Tuesday, November 15, 2011

မြန်မာကို ၂၀၁၄ အာဆီယံ ဥက္ကဋ္ဌ အဖြစ် နိုင်ငံခြားရေးဝန်ကြီးများ အတည်ပြု

Tuesday, November 15, 2011
ဘာလီ (နိုဆာဒူဝါ)၊ နိုဝင်ဘာ ၁၅

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်သက်တမ်း ၁၄ နှစ်ရှိ မြန်မာနိုင်ငံ ကို ၂၀၁၄ အာဆီယံ ဥက္ကဋ္ဌ အဖြစ် ယနေ့ နံနက်ပိုင်း နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးတွင် အတည်ပြုလိုက်ပြီဖြစ်ကြောင်း ယင်းအစည်းအဝေး အတွင်း ရောက်ရှိနေသော အာဆီယံ အဆင့်မြင့် အရာရှိတစ်ဦးက ပြောကြားသည်။

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်း နိုဆာဒူဝါရှိ ဘာလီနိုဆာဒူဝါ အစည်းအဝေးခန်းမ (BNDCC) တွင် ကျင်းပလျက် ရှိသော ယင်း အစည်းအဝေးတွင် ထိုသို့ အတည်ပြု လိုက်ခြင်းနှင့် ပတ်သက်၍ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးဘဲ အစည်းအဝေးအပြီး ညနေပိုင်းတွင် ပြုလုပ်မည့် လက်ရှိ အာဆီယံ ဥက္ကဋ္ဌ အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီး မာတီနာတာလီဂါဝါ၏ သတင်းစာ ရှင်းလင်းပွဲတွင် ကြေညာမည်ဟု မျှော်လင့်ရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ The Voice Weekly အနေနှင့် သီးခြားအတည်ပြုချက် မရရှိသေးပေ။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ထိုသို့အတည်ပြုလိုက်ပြီးနောက် အာဆီယံ ခေါင်းဆောင်များက ထိုကိစ္စကို ထပ်မံ အတည်ပြုရန် လိုအပ်မည်ဖြစ်သည်။

"နိုင်ငံခြားရေးဝန်ကြီးတွေ အတည်ပြုထားတာကို ပုံမှန်အားဖြင့် ခေါင်းဆောင်တွေ ကန့်ကွက်လေ့မရှိပါဘူး"ဟု အာဆီယံ အထွေထွေ အတွင်းရေးချုပ်ရုံးတွင် နှစ်နှစ်ခန့် တာဝန် ထမ်းဆောင်ခဲ့ဖူးသော ထိုင်းသတင်းစာ ဆရာ တစ်ဦးက ပြောဆိုသည်။

မြန်မာ ၂၀၁၄ အာဆီယံ ဥက္ကဋ္ဌ နေရာအတွက် ယခုနှစ်ဆန်းပိုင်းတွင် အဆိုပြုခဲ့ပြီး ယခုနှစ်အတွင်း ကျင်းပခဲ့သော အစည်းအဝေး များတွင် ယင်းကိစ္စသည် အလေးထား ဆွေးနွေးသည့် အကြောင်းအရာ တစ်ခု ဖြစ်ခဲ့သည်။

လက်ရှိ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါ သည် အောက်တိုဘာ လကုန်ပိုင်းက မြန်မာ နိုင်ငံသို့ လာရောက်ခဲ့ပြီး မြန်မာ၏ ဥက္ကဋ္ဌ နေရာတွက် အဆင်သင့်ရှိမှုနှင့် ပတ်သက်၍ အကဲဖြတ်ခဲ့သည်။

မြန်မာနိုင်ငံတွင် 'နောက်ပြန်မလှည့်နိုင်သော' ပြုပြင်ပြောင်းလဲလုပ်ဆောင်နေပြီး မြန်မာနိုင်ငံ၏ ဖြစ်ပေါ် တိုးတက်မှုများနှင့် ပက်သက်၍ အခြား အသင်းဝင်နိုင်ငံများမှ ခေါင်းဆောင်များကို တင်ပြ သွားမည်ဖြစ်ကြောင်း ၄င်း၏ ခရီးစဉ်အပြီး ရန်ကုန်မြို့တော်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ၄င်းက မှတ်ချက်ပြု ပြောဆိုခဲ့သည်။မြန်မာက အာဆီယံ ဥက္ကဋ္ဌနေရာတွင် ကြိုးပမ်းနေခြင်းနှင့် ပတ်သက်၍ နားလည်ကြောင်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်နေပြီဖြစ်သော်လည်း လူ့အခွင့်အရေး၊ တိုင်းရင်းသားအရေး၊ နိုင်ငံရေး၊ စီးပွားရေး ဆိုင်ရာ ပြောင်းလဲမှုများ ပိုမိုပြုလုပ်ရန် တွန်းအားပေးကြောင်း အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်က ယနေ့နံနက်ပိုင်း အာဆီယံနိုင်ငံအချို့မှ သတင်းထောက်များကို ပြောဆိုခဲ့သည်။

မြန်မာသည် သိသာသော လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးဆိုင်ရာများ တည်ဆောက်နိုင်ခြင်းမရှိသေးသဖြင့် ဥက္ကဋ္ဌနေရာ မပေးသင့် သေးကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အာဆီယံ ပါလီမန် အမတ်များအဖွဲ့ က တိုက်တွန်းထားသည်။

မြန်မာသည် အာဆီယံကို ၁၉၉၇ ခုနှစ်တွင် ၀င်ရောက်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် ဥက္ကဋ္ဌအဖြစ် အလှည့်ကျ သော်လည်း ပြည်တွင်းရေး အခြေအနေနှင့် နိုင်ငံတကာ ဖိအားကြောင့် အလှည့်ကျော်ခဲ့ရသည်။

မြန်မာ အာဆီယံဥက္ကဋ္ဌဖြစ်လာပါက အာဆီယံထိပ်သီးအစည်းအဝေးများအပြင် ဆွေးနွေးဖက် အမေရိကန် ပြည်ထောင်စု၊ ရုရှား၊ တရုတ်၊ တောင်ကိုးရီးယား၊ ဂျပန် စသည်တို့ပါဝင်သည့် ဒေသတွင်း ဆိုင်ရာ ထိပ်သီး အစည်းအဝေးများလည်း လက်ခံ ကျင်းပရမည်ဖြစ်သည်။

Ref: The Voice Weekly

0 comments:

အပေါ်သို့