Wednesday, November 16, 2011

မြန်မာ့ ရေနံ၊ သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ပြန်လည်ရင်းနှီးရန် Shell စဉ်းစား

သောမတ်စ်မောင်ရွှေ
နိုဝင်ဘာလ ၁၅ ရက် ၂၀၁၁ ခုနှစ်

မြန်မာနိုင်ငံတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေမှုကို ၁၈ နှစ်ကျော် ရပ်ဆိုင်းထားခဲ့သည့် အင်္ဂလန်-ဒတ်(ခ်ျ) နိုင်ငံတကာ ရေနံ ကုမ္ပဏီကြီး ဖြစ်သည့် Shell က ပြန်လည်ရင်းနှီးမြှပ်နှံရန် စဉ်းစားနေသည်ဟု ဘန်ကောက်အခြေစိုက် နေးရှင်းသတင်းစာ တွင် လွန်ခဲ့သည့်တပတ်က ဖေါ်ပြခဲ့သည်။

Shell က ထိုင်းနိုင်ငံပိုင် ရေနံရှာဖွေရေးနှင့် ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သည့် PTTEP နှင့် အကျိုးတူပူးပေါင်းရန် စဉ်းစားလျက် ရှိနေပြီး မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးလာသော ရေနံနှင့် သဘာဝဓာတ်ငွေလုပ်ငန်းတွင် ပြန်လည်ဝင်ရောက် လုပ်ကိုင်ရန် ရည်ရွယ်ခြင်းဖြစ် သည်ဟု သတင်းစာကရေးသားသည်။

PTTEP အနေဖြင့် ယင်းတို့ပိုင်ဆိုင်သည့် မြန်မာနိုင်ငံအတွင်းရှိ ရေနက်ကမ်းလွန်လုပ်ကွက် M11 တွင် Shell ကုမ္ပဏီ မှ ပူးပေါင်း ဆောင်ရွက်ရန်လည်း ကြိုးစားနေသည်။

သြဂုတ်လက PTTEP ဥက္ကဋ္ဌနှင့် အမှုဆောင် အရာရှိချုပ်ဖြစ်သူ Anon Sirisaengtaksin က ဘန်ကောက်ပို့စ် သတင်းစာ သို့ ပြောကြားရာတွင် M11 လုပ်ကွက် အနေအထားအရ ရှာဖွေရန်ခက်ခဲသည့် နေရာတွင် ရှိနေသဖြင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရန် ကုမ္ပဏီ တခုအလိုရှိနေသည်ဟု ဆိုခဲ့သည်။ “လုပ်ကွက်က ပင်လယ်ရေအောက် (၁) ကီလိုမီတာ အကွာမှာရှိ နေပါတယ်။ ဒါကြောင့် ကျနော်တို့ အနေနဲ့ မိတ်ဖက် လိုအပ်ပါတယ်။” ဟု ပြောခဲ့သည်။

M11 လုပ်ကွက်သည် ၇,၂၇၈ စတုရန်း ကီလိုမီတာ ရှိပြီး ဧရာဝတီ မြစ်ဝကျွန်းပေါ် တောင်ဘက် မုတ္တမကွေ့တွင် တည်ရှိသည်။

Shell သည် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေး ထိပ်တန်း ကုမ္ပဏီတခုဖြစ်ပြီး ယခုနှစ် အစောပိုင်းက PTTEPနှင့် အခြားနိုင်ငံတကာ ကုမ္ပဏီနှစ်ခုတို့ နယူးဇီလန်နိုင်ငံ၏ ရေနက်ကမ်းခြေရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး တွင် ပါဝင်လုပ်ကိုင်ခဲ့သည်။

Shell ကုမ္ပဏီသည် ၁၉၈၉ ခုနှစ် အောက်တိုဘာလတွင် မြန်မာနိုင်ငံတွင် လုပ်ကိုင်ရန် လာရောက်ခဲ့ကာ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ရှာဖွေရေးအတွက် နဝတ အစိုးရနှင့် စာချုပ် ချုပ်ဆိုခဲ့သည်။

ထိုသို့ လုပ်ကိုင်ခဲ့သော်လည်း လေးနှစ် မပြည့်မီ ၁၉၉၃ ခုနှစ် မတ်လ၌ Shell ၏ မြန်မာပြည် ကုမ္ပဏီခွဲဖြစ်သည့် Myanmar Shell B.V ကုမ္ပဏီတို့သည် ပဲခူးရိုးမ ဒေသရှိ ကုန်းတွင်း ရေနံရှာဖွေရေး လုပ်ငန်းမှ “ရလဒ်မကောင်းသည့် တူးဖော်တွေ့ရှိ မှုများ” ကြောင့် ရှာဖွေတူးဖော်ခြင်းများ ရပ်ဆိုင်းခဲ့သည်။

Shell ကုမ္ပဏီ ၁၉၉၃ ခုနှစ် မြန်မာနိုင်ငံမှ ထွက်ခွာသွားချိန်၌ Shell ကုမ္ပဏီနှင့် အခြား နိုင်ငံခြား ရေနံကုမ္ပဏီ ကိုး ခု တို့ သည် မြန်မာနိုင်ငံတွင် ရှာဖွေတူးဖော်မှုများ ပြုလုပ်ရန် စာချုပ်ချုပ်ရေးအတွက် နဝတ စစ်အစိုးရအား အမေရိကန် ဒေါ်လာ ငါးသန်း အပိုကြေးအဖြစ် ပေးခဲ့ရသည်ဟု Wall Street ဂျာနယ်တွင် ဖော်ပြခဲ့သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့