Wednesday, November 16, 2011

မြစ်ကြီးနား ဗုံးပေါက်ကွဲမှု ဖြစ်သည့် နေအိမ်ပိုင်ရှင်ကို ရဲစစ်ဆေး

ဖနိဒါ
နိုဝင်ဘာလ ၁၅ ရက် ၂၀၁၁ ခုနှစ်

မြစ်ကြီးနားမြို့ရှိ မိဘမဲ့ကလေးများကို စောင့်ရှောက်ထားသည့် နေအိမ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အိမ်ရှင်ဖြစ်သူ ဦးဒ ယောင်တန်ဂွန်းကို မြစ်ကြီးနား အမှတ် (၁) ရဲစခန်းတွင် ထိန်းသိမ်းကာ စစ်ဆေး လျက် ရှိသည်ဟု သူ၏ မိတ်ဆွေများက ပြောသည်။

အသက် ၄၈ နှစ် ဝန်းကျင်အရွယ် ဦးဒယောင်တန်ဂွန်းကို စစ်ကိုင်းတိုင်း ကသာမြို့ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး မိုးညှင်း မြို့နယ် ရဲစခန်း မှတဆင့် မြစ်ကြီးနား ရဲတပ်ဖွဲ့ထံ ပြန်လည် လွဲပြောင်းပေးရာက အင်္ဂါနေ့ နံနက် ၅ နာရီခန့်တွင် မြစ်ကြီးနားမြို့သို့ ကားဖြင့် ရောက်ရှိလာခဲ့သည်။

လူ ၁၀ ဦးသေဆုံးပြီး ၂၇ ဦးဒဏ်ရာရသော ဗုံးပေါက်ကွဲမှုနှင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့စဉ်က ဦးဒယောင်တန်ဂွန်းမှာ လွတ်လပ်သော ခရစ်ယာန်အသင်းတော်မှ သင်းအုပ်ဆရာများနှင့်အတူ သာသနာပြုခရီး ထွက်လျက်ရှိသည်ဟု ဆိုသည်။


“သူကို ခြေချင်းခတ်ပြီးတော့ ခေါ်လာတယ်။” ဟု သူ၏ မိတ်ဆွေက မဇ္ဈိမသို့ ပြောသည်။

“သူတို့က (အစိုးရက) သူ့အိမ်မှာ အဲဒီလိုဖြစ်တော့ သူက ဗုံးနဲ့ ပတ်သက်ပြီး သင်ပေးနေလား ဆိုတဲ့ပုံစံနဲ့ မသင်္ကာလို့ ဖမ်းထား တာပဲ။”ဟု ဆက်ပြောသည်။

တနင်္ဂနွေနေ့ညက မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ နေအိမ်တွင် ဗုံးပေါက်ကွဲမှုကြောင့် ဦးဒယောင်တန်ဂွန်း၏ သားနှစ်ယောက်၊ မြေးတယောက်နှင့် မိဘမဲ့ကလေး လေးယောက်၊ စစ်ပြေးဒုက္ခသည် သုံးယောက် ကွယ်လွန်ခဲ့ရာ အင်္ဂါနေ့တွင် တပ်ကုန်းရပ်ကွက် ရာဒါကောင်း (Rada Kawng)သင်္ချိုင်းတွင် မြေမြှုပ်သဂြုင်္ိဟ် ခဲ့သည်။

ပြင်းထန်သော ဗုံးပေါက်ကွဲမှုကြောင့် ခန္ဓာကိုယ် အစိတ်အပိုင်းများ လွှင့်စင် ထွက်လာခဲ့သည်ဟု အိမ်နီးချင်းများက ပြောသည်။ နေအိမ်အနောက်ဘက်လမ်းကြားမှ မော်တော်ဆိုင်ကယ်နှင့် လူနှစ်ဦး ရောက်ရှိလာပြီး ခြံဝင်းထဲသို့ အထုပ်တထုပ် ပစ်ချခဲ့ရာက ပေါက်ကွဲမှု ဖြစ်ခဲ့ခြင်းဟု ဒေသခံများ ယုံကြည်နေခဲ့ကြသည်။

ဒယောင်ဆိုင်းခွန် (၂၈ နှစ်)၊ ဒယောင် လှဆိုင်းလ (၂၂ နှစ်)၊ မဆိုင်းမိုင် (လေးနှစ်)၊ ဆန်လီအောင် (၁၉နှစ်)၊ ဂွမ်ဂျတ် (၁၈ နှစ်)၊ ဘရန်မိုင် (ခုနှနှစ်) ၊နော်နော် (ငါးနှစ်)၊ ဝိုင်းမော်မြို့နယ် ဂါးရားယန်ရွာမှ စစ်ပြေးဒုက္ခသည် ဒေါ်ခေါန်လွမ်း (၃၂ နှစ်)၊ မလုမိုင် (ငါးလသား)၊ မလုနန် (ငါးနှစ်)တို့ သေဆုံးခဲ့ကြသည်။

ဒဏ်ရာရသူ ၂၇ ဦးတွင်လည်း ဦးဒယောင်တန်ဂွန်း၏ ဇနီးပါဝင်ပြီး မြစ်ကြီးနားဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်။

မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်တွင် ဒိုင်လူကြီး တဦးလည်းဖြစ်သူ ဦးတန်ဂွန်းသည် လွန်ခဲ့သည့် ငါးနှစ်က ကချင်ရိုးရာ ယဉ်ကျေးမှု အဖွဲ့တွင် သိုင်းပညာနှင့် ဘင်ခရာ သင်တန်းနည်းပြဆရာ လုပ်ခဲ့ရာ "Jade Land Company" ပိုင်ရှင် ဦးရွပ်ဇော်ခေါင်က အထောက်အပံ့ ပေးထားသည်။ သို့သော် ၂၀၁၀ ခုနှစ်မှစတင်၍ မိဘမဲ့ကလေးများကို စောင့်ရှောက်၍ သီးသန့်နေထိုင်ခဲ့သည်ဟု သူ၏ မိတ်ဆွေတဦးက ပြောသည်။

သူ၏ ဘင်ခရာအဖွဲ့သည် မြစ်ကြီးနားမြို့ ပွဲလမ်းသဘင် အခမ်းအနားများတွင် အခကြေးငွေယူကာ တီးခတ်ပေးလေ့ ရှိသည်။

အစိုးရအာဘော် မြန်မာ့အလင်း သတင်းစာကတော့ နေအိမ်တွင်း မိုင်းကို ဖောက်ခွဲမှု ပြုလုပ်ရေး အတွက် ပြင်ဆင် ပြသနေစဉ် ပေါက်ကွဲမှု ဖြစ်ပွားခြင်းဟု စွပ်စွဲထားကာ ယခင်ရက်ပိုင်းက ပေါက်ကွဲမှုများနှင့် ဆက်စပ် နိုင်သည်ဟု ဆိုသည်။

အင်္ဂါနေ့ထုတ် မြန်မာ့အလင်း သတင်းစာက “ကချင်ပြည်နယ်အတွင်း ၂၀၁၀ ခုနှစ် ဇွန်လမှ နိုဝင်ဘာလ ၁၃ ရက်နေ့ ထိ ကချင် အမျိုးသား လွတ်မြောက်ရေး အဖွဲ့၏တပ် KIA မှ လုပ်ဆောင်ခဲ့သည်ဆိုသော တံတားဖျက်၊ မီးရှို့ဖျက်ဆီးမှု အကြိမ်များ ကိုလည်း ရေးသားထားသည်။

ထိုစာရင်းများအရ တံတားမိုင်းခွဲ ၁ဝ၅ ကြိမ်၊ ကားလမ်းမိုင်းခွဲ ကိုးကြိမ်၊ ရထားလမ်း မိုင်းခွဲ ၁၈ ကြိမ်၊ ယာဉ်/ယန္တယား မိုင်းခွဲ သုံးကြိမ်၊ အဆောက်အအုံ မိုင်းခွဲ ၁၃ အကြိမ်၊ ပစ်ခတ်/ဓါးဖြင့်ခုတ် ၃၁ ကြိမ်၊ မီးရှို့ဖျက်ဆီး ခြောက်ကြိမ်၊ ဖမ်းဆီးလူသစ်စု ၂၉၂ ဦး၊ KIA တိုက်ခိုက်ခံရ၍ အရပ်သား ထိခိုက်ဒဏ်ရာရ ၇၅ ဦး၊ သေဆုံးသူ ၃၃ ဦးနှင့် အဓမ္မ ဆက်ကြေးကောက်ခံမှု ခြောက် ကြိမ် ရှိသည်ဟု ပါရှိသည်။

သုံးကြိမ်တိုင် ဆွေးနွေးပြီး သဘောတူညီမှု မရဘဲ ဖြစ်နေသော KIO နှင့် အစိုးရတပ်များ တိုက်ပွဲများ ဖြစ်ပွားနေစဉ် မြစ်ကြီးနား မြို့တွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားနေခဲ့ပြီး ည ခုနှစ်နာရီလောက်တွင်ပင် လူခြေတိတ်လျက် ရှိသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့