Tuesday, October 4, 2011

အာဖရိကရဲ့ သစ်ပင်မေမေ ကွယ်လွန်

04 October 2011
ဝင့်ထန်း

ကင်ညာ သမ္မတဟောင်း ဒန်နီရယ် မွိုင်း က ၀န်ဂါရီ မာထီ(Wangari Maathi) ကို အရူးမလို့ ခေါ်ခဲ့သည်။ နောက် ချမ်းသာသူ တွေ၊ အာဏာရှိသူတွေနဲ့ ကင်ညာနိုင်ငံ လုံခြုံရေးအတွက် အန္တရာယ်ရှိတယ်လို့ ယူဆပြီး သူမကို ရိုက်နှက်သည်၊ ထောင်ချသည်။

တကယ်တော့ ၀န်ဂါရီ က သိပ်ထူးထူးခြားခြားတွေ လုပ်ပြတာမဟုတ်။ နိုင်ငံရေးအာဏာကို စိန်ခေါ်တာ မဟုတ်။ သူမ လုပ်တာက သစ်ပင်စိုက်ခြင်း ဖြစ်သည်။ သစ်ပင်စိုက်ခြင်းက အာဖရိကရဲ့ ဆင်းရဲမွဲတေမှုနဲ့ ပဋိပက္ခတွေကို လျှော့ချနိုင်တယ်လို့ ယုံကြည်ပြီး သစ်ပင်တွေ သိန်းသန်းချီပြီး တစိုက်စိုက်မတ်မတ် စိုက်ခဲ့သူဖြစ်သည်။ ကင်ညာတစ်နိုင်ငံလုံး သစ်ပင်တွေစိုက်ဖို့ လှုံဆော်ခဲ့သည်။


အခုတော့ အဖရိကရဲ့ သစ်ပင်မိခင်ကို တစ်ကမ္ဘာလုံးက အမှတ်ရနေကြပြီ။ အသက် ၇၁ နှစ်ရှိ အာဖရိကရဲ့ ပထမဆုံး အမျိုးသမီး ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ၀န်ဂါရီမာထီ ဟာ စက်တင်ဘာ ၂၅ ရက်နေ့က ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီ။ အာဖရိက တစ် တိုက်လုံးက ကျောင်းသားတွေက သူမကို အမှတ်တရ အဖြစ် သစ်ပင်စိုက်ကြသည်။ ကမ္ဘာ့ခေါင်းဆောင်တွေက ၀မ်းနည်းကြောင်း သ၀ဏ်လွှာတွေ ပေးပို့ခဲ့ကြသည်။

မာထီက ကျန်းမာသန်စွမ်းတဲ့ သဘာဝပတ်ဝန်းကျင်က သန့်ရှင်းတဲ့ရေနဲ့ ချက်ပြုတ်ဖို့ ထင်းတွေပေးနိုင်ပြီး အာဖရိကက လူတွေရဲ့ ဘ၀ကို တိုးတက်အောင်လုပ်နိုင်၊ ပဋိပက္ခတွေ လျှော့ချနိုင်တယ်လို့ စွဲစွဲမြဲမြဲ ယုံကြည်ထားသူ။ ယုံကြည်ချက်အတိုင်း ကင်ညာမှာ သူမ ထူထောင်ထားတဲ့ လူမှုရေးအဖွဲ့အစည်းက ငြိမ်းချမ်းရေးနဲ့ သဘာဝကို အောင်နိုင်ရေးအတွက် သစ်ပင် သန်း ၃၀ ကျော် စိုက် ခဲ့သည်။ သူမရဲ့ လှုံဆော်မှုကို အားကျအတုယူပြီး ကုလသမဂ္ဂက တစ်ကမ္ဘာလုံး သစ်ပင် ၁၁ ဘီလီယံ စိုက်ဖြစ်ခဲ့သည်။

မာထီ က အမေရိကန်ပြည်ထောင်စုမှ ဘွဲ့ရခဲ့ပြီး၊ ကင်ညာနိုင်ငံက နိုင်ရိုဘီတက္ကသိုလ်မှာ ပါမောက္ခလုပ်ခဲ့သည်။ ၁၉၉၈ ခုနှစ်မှာ ကင်ညာမြို့ပြင်က ဖုန်းဆိုးမြေတွေမှာ သစ်ပင်စိုက်ဖို့ စတင်လှုံဆော်ခဲ့သည်။ အဲဒီမြေကွက်တွေကို သိမ်းထားတဲ့ အစိုးရနဲ့ နီးစပ် သူတွေက မာထီတို့ အဖွဲ့ကို လေးခွတွေ မြှားတွေ ခဲတွေနဲ့ ပစ်ခဲ့သည်။ နောက် ၀ါးရင်းတုတ်တွေ ကြာပွတ်တွေနဲ့ ရိုက်ခဲ့သည်။ မာထီ ကိုယ်တိုင် ခေါင်းကွဲပြီး သွေးအလိမ်းလိမ်းနဲ့ ဆေးရုံရောက်ခဲ့ရသည်။

၂၀၀၄ ခုနှစ် နော်ဝေနိုင်ငံ ငြိမ်းချမ်းရေးဆုပေးပွဲ အခမ်းအနားမှာ နိုဘယ်ဆုကော်မတီမှ ဒါရိုက်တာ ဂီယာ လန်ဒတ်စတဒ် က "မာထီ လုပ်ခဲ့တာ သစ်ပင်စိုက်တာပါ။ ဒါပေမဲ့ ဒါက သိပ်အရေးကြီးပါတယ်။ သဘာဝပတ်ဝန်းကျင် အမြင်နဲ့တင်မဟုတ်ဘူး၊ အာဖရိက သဲကန္တရ ဖြစ်နေတာ ရပ်တန့်ဖို့၊ အမျိုးသမီးတွေ လူမှုရေး နိုင်ငံရေး အသိစိတ်ဓာတ်တွေ နိုးကြားဖို့နဲ့ အာဏာရှင် ဒယ်နီရယ်မွိုင်း အစိုးရကို ဆန့်ကျင့်မှုတွေပါ လုပ်နိုင်ခဲ့တယ်။ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးနဲ့ အမျိုးသမီးအခွင့်အရေး၊ ဒီမိုကရေစီရေးတွေကို ပေါင်းစပ် လုပ်နိုင်ခဲ့တယ်" ဟု ပြောခဲ့သည်။

နိုဘယ်ဆု လက်ခံရယူစဉ် မာထီ က ကင်ညာ ကျေးလက်တောရွာက သူမရဲ့ ကလေးဘ၀ အတွေ့အကြုံတွေကို မိန့်ခွန်းမှာ ထည့် ပြောခဲ့သည်။ စီးပွားရေးသမားတွေက သစ်တောကို အပြောင်ရှင်းပစ်ပုံ၊ သစ်ပင်တွေ မရှိလို့ ရေတွေ မထိန်းနိုင်ပုံ၊ မြေပြို ကမ်းပြို တွေ ဖြစ်ရပုံ၊ သားကောင်တွေ သေဆုံးရပုံ၊ ဆင်းရဲမွဲတေမှု ဖြစ်လာပုံတွေ ပြောပြခဲ့သည်။

အာဏာရှင် မွိုင်း ပြုတ်ပြီး၊ နောက်အစိုးရ လက်ထက်မှာ မာထီ ကို သဘာဝပတ်ဝန်းကျင်နဲ့ သဘာဝရင်းမြစ် ထိန်းသိမ်းရေး ဒုတိယ ၀န်ကြီးအဖြစ် ခန့်ထားခံရသည်။

အရင်က သူမအဖွဲ့ (Green Belt Movement) က သစ်ပင်ပဲ သဲကြီးမဲကြီး စိုက်နေပြီး၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအကြောင်း သိပ် မပြောခဲ့ပေမဲ့၊ နောက်ပိုင်းမှာ ဒီမိုကရေစီအကြောင်း အရမ်းပြောလာသည်။ ဒီမိုကရေစီမရှိရင် သဘာဝပတ်ဝန်းကျင်ကို တာဝန်ယူ ထိန်းသိမ်းဖို့ မဖြစ်နိုင်ကြောင်း ကျယ်ကျယ်လောင်လောင် ပြောလာသည်။

"သစ်ပင်ဟာ ကင်ညာနိုင်ငံ ဒီမိုကရေစီ ကြိုးပမ်းမှုအတွက် သင်္ကေတပါပဲ။ ကင်ညာနိုင်ငံသားတွေဟာ အာဏာ အလွဲသုံးသူတွေ၊ အဂတိလိုက်စားသူတွေနဲ့ သဘာဝပတ်ဝန်းကျင် ဖျက်ဆီးသူတွေကို စိန်ခေါ်ဖို့ သစ်ပင်စိုက်ရင်း စည်းလုံးညီညွတ်မှုတွေနဲ့ ရဲဝံ့မှုတွေ ရရှိလာခဲ့တယ်" လို့ မာထီ က မိန့်ခွန်းမှာ ထည့်ပြောသည်။

နိုဘယ်ဆုရပြီးနောက်ပိုင်း ကမ္ဘာအနှံ့က အစိုးရတွေနဲ့ အဖွဲ့အစည်းတွေက မာထီရဲ့ လုပ်ဆောင်မှုတွေကို ပိုပြီး အသိအမှတ်ပြု လာ ကြသည်။

ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင်အဖွဲ့ က ၂၀၀၆ ခုနှစ် တစ်ကမ္ဘာလုံး သစ်ပင် ၁၁ ဘီလီယံ စိုက်ပျိုးရေး UNEP's 2006 Billion Tree Campaign ဟာ မာထီ ရဲ့ လှုပ်ရှားမှုကနေ ဖြစ်လာကြောင်း ၀န်ခံပြောဆိုခဲ့သည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်း က မာထီ ဟာ လူ့အခွင့်အရေး၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး၊ အာဖရိကလုံခြုံ ရေးနဲ့ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးတို့ကို ပေါင်းစပ်လှုပ်ရှားနိုင်ခဲ့တဲ့ ထူးခြားတဲ့ စံပြပုဂ္ဂိုလ် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။


Ref: မောက္ခ

0 comments:

အပေါ်သို့