Tuesday, November 15, 2011

ရခိုင်က ရဲအရာရှိ ရဲရံပုံငွေ အကြောင်းပြငွေညစ်

11/14/2011


ရခိုင်ပြည်နယ် စစ်တွေမြို့မှ ရဲအရာရှိ တစ်ဦးသည် ရဲရံပုံငွေ အတွက်ဟု အကြောင်းပြကာ ခရီးသည် အမျိုးသမီး တစ်ဦးမှ ခြိမ်း ခြောက်ကာ ငွေညစ်ခဲ့ကြောင်း သတင်း ရရှိသည်။

" ငွေညစ်ခံရတဲ့ အမျိုးသမီးက ရသေ့တောင်က ဒေါ်မအောင်သိန်း ဖြစ်ပါတယ်။ သူက ရန်ကုန်ကနေ ကိုရီးယား နိုင်ငံခြား ဇာတ် လမ်းတွဲ DVD အခွေတွေကို ၀ယ်ယူလာတဲ့ အတွက် ရဲအရာရှိ အောင်လင်းနိုင်က ခြိမ်းခြောက်ပြီး ငွေညစ်တာ ဖြစ်ပါတယ်။ ကျပ်ငွေ ၁၈၀၀၀ ကျပ် ရဲရံပုံငွေ အတွက် ဆိုပြီး အတင်း တောင်းယူထားလိုက်ပါတယ်" ဟု အမည် မဖေါ်လိုသူ သူမနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။


ဒေါ်မအောင်သိန်းမှာ ရသေ့တောင်မြို့ ချောင်းဝရပ်ကွက်တွင် နေထိုင်သူ ဖြစ်ပြီး နိုဝင်္ဘာလ ၇ ရက်နေ့က ရွှေပြည်သစ် ခရီသည် တင် ဘတ်စ်ကားဖြင့် ရန်ကုန်မှ စစ်တွေသို့ လိုက်ပါလာခဲ့ကြောင်း၊ နိုဝင်္ဘာလ ၈ ရက်နေ့ ညနေတွင် စစ်တွေမြို့ အ၀င် ကျောက် တန်း တံတား အနီးရှိ ရဲဂိတ်မှ ဒုရဲအုပ် အောင်လင်းနိုင်က အဆိုပါ ကားကို ရပ်တန့် စစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးစဉ် ဒေါ်မ အောင် သိန်း ရန်ကုန်မြို့မှ ၀ယ်ယူလာသော နိုင်ငံခြား ခွေများကို တွေ့ရှိသွားပြီး ရဲကင်းရှိ အောက်စက်ဖြင့် အဆိုပါ အခွေများကို စမ်းသပ် ကြည့်ရှုခဲ့ကြောင်း၊ ပြီးနောက် ကျောက်တန်းကျေးရွာ အုပ်ချုပ်ရေးမှူးအား ခေါ်ယူပြီး ရှာဖွေ ပုံစံတွင် အသိသက်သေ အဖြစ် လက်မှတ် ရေးထိုးခိုင်းကြောင်း၊ ဒေါ်မအောင်သိန်းမှ ယခု အခွေများမှာ ညစ်ညမ်းခွေများ မဟုတ်ဘဲ တရားဝင် ရောင်းချ နေသော အခွေများ ဖြစ်ပါကြောင်း၊ ရန်ကုန်မြို့ တွင် တရားဝင် ရောင်းချနေသော ဆိုင်တစ်ဆိုင်မှ ၀ယ်ယူလာခြင်း ဖြစ်ကြောင်း၊ စစ်တွေမြို့တွင်လည်း ရောင်းချနေကြောင်း၊ မြန်မာ့ ရုပ်မြင်သံကြားမှလည်း အဆိုပါ ဇာတ်လမ်း တွဲများကို နေ့စဉ် ပြသနေပါ ကြောင်း၊ မည်သည့် အတွက် ယခုကဲ့သို့ တရားဝင် ပြသခွင့်ရရှိထားသော အခွေများကို ဖမ်းဆီးရပါသလဲ မေးမြန်းကြောင်း၊ ထိုသို့ မေးမြန်းပြီးနောက် ဒေါ်မအောင်သိန်းထံမှ အဆိုပါ အခွေများကို သိမ်းဆည်းထားလိုက်ပြီး နိုဝင်္ဘာလ ၉ ရက်နေ့တွင် ရဲကင်းဂိတ် သို့ လာရောက် ဖြေရှင်းရန် ပြောကြားခဲ့သည်ဟု သိရသည်။

" ဒေါ်မအောင်သိန်းက သူမမှာ ဘာအပြစ်မှ မရှိတော့ ၉ ရက်နေ့မှာ ရဲကင်းဂိတ်သွားတယ်။ သူရဲ့ အခွေတွေကို ပြန်တောင်းတော့ ဒုရဲအုပ် အောင်လင်းနိုင်က ရဲရံပုံငွေ အတွက် ကျပ် ၂၀၀၀၀ ပေးခဲ့ပါဆိုတော့ ကျပ် ၁၈၀၀၀ ပေးခဲ့ရပါတယ်။ အဲဒီငွေတွေလည်း ရဲရံပုံငွေ ဆိုပြီး ပြောတာပါ။ သူတို့ ကိုယ်ကျိုးအတွက် တောင်းတာ ဖြစ်ပါတယ်" ဟု သူက ဆက်ပြောသည်။

အဆိုပါ ငွေ ၁၈၀၀၀ ပေးပြီးနောက် ဒုရဲအုပ် အောင်လင်းနိုင်မှ ဒေါ်မအောင်သိန်း ယူဆောင်လာသော အခွေများကို ပြန်လည်ပေး အပ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မြို့တော် စစ်တွေနှင့် ရန်ကုန် မော်တော်ကားလမ်းတွင် ရဲ၊ စစ်တပ်၊ လ၀က တို့မှ နိုင်ငံတော် လုံခြုံရေး အကြောင်း ပြကာ အကောက်ဂိတ်များကို ဖွင့်လှစ်ထားပြီး အဆိုပါ အကောက်ဂိတ်ရှေ့မှ ဖြတ်သန်း သွားလာသော ကားများကို ရပ်တန့်ကာ ခရီးသွား ပြည်သူများထံမှ နည်းအမျိုးမျိုးဖြင့် ငွေများ တောင်းခံနေကြကြောင်း သိရသည်။

ယခုကဲ့သို့ အစိုးရဌာန အကောက်ဂိတ်များမှ မတရားသဖြင့် ကိုယ်ကျိုးရှာနေကြ၍ ရခိုင်ပြည်သူများ ထိခိုက်နစ်နာနေကြရသည့် အတွက် အဆိုပါ အကောက်ဂိတ်များကို ရုတ်သိမ်းပေးရန် ရသေ့တောင်မြို့နယ် ပြည်သူ့မဲဆန္ဒနယ်မြေ အမှတ် ၆ ကိုယ်စားလှယ် ဦးခင်မောင်လတ်က စက်တင်ဘာလ ၂၃ ရက်နေ့က ပြည်သူ့လွှတ်တော်တွင် တင်ပြတောင်းဆိုခဲ့သည်။

Ref: နိရဉ္စရာ

0 comments:

အပေါ်သို့