွားတဲ့အခါ မှာ ပေါ်တာတွေ ဆွဲတယ်။ ပေါ်တာဆွဲတဲ့ထဲမှာ တချို့က ငွေကြေးတတ်နိုင်တဲ့သူတွေ ပါလာတော့ အိမ်ကိုမှာပြီး တယောက် ငါးသိန်းနဲ့ ရွေးခိုင်းတယ်လို့ပြောတယ်။ အဲဒီက လွတ်လာတဲ့သူတွေက ကျနော့်ကို ပြောပြတာ။ ငွေကြေးမတတ်နိုင်တဲ့သူတွေက ပေါ်တာ လိုက်ရတာပေါ့။ ဟိုးကပ်၊ တာပဒေါင်မှာ အခုက ရွာသားတွေ ဘယ်သူမှ မရှိတော့ဘူး။”
ပြီးခဲ့တဲ့ ရက်ပိုင်းတွေကစလို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)၊ မိုးကောင်းအခြေစိုက် အမှတ် ၃ စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာန ချုပ် (စကခ) လက်အောက်ခံတပ်တွေအပါအဝင် အောက်ပိုင်းမှ မီးရထားနဲ့ ရောက်လာတဲ့ တပ်မ လက်အောက်ခံတပ်တွေက ဧရာဝတီမြစ်အရှေ့ဘက်ဘက်ကမ်းရှိ ကချင်ပြည်လွတ်လပ်ရေးတပ်မတော်(ကေအိုင်အေ) တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ဖို့အတွက် ချီတက်နေရာမှာ အခုလို ကျေးရွာသားတွေကို ပေါ်တာဆွဲနေတာပါ။
မြစ်ကြီးနား မြို့၊ ခေမာသီရိရပ်ကွက်နေ (၂)ဦး တာလောကြီးအနီးက ဟိုးကပ်တာပဒေါင်း နယ်အတွင်း ပြောင်းသွားကောက်စဉ် စစ်ကြောင်းနဲ့ တွေ့ပြီး ပေါ်တာအဖမ်းခံခဲ့ရလို့ ငွေပေး ရွေးခဲ့ရတယ်လို့ မြစ်ကြီးနားမြို့ခံတဦးက ပြောပါတယ်။
“အဲဒီလူနှစ် ယောက်က တယောက်က ကိုညီ၊ တယောက်က ဦးဂမ်အောင်၊ မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်မှာနေတယ်။ ဟိုးကပ်တာပဒေါင်းမှာ ဖမ်းမိတယ်ပြောတယ်။ အသက်က(၃ဝ)ရှိမှာပေါ့။ သူတို့က ပြောင်းကုန်သည် တွေပေါ့။ ပြောင်းစိုက်တဲ့အချိန် မှာ ငွေကြိုပေးတယ်။ ခု ပြောင်းပေါ်တဲ့အခါ ပြောင်းသွားကောက်ရင်းနဲ့။ ပြောင်းကို စက်လှေနဲ့ တင်လိုက်ပြီးမှ ဆိုင်ကယ်နဲ့ ပြန်ခဲ့တယ်ပြောတယ်။ ဆိုင်ကယ်နှစ်စီးလည်း သူတို့ သိမ်းသွားတယ်တဲ့။ ဆိုင်ကယ်လည်း မရတော့တဲ့အပြင် အိမ်ကို ပိုက်ဆံလှမ်းမှာပြီး အိမ်က ပိုက်ဆံလာပို့တဲ့ခါမှ လွှတ်ပေးခဲ့တယ်ပြောတယ်။ တယောက် ငါးသိန်း ပေးလိုက်ရတယ်။
မြစ်ကြီးနား မြို့ကနေ ထွက်ခွာနေတဲ့ စစ်ကြောင်းတွေနဲ့အတူ လား အကောင်ရေ ရာနဲ့ချီ ယူဆောင်သွားနေတဲ့ကြားကပဲ အခုလို ကျေးရွာသားတွေနဲ့ ဒေသခံတွေကို ပေါ်တာဆွဲနေတာပါ။
Ref: ဒီဗွီဘီ
Wednesday, October 5, 2011
အစိုးရတပ် စစ်ကြောင်း ပေါ်တာဆွဲ၊ မလိုက်သူများ ငွေပေးကြရ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment