November 16, 2011
မင်းလွင်
ယုံကြည်ချက် ကြောင့် နှစ်ရှည်ထောင်ဒဏ် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဒီကနေ့မှာ နယ်အဝေးထောင်ကနေ မိသားစုနဲ့နီးတဲ့ ထောင်ကို ပြောင်းရွှေ့ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေက ပြောပါတယ်။
ပူတာအို ထောင်မှာ ၉၃ နှစ်ကြာ ထောင်သွင်းအကျဉ်းချခံနေရတဲ့ ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦးကို ထောင်အာဏာပိုင်တွေက တောင်ငူထောင်ကို ရွှေ့ပြောင်းလိုက်တယ်လို့ သူ့ပါတီဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က အတည်ပြု ပြောပါတယ်။
ဦးခွန်ထွန်း ဦးဟာ ဒီကနေ့ နေ့လယ် တနာရီခွဲမှာ ပူတာအိုလေဆိပ်ကနေ မြစ်ကြီးနား လေဆိပ်ကိုအသွားမှာ မျက်မြင်သက်သေကို ကိုးကားပြီး ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောပါတယ်။
ဦးခွန်ထွန်းဦးကို မြစ်ကြီးနားမှ တဆင့် တောင်ငူထောင်ကို ပို့မယ်လို့ သိရပါတယ်။
ရှမ်းတိုင်း ရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ဦးစိုင်းလိတ်ကတော့ အစိုးရဘက်ကနေ အစိုးရိမ်မကြီးဘဲ အခုလို ထောင်ပြောင်းရွှေ့တာတွေ လုပ်မယ့်အစား ခြွင်းချက်မရှိ ချက်ချင်း လွှတ်သင့်တယ်လို့ ပြောပါတယ်။
“အစိုးရဘက်က အစိုးရိမ်ကြီးနေပြီးတော့မှ ချက်ချင်းလွှတ်မပေးတာလို့ပဲ မြင်တယ်လေ။ ထိပ်တန်းခေါင်းဆောင်တွေကိုပဲဖြစ်ဖြစ်၊ ကျောင်းသားခေါင်းဆောင် တွေကိုပဲ ဖြစ်ဖြစ်၊ တစုတစည်းတည်း အကုန်လုံးကို လွှတ်မယ်ဆိုလို့ရှိရင် သူတို့ရဲ့ လုပ်ငန်းစဉ်တွေမှာ တစုံတခုများ ထိခိုက်လေမလားဆိုပြီး သူတို့ အစိုးရိမ်ကြီးနေတာလို့ပဲ ကျနော် မြင်တယ်။ အဲဒီအပေါ်မှာတော့ ကျနော်တို့က ဒါ မဖြစ်သင့်ဘူးပေါ့နော်။ တကယ်ဆိုရင် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်မှာ တဖက်တလမ်းကနေ ပါဝင်အားဖြည့်နိုင်ဖို့အတွက်ဆိုရင် တိုင်းရင်းသားခေါင်းဆောင်တွေရော၊ ကျောင်းသားခေါင်းဆောင်တွေရော၊ သံဃာတော်တွေ အပါဝင်ပေါ့ နိုင်ငံ့အကျိုးကို ဝင်ရောက်ပြီးတော့မှ ဖြည့်ဆည်းပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူတို့အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ပဲ ကျနော်တို့က လိုလားတာပါ။”
ကျိုင်းတုံ အကျဉ်းထောင်မှာ အကျဉ်းကျခံနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ခေါင်းဆောင် ကိုမင်းကိုနိုင်ကိုတော့ သရက်ထောင်ကို ပြောင်းရွှေ့လိုက်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ကျိုင်းတုံ အကျဉ်းထောင်ကို ဆက်သွယ်စုံစမ်းတဲ့အခါမှာ ထောင်အရာရှိတဦးက ကိုမင်းကိုနိုင်ဟာ ကျိုင်းတုံထောင်ထဲမှာပဲ ရှိနေသေးတယ်လို့ ပြောပါတယ်။
“ဒီအချိန်ထိ တော့ ဒီသတင်းကို လျှို့ဝှက်ထားသေးတယ်လို့ ပြောလို့ရတာပေါ့။ ဒီအချိန်ထိကတော့ ရှိနေသေးတယ်။ အဲဒီသတင်းက အမှန်ဖြစ်ဖို့များလောက်တယ်လို့ ခန့်မှန်းရတာပေါ့လေ။ ဘာလို့လဲဆိုတော့ ဒီနေ့ဆိုလို့ရှိရင် ကျနော်တို့ ကိုမင်းကိုနိုင်နဲ့ ပတ်သက်တဲ့ ကျနော်တို့ ဒီကျိုင်းတုံထောင်ကို ရောက်ပြီး ပေါ့နော် ကျန်းမာရေးစောင့်ရှောက်မှု စာရင်းဇယားစစ်တမ်းတွေ အားလုံး ပြင်ဆင်နေတာတော့ တွေ့ရတယ်ပေါ့နော်။ ကျိုင်းတုံလေယာဉ်က ဘယ်နေ့တွေရှိလဲ ဆိုရင် တနင်္ဂနွေ၊ အင်္ဂါ၊ ကြာသပတေး၊ စနေ မနက်ဖြန်ဆိုရင်တော့ ကွန်ဖန်း ဖြစ်လောက်ပါတယ်။”
ကျိုင်းတုံလေယာဉ်ရှိတဲ့ မနက်ဖြန်မှာ ထောင်ပြောင်းဖို့များတယ်လို့လည်း ထောင်အရာရှိက ပြောပါတယ်။
သရက်အကျဉ်း ထောင်မှာ အကျဉ်းကျခံနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က မနီလာသိန်းကိုလည်း ဒီကနေ့ သယာဝတီအကျဉ်းထောင်ကို ပြောင်းရွှေ့လိုက်တယ်လို့ မိသားစုဝင်တွေက သယာဝတီ ထောင်အာဏာပိုင်တွေကို ကိုးကားပြီး ဒီဗွီဘီကိုပြောပါတယ်။
နိုင်ငံရေး အကျဉ်းသားတွေ အာဆီယံ အစည်းအဝေးပြီးမှလည်း လွှတ်နိုင်မယ်လို့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုပြုံးချိုရဲ့ ဖခင် ဦးဝင်းမောင်က ပြောဆိုတယ်။
“သတင်းတော့ ထွက်လာတယ်၊ ဘာမှ ထိထိရောက်ရောက် မကြားရသေးဘူးလေ။ ဘာလို့လဲဆိုတော့ သူတို့က အစီရင်ခံစာ တင်ပြတာပဲပြောတယ်၊ ဘာမှ အမိန့်ထွက်မလာဘူးလေ။ နောက်ထပ် သိရတာကတော့ သူတို့ ညှိလို့ မရသေးဘူးလို့ ကြားနေတယ်။ အဲဒီတော့ အာဆီယံ ပြန်လာပြီးမှပဲ အထမြောက်မလားမသိဘူး။ တသုတ်တည်း မလွှတ်ဘဲနဲ့ ခွဲလွှတ်မယ်လို့လည်း ကြားနေတယ်။ လွှတ်ဖို့တော့ အစီအစဉ်ရှိတယ်လို့ ကြားတယ်။”
စစ်ကိုင်း တိုင်းဒေသကြီး ကလေးအကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသား နှစ်ဦးကိုလည်း ဒီကနေ့မှာ ကလေးအကျဉ်းထောင်ကနေ ပြောင်းရွှေ့သွားတယ်လို့ အဲဒီအကျဉ်းထောင်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။
၈၈ အရေးတော်ပုံကျောင်းသားဟောင်း ကိုတိုးကျော်လှိုင်က “မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ကနေပြီးတာ့ ထပ်မံလွှတ်ပေးဖို့ တောင်းဆိုတာ။ ထပ်မံလွှတ်ပေးဖို့ မေတ္တာရပ်ခံတဲ့ စာပါလာတယ်။ အဲဒီအပေါ်မှာ အကြမ်းဖျင်းသုံးသပ်လိုက်ရင် နှစ်ချက် ထွက်လာတယ်။ ထပ်လွှတ်ပေးဖို့ ရှိတယ် နံပါတ်တစ်။ နံပါတ်နှစ်က အကုန်လုံးမလွှတ်နိုင်ဘူး။ အကုန်လုံးမလွှတ်နိုင်ဘဲနဲ့ ကျန်ခဲ့တဲ့လူတွေကို မိသားစုနဲ့ နီးစပ်ရာအကျဉ်းထောင်တွေကို ပြန်ပြီးတော့ ရွှေ့ပေးမယ်လို့ ဆိုတဲ့ ကောက်ချက် နှစ်ခု ဆွဲလို့ ရတယ်။ ကောက်ချက် နံပါတ်တစ်က အခုနပြောသလို အကုန်လုံး မပါလာဘူး။ ဒုတိယကောက်ချက်ကတော့ မိသားစုနဲ့ နီးစပ်ရာကို ရွှေ့ပေးမယ် ဒီလို နှစ်ခု ကောက်ချက်ဆွဲလို့ ရတယ်။”
Ref: ဒီဗွီဘီ
Thursday, November 17, 2011
နယ်အဝေးအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားအချို့ ထောင်ပြောင်းရွှေ့
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment