Monday, January 9, 2012

တည်ငြိမ်မှု မရှိသော တည်ဆဲ ဥပဒေများနှင့် စီးနေသော သံယောဇဉ်များ

နှင်းပန်းအိမ်
ဇန်နဝါရီလ ၀၈ ရက် ၂၀၁၂ ခုနှစ်

ဇန်နဝါရီ မနက်ခင်းဟာ မြူနှင်းတွေကြားမှာ ချောင်းကြည့်နေတယ်။ ရေဒီယိုက သတင်း ကြေညာသံတွေက ကျမကို စိတ်ခံစားမှုတွေ အများကြီးပေးပြီး မြန်မာပြည်တွင်းကို ခေါ်ဆောင် သွားတယ်။

နှစ်သစ်မှာ ဘဝသစ်တွေစဖို့ အကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေကို ကြိုဆိုဖို့ သူတို့ရဲ့မိသားစုနဲ့ သူတို့ကို ချစ်ခင်သူ တချို့ ဟာ အကျဉ်းထောင်တွေရှေ့မှာ စုရုံးရောက်ရှိနေကြတယ်။ ၂၀၁၀ မှာ မြန်မာပြည်ရဲ့အပြောင်းအလဲဟာ ရုတ်တရက် အမြန်ရထား တ စင်းရဲ့ အရှိန်မျိုးနဲ့ ပြောင်းလဲသွားတယ်လို့ ဆိုကြပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို ဇန်နဝါရီနဲ့ ဖေဖော်ဝါရီမှာ နှစ်သုတ် ခွဲလွှတ် မယ်လို့ အစိုးရ တာဝန်ရှိသူ မီးရထားဝန်ကြီး ဦးအောင်မင်းက သတင်းမီဒီယာတွေမှာ အတိအလင်း ပြောဆိုခဲ့တာကိုး။

အကျဉ်းထောင် အသီးသီးရှေ့က လူတွေအားလုံး စိတ်အားထက်သန်မှုနဲ့ ထောင်ဗူးဝရှေ့ကို အာရုံစူးစိုက်ထားကြတယ်။ သူတို့ အားလုံး ဟာ သမ္မတ ဦးသိန်းစိန်အစိုးရသစ် ဆိုတဲ့ ခေတ်စနစ်ထဲကို အတင်းတွန်းပို့ခြင်း ခံထားရသူတွေပါ။ ဗူးတံခါးကနေ ထွက်ပေါ်လာမယ့် သူတွေကို မျှော်လင့်နေကြတဲ့ အကျဉ်းကျ မိသားစုတွေရဲ့ ခံစားမှုမျိုးစုံပါတဲ့ ဓာတ်ပုံတွေကို ရုပ်သံသတင်းတွေမှာ၊ အင်တာနက် သတင်း တွေမှာ ကြားဖြတ်သတင်းအနေနဲ့ ဖော်ပြခဲ့ကြပါတယ်။

ဒီဓာတ်ပုံတွေထဲမှာ သံဆူးကြိုးနဲ့ သစ်သားဘောင်ကို ကျော်ပြီး အကျဉ်းထောင်ဗူးဝကို ကြည့် နေတဲ့ အမေအိုတယောက်ရဲ့ ဓာတ်ပုံ ကိုကြည့်ပြီး ကျမရင်ထဲ ထိထိခိုက်ခိုက် ဖြစ်ခဲ့ရပါတယ်။

အမေအိုရဲ့ မျက်လုံးမှာ မျှော်လင့်ချက်အပြည့်နဲ့ပါ။ ဆံစတွေက နေလောင်ပြီး ဦးခေါင်းမှာ ဆီနဲ့ကင်းကွာနေတာ နှစ်ပေါင်းကြာနေပုံရတယ်။ ပါးရေတွေတွန့်ပြီး ဇရာရဲ့အရေးအကြောင်းတွေ ပြည့်နေတဲ့ အမေအိုဟာ ခေတ်စနစ်သာ ကောင်းခဲ့ရင် တရားဓမ္မအားထုတ်ပြီး ကျောင်းသင်္ခန်းထဲ နေရမယ့်အရွယ်ပါ။ ခုတော့ အကျဉ်းထောင်ရှေ့မှာ ရောက်ရှိနေပြီး သူ့ခင်ပွန်း၊ သူ့သား၊ သူ့မြေး တယောက်ယောက်ကို မျှော်လင့်နေပုံရတယ်။

အမေအိုရဲ့ မျက်လုံးထောင့်စွန်းမှာ မျက်ရည်စတွေ သီသီဝေ့နေတယ်။ အမေအိုရဲ့မျက်နှာ အမူအယာဟာ ခေတ်စနစ်ရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေသိရှိလိုက်ရလို့ အတော်ပင်ပန်းနွမ်းနယ်နေပုံ ရပါတယ်။ ဒါပေမယ့် သူ ပြန်မသွားဘူး။ နေညိုချိန်၊ ထောင်ဗူးဝပိတ်ချိန်ထိ ဒီနေရာ ကနေ ရပ် စောင့်နေမယ်လို့ ကျမခံစားမိတာနဲ့အတူ အမေအို ဆန္ဒပြည့်ဝပါစေလို့ ဆုတောင်းမိပါသေးတယ်။ အမေအိုရဲ့ မျှော်လင့်ချက် ဟာ အမေအိုနဲ့ ထပ်တူရှိပါစေ။ အဲဒီမျှော်လင့်ချက်က အမေအိုအတွက် အဓိကကျစေတဲ့ ခွန်အားဖြစ်နေလို့ပါပဲ။

လွန်ခဲ့တဲ့ အနှစ်လေးဆယ်လောက်မှာ အဲဒီအမေအိုလိုမျိုး ကျမအဘွား ဒေါ်သန်းရွှေ ဟင်္သာတ အကျဉ်းထောင်ရှေ့သွားပြီး သူ့သားကြီး (ကျမဦးကြီး)အတွက် ထောင်ဝင်စာ တွေ့ခဲ့ဖူးတယ်။ သူ့သားကြီး လွတ်လာမယ် ထင်လို့ ထောင်ဗူးဝရှေ့မှာ သွားစောင့်ခဲ့ဖူးတယ်။

ကျမအဘွားက ဟင်္သာတအကျဉ်းထောင်မှာ နိုင်ငံရေးမှုနဲ့ အကျဉ်းကျခံနေရတဲ့ သားကြီး အတွက် ထောင်ဝင်စာပို့နိုင်ဖို့ အင်္ဂပူခရိုင်၊ ထူးကြီးကျေးရွာလေးကနေ မီးရထားစီးပြီး သွားရပါတယ်။ သူ့သားကြီး ကြိုက်တတ်တဲ့ ထန်းလျက်နဲ့ ပေါက်ပေါက်ဆုပ်၊ သနပ်ဖက် ဆေးပေါ့လိပ်၊ ငါးသလဲထိုး ကြော်၊ ကြက်သားကြော်လေးတွေကို ကြိုတင်စုဆောင်းပြီး ထောင်ဝင်စာတွေ့ရတာပါ။ ဒီအတွက် ကျမ အဘွားက မုန့်ပျားသလက် လုပ်ရောင်းရတာပါ။

သူ့သားငယ် ကျမဖေဖေက အဲဒီအချိန်မှာ ကိုကိုးကျွန်း အကျဉ်းစခန်းမှာ အကျဉ်းကျ ခံနေရချိန်ပါ။ ဖေဖေ့ကို လူပျောက်ရှာခဲ့ရတာ ဘွားဘွားနဲ့မေမေ ၃ နှစ်ကြာခဲ့ပါတယ်။ ကိုကိုးကျွန်း ကနေ ဖေဖေ ခြောက်လ တကြိမ်ပို့တဲ့ ဗလာစာမျက်နှာတရွက် အပြည့်ရေးထားတဲ့ စာလုံး သေးသေးလေးတွေကနေ “အမ ခင်ဗျား ကျန်းမာအောင်နေပါ၊ ကျနော် အမကို လက်အုပ်ချီ ကန်တော့ပါတယ်” ဆိုတဲ့စာကြောင်း လေးကို ခဲတံကို တံတွေးဆွတ်ပြီးဘွားဘွားက ထင်ရှားအောင် လုပ်ထားပါတယ်။ ဖေဖေ့ကို ဘွားဘွားက သတိရတိုင်း သူ့ချွေးခံအင်္ကျံ အိတ်ထဲက စာလေးကို အမြဲ ထုတ်ကြည့်တတ်ပါတယ်။

သားကြီးကိုသာ ထောင်ဝင်စာမှာ လူကိုယ်တိုင်တွေ့နိုင်ပြီး သားငယ်ကို လူကိုယ်တိုင်တွေ့ခွင့် မရတဲ့အခါ ဘွားဘွားက ဖေဖေ့ကိုယ်စား ကျမကို မြေးတွေထဲမှာ ပိုပြီးဂရုဏာသက်ခဲ့ပုံရပါတယ်။ သားကြီးနဲ့ သားငယ်ကို တလှည့်စီ ပူပန်နေရတဲ့ ကျမအဘွားဟာ အမြဲတမ်း ငေးငိုင်နေခဲ့ပါတယ်။ သူ့ရဲ့ဆင်းရဲမှုကို သူရင်ဆိုင်နိုင်ခဲ့တာ သူ့သားတွေ ထောင်က ပြန်လွတ်လာမယ့်နေ့ဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ။

တနေ့မှာ ကျမအဘွားက ခံတောင်းထဲ သားကြီးအကြိုက် စားစရာတွေထည့်၊ ရထားစီးပြီး ဟင်္သာတထောင်ကို သွားပါတယ်။ ထောင်ဗူးဝ မှာ စာရင်းပေးပြီး အကျဉ်းဦးစီးဝန်ထမ်းတွေ နာမည်ခေါ်ချိန်ကို စောင့်နေရပါတယ်။ ညနေသာ စောင်းသွားရော အဘွားနာမည်ခေါ်တာ မကြားခဲ့ရဘူးတဲ့။ ဝန်ထမ်းတွေကတော့ “ခေါ်တယ်.. အမေကြီး မကြားတာ” လို့ လွယ်လင့်တကူပဲ ဖြေကြပါတယ်။ ဒါပေမယ့် ထောင်ဝင် စာကတော့ ပိတ်သွားပါပြီ။

ဒီတော့ အဘွားက အကျဉ်းဦးစီးဝန်ထမ်းတွေကို တောင်းပန်ပါတယ်။ “လူလေးတို့ရယ် အမေကြီးကို တွေ့ခွင့်ပေးပါ” တဲ့။ ဝန်ထမ်းတွေ ဆီမှာ နူးညံ့တဲ့၊ လူသားဆန်တဲ့ အသဲနှလုံး ရှိပုံမရဘူး။ အဘွား ထောင်ဝင်စာ မတွေ့ခဲ့ရပါဘူး။ အဘွားရဲ့မိခင်စိတ်ကိုတော့ အကျဉ်းဦးစီး ဝန်ထမ်းတွေ တားဆီးလို့မရခဲ့ပါဘူး။

ကျေးတောသူ ကျမအဘွား သားအတွက် ထောင်ဝင်စာထည့်လာတဲ့ ခံတောင်းကိုရွက် ဟင်္သာတ အကျဉ်းထောင်အုတ်ရိုးကိုပတ်ပြီး သူ့သားကြီးကြားလိမ့်နိုးနဲ့ “သူငယ်ရေ သူငယ့်ဆီ အမ လာခဲ့တယ်။ သူငယ်သိအောင် အမပြောတာ” လို့ အော်ခဲ့ပါတယ်တဲ့။ အဘွားရဲ့နှလုံးသားကို ချေမွခံပြီးမှ ထွက်လာတဲ့ဒီအသံဟာ ခုချိန်ထိ ကျမတို့ဆီ ပဲ့တင်ပြန်နေတုန်းပါ။

ခေတ်ရိုင်းစနစ်ရိုင်းက အဘွားကို ကြင်နာနူးညံ့မှု၊ သိမ်မွေ့မှုတွေ မပေးခဲ့ပါဘူး။ မိသားစု အသိုက်အမြုံ၊ မိခင်ရင်ခွင်ထဲက သားနှစ် ယောက်ကို ဆွဲထုတ်ပြီး ခွဲခွာခြင်းနဲ့ စောင့်မျှော်ရခြင်းဆိုတဲ့ ခါးသီးမှုကိုပဲ ပေးခဲ့ပါတယ်။

အကျဉ်းထောင်ထဲမှာ နှစ်ပေါင်းများစွာနေခဲ့ပြီးမှ လွတ်မြောက်လာတဲ့ သားငယ်ကိုလည်း အဘွား တွေ့မသွားခဲ့ရပါဘူး။ မုဆိုးမ ကျမအဘွား လည်ချောင်းကင်ဆာရောဂါနဲ့ လူ့လောကကြီးကနေ ထွက်ခွာသွားခဲ့ရပါတယ်။

ကျမဖေဖေကတော့ သူ့မိခင် အသက်ရှင်နေသေးတယ်အထင်နဲ့ “အမ ခင်ဗျာ” လို့ အစချီပြီး ၆ လတကြိမ် ကိုကိုးကျွန်းကနေ စာပို့ခဲ့ပါတယ်။

ဖေဖေ အကျဉ်းထောင်က လွတ်မြောက်လာတဲ့အခါ ဘွားဘွားနောက်ဆုံးထွက်သက်မှာ ဝတ်ခဲ့တဲ့ ပဒုမ္မာ ရှန်သားအင်္ကျီလေးနဲ့ ဖေဖေ့ လက်ရေးနဲ့ ရေးထားတဲ့စာတွေကို သိမ်းထားတဲ့ ချွေးခံ အင်္ကျံလေး၊ သရက်ထည် ပွင့်ရိုက် အညိုလေးကိုပဲ အလွမ်းပြေ တွေ့ရပါ တော့တယ်။

အဘွားလက်ထက်ကနေ သူ့မြေး ကျမခေတ်အထိ ထောင်ဝင်စာတွေ့ခဲ့ရတာဟာ ကံတရားကြောင့်၊ ဝဋ်ကြွေးကြောင့် မဟုတ်ပါဘူး။ တည်ဆဲ လူနေမှုစနစ်ကြောင့်ပါ။

ဘဝတူ အကျဉ်းကျ မိသားစုတွေထဲက အမေအိုတွေကို ကျမကူညီခဲ့ဖူးပါတယ်။ ကလေးမြို့ အကျဉ်းထောင်မှာ အကျဉ်းကျခံခဲ့ရတဲ့ ကိုစောဝင်း မိခင်၊ ဘူးသီးတောင် အကျဉ်းထောင်မှာ အကျဉ်းကျခံ ခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ကိုခွန်မြင့်ထွန်း မိခင်၊ ပူတာအို အကျဉ်းထောင်မှာ အကျဉ်းကျခံရင်း ကျဆုံးသွားတဲ့ ကိုခင်မောင်လွင် မိခင်။ သူတို့တွေရဲ့သားအပေါ်ထား တဲ့ မိခင်မေတ္တာ၊ သံယောဇဉ်တွေက အင်မတန်မှ ကြီးမားလှပါတယ်။

ကိုစောဝင်း မိခင်ကြီး ဒေါ်မြရီဟာ အသက် ၈၀ ကျော်အထိ သားကို ထောင်ဝင်စာတွေ့ခဲ့ ရတာပါ။ မဟာမြိုင်၊ ယာကြီးလမ်း၊ ဂန့်ဂေါလမ်း ဆိုတဲ့ တောတောင်အထပ်ထပ်ကို ကျော်ပြီး သားရှိရာ ကလေးမြို့ အကျဉ်းထောင်အထိ ထောင်ဝင်စာ လစဉ်တွေ့ခဲ့သူ။

တောတောင်ထဲက၊ ကျေးလက်လမ်းအို၊ တောလမ်းအိုကြီးတွေကို ဖြတ်ရတဲ့အခါ ဆယ်ဘီးကား ဘီးရာ နက်နက်ကြီးထဲမှာ ကားမောင်း တော့ ဒေါ်မြရီ မျက်စိစုံမှိတ်လို့ ဘုရားစာ ရွတ်နေရတယ်။ အရိုးအဆစ်တွေ လှုပ်ခါယိမ်းထိုးအောင် ကားလမ်းကြမ်းတာမို့ လမ်းခုလတ်မှာ အမေကြီး တခုခုဖြစ်သွားရင် ဆိုတဲ့အတွေးက ကားသမားနဲ့ ခရီးသည်ရော ကျမတို့ပါ စိုးရိမ်ပူပန်ခဲ့ရတာ။

ဝန်နဲ့မမျှ ရုန်းနေရတဲ့ကားရဲ့ စူးစူးဝါးဝါး မြည်သံဟာ အမေကြီးရဲ့ သားအပေါ်မှာထားတဲ့ စိုးရိမ်ပူပန်မှုစိတ်ကို မကျော်လွှားနိုင်ခဲ့ပါဘူး။ နေရဉ္စရာမြစ်နဲ့ ချင်းတောင်တန်းတွေ ဝန်းရံထားတဲ့ ကလေးမြို့အကျဉ်းထောင် အုတ်ရိုးကို မြင်ရရင်ပဲ လမ်းခရီး ၃ ရက်ကြာ ပင်ပန်းခဲ့တဲ့ အမေအိုရဲ့ ခန္ဓာကိုယ် လန်းဆန်းသွားခဲ့တာ။ ထောင်ဗူးဝကို လျှောက်သွားနေတဲ့ အမေကြီးရဲ့ ခြေလှမ်းတွေကို တောင်ဝှေးက ကူပံ့ပေး ခဲ့သလို သံယောဇဉ်ကြိုးကလည်း ကူပံ့ပေးခဲ့ပါတယ်။

ကလေးမြို့အကျဉ်းထောင်မှာ အကျဉ်းကျခံရင်း ကျဆုံးသွားတဲ့ လသာမြို့နယ် အဖွဲ့ချုပ်လူငယ် ကိုခင်မောင်မြင့်ရဲ့ မိခင်ကြီး ထောင်ဝင် စာလာတွေ့ရင် လူတွဲနဲ့လာရသူပါ။ သားရဲ့ဈာပန တည်းခိုရာ အိမ်ရှေ့ ရတနာပုံအိမ်ကြီးကအဖြတ် ကတ္တရာလမ်းပေါ် လူတွဲမပါဘဲ သား ဇောနဲ့ပြေးထွက်လာပြီး “သားငယ် အမေ့ကိုပါ သားနဲ့တခါထဲ ခေါ်သွားပါသားရယ်” ဆိုတဲ့အသံ ကလေးမြို့ မြို့လူထုကိုတင် ရင်ဆို့စေ တာမဟုတ်ဘဲ ကမ္ဘာမြေကြီးပါ ရင်ဆို့သွားရတယ်။ အဲဒီနေ့ ကိုခင်မောင်မြင့် ဈာပနချရာ သင်္ချိုင်းမြေမှာ မိုးရေတွေနဲ့ ရွှဲရွှဲစိုသွားတယ်။

ကလေးမြို့အကျဉ်းထောင်ထဲမှာ ထောင်ဒဏ် ၅၉ နှစ်နဲ့ ၁၉၉၈ ခုနှစ်ထဲက အခုချိန်ထိ အကျဉ်းကျခံနေရတဲ့ ကျောင်းသားလူငယ် ကိုအေးအောင်ရဲ့ဖခင် ဦးသောင်းစိန်ရဲ့ မှတ်တမ်းစာအုပ်မှာ သားငယ်မှာလိုက်တဲ့ စကားနဲ့ သားအတွက်စားစရာ စာရင်းတွေ ပြည့်နေ သလို သောကတွေလည်း ပြည့်နေပါလိမ့်မယ်။ အသက် ၆၀ ကျော်ကနေ ယနေ့အချိန်ထိ ထောင်ဝင်စာတွေ့နေရတဲ့ ဖခင်အိုရဲ့ မေတ္တာ ဟာ သားငယ်အတွက် စိတ်ခွန်အားပါပဲ။

“ဖေဖေ ဒီတခေါက်လာရင် သားအတွက် လေ့လာစရာ စာအုပ်တွေ ယူခဲ့ပေးပါ။ သားအတွက် လေ့လာစရာတွေ နောက်ကျနေပြီ” ဆိုတဲ့ သားငယ်စကားကို ပြန်ပြောပြပြီး ထောင်ဝင်စာကအပြန် လေးဘီးကားပေါ်မှာ ကိုအေးအောင် ဖခင် ဦးသောင်းစိန် ငိုကြွေးခဲ့ပါတယ်။

ကျမ နှလုံးသားထဲမှာ အဲဒီအသံတွေ ခုချိန်ထိကြားယောင်နေတုန်းပါ။

ယနေ့အချိန်ထိ အကျဉ်းထောင်ရှေ့မှာ နိုင်ငံရေး အကျဉ်းကျ မိသားစုတွေကို တွေ့နေရခြင်းက တည်ဆဲလူနေမှုစနစ်ရဲ့ မရိုးသားမှု၊ ရက်စက်မှုဆိုရင် မှားမယ်မထင်ပါဘူး။

နိုင်ငံရေးအကျဉ်းကျ မိသားစုတွေရဲ့ သံယောဇဉ်ကတော့ မြန်မာပြည်အကျဉ်းထောင်အနှံ့မှာ စီးဆင်းနေဆဲပါပဲ..........။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့